33 C
Yangon

တရားဝင်မှု” ကို မရနိုင်တော့ပေမဲ့၊ အရေးယူမှုတွေကိုတော့ ကျိန်းသေရမယ့် အကြမ်းဖက်စစ်ကောင်စီ

Must read

“တရားဝင်မှု” ကို မရနိုင်တော့ပေမဲ့၊ အရေးယူမှုတွေကိုတော့ ကျိန်းသေရမယ့် အကြမ်းဖက်စစ်ကောင်စီ

By လမ်းသစ်

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ်ရဲ့ ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေဟာ တစ်နေ့တစ်ခြား ပိုမိုဆိုးဝါးလာနေပါတယ်။

တရားမဝင် စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေကို ကြက်ကလေး ငှက်ကလေးတွေသဖွယ် နေ့စဉ် သတ်ဖြတ်နေတာပါ။

သွေးဆာနေတဲ့ ဖက်ဆစ်စစ်တပ်ဟာ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရ မဟုတ်ကြောင်း ပြည်သူတွေရဲ့ နေ့စဉ်ရက်ဆက် အော်သံတွေကို ကမ္ဘာကြီးက ကြားလာတာနဲ့အမျှ စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ ဒဏ်ခံအရေးယူမှု တွေကိုလည်း ခပ်စိပ်စိပ် တွေ့လာရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ၅၃ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးအရာရှိ တွမ်အင်ဒရူးစ်တို့ဟာ မြန်မာ့အရေး အစီအရင်ခံစာ တင်သွင်းခဲ့ကြပါတယ်။

အကြမ်းဖက် စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေဟာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ ဥပဒေတွေကို ဆိုးဆိုးဝါးဝါး ပြောင်ပြောင်တင်းတင်း ချိုးဖောက်တဲ့ အဆင့်ကို ရောက်နေပြီလို့ အစီရင်ခံစာတွေမှာ ပြောဆိုထားပါတယ်။

စစ်ကောင်စီဟာ သူတို့နဲ့ ဆန့်ကျင်သူတွေ၊ သူတို့ကို ဝေဖန်သူတွေအပေါ် အရေးယူတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ ပန်းပန်တဲ့ သာမန်အရပ်သား ပြည်သူတွေကိုတောင် ဥပဒေမဲ့ ဖမ်းဆီးတာမျိုးတွေ ရှိခဲ့သလို ငွေကြေးတတ်နိုင်သူတွေကိုလည်း အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးထိန်းသိမ်း ငွေညှစ်မှုတွေ ပြုလုပ်နေတာပါ။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက အခုချိန်ထိ စစ်ကောင်စီ ဖမ်းဆီးထားတဲ့ လူပေါင်း ၁၉,ဝဝဝ ကျော်ရှိတယ် ဆိုတာကို အတည်ပြု ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးအရာရှိ တွမ်အင်ဒရူးစ်ရဲ့ ကလေးသူငယ်ဆိုင်ရာ တင်ပြချက်ထဲမှာလည်း အကြမ်းဖက် စစ်အုပ်စုကြောင့် ကလေး ၈ဝဝ ကျော် သေဆုံးခဲ့ကြောင်း၊ ကလေး ၃၈၇ ယောက်ကို ထောင်ထဲမှာ ဖမ်းဆီးထားကြောင်း၊ ကလေးပေါင်း ၆၈ဝ,ဝဝဝ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဖော်ပြထားတာကို ဝမ်းနည်းဖွယ်ရာ တွေ့ရပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းရေး၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရေး စတဲ့အချက်တွေ ပါဝင်တဲ့ မြန်မာ့အရေးဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကို ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလတုန်းက ချမှတ်ခဲ့ပါတယ်။

ဒီလို ဆုံးဖြတ်ချက်မျိုးလောက်ဟာ စစ်ကောင်စီအတွက် ထိရောက်လုံလောက်မှု မရှိဘဲ အကြမ်းဖက် စစ်အုပ်စု ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ ခုံရုံးအထိ လွှဲပြောင်းပေးဖို့ လုပ်ဆောင်သင့်ကြောင်း လူ့အခွင့်အရေးကောင်စီမှာ အစီရင်ခံစာတွေ တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ဒီလိုအရေးယူပေးဖို့ ပြောဆိုခံရမှုဟာ မြန်မာစစ်အုပ်စုကို ဒေါသတကြီးဖြစ်စေခဲ့ပါတယ်။ “ဟုတ်လို့ကျော် ပုပ်လို့ပေါ် “ ဖြစ်နေတဲ့ တရားမဝင် စစ်ကောင်စီဟာ ရက်ပိုင်းအတွင်းမှာပဲ ခပ်ကြမ်းကြမ်း အသုံးအနှုန်းတွေနဲ့ ထုတ်ပြန်ချက်ကို တုန့်ပြန်ကြေညာခဲ့တာပါ။

ကုလသမဂ္ဂရဲ့ စာရင်းတွေထဲမှာ မြန်မာနိုင်ငံအတွင်းက လူသားချင်းစာနာမှု အကူအညီလိုအပ်နေသူ အရေအတွက်ဟာ ချဲ့ကားဖော်ပြထားခြင်းဖြစ်ပြီး အလှူရှင်တွေရဲ့ အာရုံစိုက်မှုရရှိဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

အစီရင်ခံစာ တင်သွင်းသူဟာ ၄င်းတို့ ပေးပို့ခဲ့တဲ့ အချက်အလက်တွေကို ချန်လှပ်ထားတဲ့အပြင် NUG နဲ့ PDF အကြမ်းဖက်အဖွဲ့တွေအတွက် ဒေသတွင်းနိုင်ငံတွေမှာ သွားရောက်စည်းရုံးမှုတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

ဥရောပသမဂ္ဂနဲ့ အနောက်နိုင်ငံတွေဟာ အထူးအစီရင်ခံစာ တင်သွင်းသူကို မဆီလျော်တဲ့ လုပ်ပိုင်ခွင့်တွေ ပေးထားတယ်လို့လည်း စစ်ကောင်စီက ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

တကယ့်လက်တွေ့မှာ စစ်ကောင်စီဟာ မကြာသေးမီကာလမှာတင် အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသားတွေ၊ ကျောင်းသားတွေနဲ့ PDF တွေ စုစုပေါင်း အနည်းဆုံး အယောက် ၃ဝ လောက်ကို ထောင်ပြောင်းမယ်ဆိုပြီး အပြင်ကိုခေါ်ထုတ်ကာ၄င်းတို့ထဲက တော်တော်များများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။

ပြည်သူကို အကြောက်တရားနဲ့ ဖိနှိပ်ဖို့ကြိုးစားတဲ့ ဒီလုပ်ရပ်တွေဟာ အကြမ်းဖက် စစ်အုပ်စုရဲ့ လူမဆန်မှုကို ပြသတာဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောပါတယ်။

“သူတို့လက်နက်နဲ့ အကြမ်းဖက်ပြီး လမ်းတွေပေါ်မှာ ပစ်သတ်တယ်။ အာဏာကိုလုတယ်။ အဲဒီအတွက်ကြောင့် ရရာလက်နက်ကိုင်စွဲပြီး ခုခံတဲ့ ပြည်သူတွေကို အကြမ်းဖက် တံဆိပ်ကပ်ပြီးတော့ ကြိုးစင်တင်ခဲ့တယ်။ ကြိုးစင်တင်တဲ့အပေါ်မှာ လူထုရော ကမ္ဘာကြီးရဲ့ တုန့်ပြန်မှုက ဘယ်လိုမှ သည်းမခံ လက်မခံတဲ့အခါ သူတို့ နောက်တစ်နည်းကြိုးစားတယ်”

“အဲဒါ ဘာလဲဆိုတော့ ထောင်အပြောင်းမှာ ထွက်ပြေးမယ်ကြံလို့ ပစ်သတ်တယ်ဆိုတာက တစ်ယောက်တည်း မဟုတ်ဘူး။ ဆက်တိုက်လုပ်တာ။ ဒီလိုနေ့စဉ် လုပ်နေတာက အင်မတန် လူမဆန်တာ ရက်စက် ကြမ်းကြုတ်တာလည်း ပါသလို ကမ္ဘာကြီးက သူ့ကို ပြောရခက် အရေးယူရခက်နေတယ် လို့ သူထင်နေပုံရတယ်”

ဖက်ဆစ်စစ်တပ်ရဲ့ ယုတ်မာမှုတွေကို ကမ္ဘာကြီးက တစ်နေ့တစ်ခြား ပိုသိလာတဲ့အခါ စစ်အုပ်စုဟာ ဘူးခံငြင်းနေရုံကလွဲလို့ မလုပ်တတ် မကိုင်တတ်တော့ဘဲ ပြည်တွင်းမှာရှိတဲ့ လက်နက်မဲ့ ပြည်သူတွေကိုသာ မနိုင်နိုင်ရာမဲပြီး နေ့စဉ်ရက်ဆက် ဖိနှိပ်နေတာ ဖြစ်ပါတယ်။

အမေရိကန်ကလည်း စစ်ကောင်စီကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ အရေးယူနိုင်ရေးအတွက် ပိုမိုတိုက်တွန်း လုပ်ဆောင်သွားဖို့ရှိနေပါတယ်။ ဒီအတွက် ကုလသမဂ္ဂ နိုင်ငံရေးဆိုင်ရာ အမေရိကန် အထူးသံအမတ်ကြီး Robert A. Wood ဟာ NUG အစိုးရရဲ့ ဝန်ကြီးတဦးဖြစ်သူ ဒေါက်တာဇော်ဝေစိုးနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့အပတ်အတွင်းက ကျင်းပခဲ့တဲ့ တီမောလက်စ်စလေ (အရှေ့တီမော) အစိုးရသစ်ရဲ့ ကျိန်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို NUG အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့ပါသေးတယ်။ အဆိုပါ အစိုးရသစ်ရဲ့ အခမ်းအနားမှာ မြန်မာစစ်ကောင်စီကို ဖိတ်ကြားခဲ့ခြင်း မရှိကြောင်းလည်း သိရပါတယ်။

တကယ်တမ်းမှာတော့ မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို အငမ်းမရ လိုချင်နေတဲ့ အကြမ်းဖက် စစ်ကောင်စီဟာ တကယ်တမ်း ကမ္ဘာ့အလယ်မှာ လူရာအသွင်းမခံရဘဲ သူတို့ကို အရေးယူဒဏ်ခတ်နိုင်ဖို့ ဝိုင်းဝန်းကြိုးပမ်းနေမှုတွေနဲ့သာ ရင်ဆိုင်နေရတာပါ။

၂ ရက်တာ ကျင်းပခဲ့တဲ့ အာဆီယံ-ဂျပန် တရားရေးဝန်ကြီးများ အထူးအစည်းအဝေး (AJSMJ) နဲ့ အာဆီယံ-G7 တရားရေးဝန်ကြီးများ အစည်းအဝေးတွေမှာလည်း အစည်းအဝေး တက်ရောက်ဖို့သွားခဲ့တဲ့ မြန်မာစစ်တပ်ကိုယ်စားလှယ်တွေဟာ တရားဝင် တက်ရောက်ခွင့် မရခဲ့ပါဘူး။

ဒီအစည်းအဝေးကနေ တရားမဝင် စစ်ကောင်စီကို ဖယ်ထုတ်ပေးဖို့အတွက် မြန်မာအရပ်ဘက်အဖွဲ့အစည်းပေါင်း ၄ဝဝ ကျော်ရဲ့ လက်မှတ်တွေနဲ့အတူ ဂျပန်နိုင်ငံ တရားရေးဝန်ကြီးထံ လိပ်မူပြီး အိပ်ဖွင့်စာတစ်စောင် ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂမှာ တရားဝင်မှု ဆုံးရှုံးထားတဲ့ စစ်ကောင်စီဟာ အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာလည်း တက်ရောက်ခွင့် မရပေမယ့် အာဆီယံရဲ့ တချို့အစည်းအဝေးတွေမှာတော့ ပါဝင်ခွင့်ရနေဆဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း အာဆီယံရဲ့ အစည်းအဝေးအားလုံးကနေ မြန်မာစစ်အုပ်စုကို ဖယ်ရှားပေးဖို့ တောင်းဆိုမှုတွေ လုပ်ဆောင်နေကြပါပြီ။ နောက်ပိုင်း နိုင်ငံတကာ အစည်းအဝေးတွေမှာ တရားမဝင် စစ်ကောင်စီရဲ့ နေရာထိုင်ခုံ အလွတ်တွေပဲ မြင်တွေ့ရဖို့ များလာပါပြီ။

မြန်မာပြည်သူတွေရဲ့ ရွံရှာမုန်းတီး ဆန့်ကျင်မှုတွေကြောင့် အကြမ်းဖက် စစ်ကောင်စီဟာ ကမ္ဘာကြီးက ပေးအပ်တဲ့ “တရားဝင်မှု” ကို ဘယ်တော့မှ ရရှိမှာ မဟုတ်ဘဲ၊ ဆန့်ကျင်ရှုတ်ချမှုတွေ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ အပြစ်ပေး အရေးယူခံရမှုတွေ ကိုတော့ မလွှဲမသွေ ဆက်လက်ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article