အိန္ဒိယက မြန်မာစစ်တပ်ကို လက်နက်နဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာများ ရောင်းချနေမှုများ ရပ်တန့်နိုင်ဖို့အတွက် ပြင်သစ်နိုင်ငံက ကူညီပေးပါရန် ပြင်သစ်သမ္မတထံ အိတ်ဖွင့်ပေးစာ ပေးပို့
ရန်ကုန်၊ ဇူလိုင် ၁၂
မြန်မာစစ်တပ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ နိုင်ငံအဆင့် အကျင့်ပျက် ခြစားနေမှုတွေကို စဥ်ဆက်မပြတ် လေ့လာ ဖော်ထုတ်နေတဲ့ Justice For Myanmar အဖွဲ့က အိန္ဒိယနိုင်ငံရဲ့ မြန်မာစစ်အုပ်စုအပေါ် စစ်လက်နက် ရောင်းချနေမှုများနဲ့ ပတ်သက်ပြီး ပြင်သစ်သမ္မထံ ယမန်နေ့က အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ပါတယ်။
အိတ်ဖွင့်ပေးစာထဲမှာတော့ အိန္ဒိယက မြန်မာစစ်အုပ်စုကို စစ်လက်နက် ရောင်းချမှုတွေ ရပ်တန့်ဖို့ ပြင်သစ်နိုင်ငံရဲ့ အကူအညီကို တောင်းခံခြင်း ဆိုပြီး ဖော်ပြပါရှိပါတယ်။
ပြင်သစ်နိုင်ငံကို သွားရောက်မယ့် အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ အလည်အပတ် ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံက မြန်မာစစ်အုပ်စုထံ စစ်လက်နက်တွေ၊ စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံး ပစ္စည်းတွေနဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာတွေ ရောင်းချနေမှု တွေကို ရပ်တန့်ပေးဖို့ ပြင်သစ်သမ္မတအနေနဲ့ ဆွေးနွေးပြောကြားပေးဖို့ တောင်းဆိုအပ်ပါတယ်လို့ လို့လည်း ဖော်ပြထားပါတယ်။
ရုရှားနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ပြီးလျှင် အိန္ဒိယနိုင်ငံဟာ မြန်မာ့စစ်တပ်အတွက် တတိယအကြီးဆုံး စစ်လက်နက် ရောင်းချတဲ့ နိုင်ငံ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံကို စစ်လက်နက်ပေးပို့နေမှုတွေဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှု နောက်ပိုင်းမှာလည်း ဆက်လက် ရှိနေခဲ့တာဖြစ်ပြီး၊ အထူးသဖြင့် အိန္ဒိယရဲ့ နိုင်ငံပိုင်ကုမ္ပဏီတွေလည်း ပါဝင်ပတ်သက်နေခြင်းပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း Thales ကုမ္ပဏီရဲ့ ဖက်စပ်လုပ်ငန်း ဖြစ်တဲ့ အိန္ဒိယ နာမည်ကြီး နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း Bharat Electronics Limited (BEL) က မြန်မာစစ်အုပ်စုထံ စစ်ဘက်သုံးပစ္စည်း အများအပြားကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
လွှဲပြောင်းပေးအပ်ခဲ့တဲ့ ပစ္စည်းတွေထဲမှာတော့ ရေတပ်နဲ့ ကြည်းတပ်သုံး စောင့်ကြည့်ထောက်လှမ်းရေး စနစ်တွေ၊ ရေဒါတွေ၊ လက်နက်ကြီးတွေနဲ့ ရေငုပ်သင်္ဘောတွေမှာ အသုံးပြုတဲ့ အဆင့်မြင့်နည်းပညာ ပစ္စည်းတွေ ပါဝင်တယ်လို့ Justice For Myanmar ရဲ့ ကနဦး စုံစမ်းဖော်ထုတ်မှုတွေ အရ သိရပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ အကြမ်းဖက် အဖွဲ့အစည်းတစ်ရပ်သာ ဖြစ်ပြီး၊ မြန်မာစစ်တပ်ဟာ အိန္ဒိယရဲ့ စစ်ရေးထောက်ပံ့ကူညီမှုတွေကို ၄င်းရဲ့ ပြည်သူတွေအပေါ် သတ်ဖြတ်တဲ့ နေရာတွေမှာ ပြန်လည်အသုံးပြုနေတာ ဖြစ်တယ်လို့ Justice for Myanmar က အခိုင်အမာ ပြောဆိုပါတယ်။
ဒါ့ကြောင့် အိန္ဒိယနိုင်ငံက မြန်မာစစ်တပ်ကို စစ်လက်နက်တွေ တင်ပို့ရောင်းချနေတာတွေ အဆုံးသတ်ပေးဖို့အတွက် ပြင်သစ်သမ္မတအနေနဲ့ ပြောဆိုတိုက်တွန်းပေးဖို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြပါရှိလာတာလည်း ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှာ ပြင်သစ်ကာကွယ်ရေးဝန်ကြီး Mr. Sébastien Lecornu ဟာ အိန္ဒိယ-ပြင်သစ် နှစ်ပတ်လည် ကာကွယ်ရေးဆွေးနွေးပွဲ ကျင်းပဖို့နဲ့ အိန္ဒိယ-ပြင်သစ် ဗျူဟာမြောက် ဆက်ဆံရေး ခိုင်မာစေဖို့ အိန္ဒိယနိုင်ငံကို ၎င်းရဲ့ ပထမဆုံး တရားဝင်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပါတယ်။
ပြင်သစ်နိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံနဲ့ ကာကွယ်ရေးပစ္စည်းတွေ ထုတ်လုပ်ရေး အပါအဝင် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပါတယ်။ ဒါ့ကြောင့် အိန္ဒိယအနေနဲ့ မြန်မာစစ်တပ်ကို စစ်လက်နက်နဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာတွေ တင်ပို့မှုမှာ ပြင်သစ်က သွယ်ဝိုက် ပံ့ပိုးကူညီနေတဲ့ သဘောကို ဆောင်နေကြောင်း JFM က ဆိုပါတယ်။
ပြင်သစ်နိုင်ငံကဲ့သို့ပင် အိန္ဒိယနိုင်ငံဟာ လက်ရှိ ဝါဆာနာ သဘောတူစာချုပ် အဖွဲ့ဝင်နိုင်ငံ ဖြစ်ပါတယ်။ စာချုပ်အရ အိန္ဒိယနိုင်ငံဟာ စစ်လက်နက် ပစ္စည်းတွေ၊ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံး ပစ္စည်းတွေနဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာတွေ လွှဲပြောင်းမှုအပေါ် စာချုပ်ပါအတိုင်း ပို့ကုန်ထိန်းချုပ်ရေးကို ကျင့်သုံးဖို့ လိုအပ်နေတယ်လို့ JFM ကဆိုတာပါ။
စစ်ကောင်စီရဲ့ အာဏာသိမ်းမှု နောက်ပိုင်းမှာလည်း အိန္ဒိယကုမ္ပဏီတွေက မြန်မာစစ်တပ်ကို စစ်လက်နက်တွေ ဆက်လက်ပေးပို့နေတာကြောင့် အိန္ဒိယအစိုးရဟာ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှု ဥပဒေတွေကို ဆိုးရွားစွာ လျစ်လျူရှုနေတယ် ဆိုတာကို ပြသရာ ရောက်နေတယ်လို့ JFM က ဝေဖန်ပြောဆိုပါတယ်။
အိန္ဒိယက မြန်မာစစ်တပ်ကို စစ်လက်နက်တွေ ဆက်လက်ရောင်းချနေမှုအပေါ်
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က-
“နိုင်ငံတကာ သတင်းတွေမှာ မြန်မာစစ်အုပ်စုရဲ့ သတင်းဆိုးတွေဟာ ကျယ်ကျယ်ပြန့်ပြန့် နေရာယူထားတာကြောင့်၊ မြန်မာစစ်အုပ်စုက စစ်ရာဇဝတ်မှုတွေ ကျူးလွန်လျက်ရှိကြောင်းကို အိန္ဒိယနိုင်ငံအနေနဲ့ သိရှိပြီး ဖြစ်ရပါမယ်။ ဒါကြောင့် အိန္ဒိယအနေနဲ့ သက်ဆိုင်ရာ ကုမ္ပဏီများမှတဆင့် မြန်မာစစ်အုပ်စုထံ ၎င်းတို့ပေးအပ်လိုက်တဲ့ လက်နက်တွေကို နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်တဲ့နေရာမှာ အသုံးပြုနိုင်ဖွယ် ရှိတယ်ဆိုတာကို ဂရုပြုသင့်ပါတယ်”လို့ မှတ်ချက်ပြု ပြောဆိုပါတယ်။
ဒါ့အပြင် မြန်မာပြည်တွေရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ မျှော်မှန်းချက်များအပေါ် ပြင်သစ်သမ္မတကြီးရဲ့ အားပေးထောက်ခံမှုဟာ လက်ရှိမြန်မာနိုင်ငံရဲ့ အပြောင်းအလဲ ဖြစ်ပေါ်ရေးမှာ များစွာပါဝင် ပတ်သက်နေတာကြောင့် သမ္မတကြီးရဲ့ တုန့်ပြန်မှုကို မျှော်လင့်လျှက် ရှိပါတယ်လို့လည်း Justice For Myanmar ရဲ့ အိတ်ဖွင့်ပေးစာထဲမှာ ဖော်ပြထားပါတယ်