ကွတ်ခိုင်မြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရ
ရန်ကုန်၊ ဇူလိုင် ၁၂
ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားသည်။
ဇူလိုင်လ ၁၁ ရက်နေ့ မွန်းလွဲ ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် ကွတ်ခိုင်မြို့နယ်၊ နားဖိုင်းကျေးရွာကို ကွတ်ခိုင်မြို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့သောကြောင့် အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ခဲ့သည့် အမျိုးသမီးမှာ လွယ်မိန်းဆာကျေးရွာမှ အသက် ၂၁ နှစ်အရွယ် မလွေးအေဆွယ် ဖြစ်ပြီး ကွတ်ခိုင်မြို့ပေါ်သို့ မှတ်ပုံတင်သွားရောက် လုပ်ဆောင်စဥ် မန်ပန်ကျေးရွာအနီး လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အလားတူ ဇူလိုင်လ ၉ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ် နားဖိုင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း၊ ကွတ်ခိုင်မြို့ ၄၅ ကုန်းတပ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ဇူလိုင်လ ၉ ရက်မှ ၁၁ ရက်နေ့ထိ လက်နက်ကြီးများဖြင့် ကျေးရွာ ပတ်ဝန်းကျင်အနီးကိုဆက်တိုက်ရမ်းသမ်း ပစ်ခတ်နေခြင်းဖြစ်ကြောင်း တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားသည်။