ဒိုက်ဦးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ရာလေး(ခ) ဇင်မြင့်ထွန်းကို ထောင်ပြောင်းမည်ဟုဆိုပြီး စစ်တပ်က ပစ်သတ်ခဲ့
■ ဒိုက်ဦးအကျဉ်းထောင်မှ ပြင်ပ သို့ ခေါ်ထုတ်၍ သတ်ဖြတ်ခံရသော နိုင်ငံရေးအကျဉ်းသား ၁၀ ဦးအထိရှိလာ
ရန်ကုန်၊ ဇူလိုင် ၁၂
ပဲခူးတိုင်း၊ ဒိုက်ဦးဗဟိုအကျဉ်းထောင်တွင် ထောင်ဒဏ် ၅ နှစ်ပြစ်ဒဏ်ချမှတ်ခံထားရသော နိုင်ငံရေးအကျဉ်းသား ရာလေး(ဇ) ဇင်မြင့်ထွန်းကို စစ်တပ်က ထောင်ပြောင်းမည်ဟုဆိုကာ ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။
ဇွန်လ ၂၇ ရက်နေ့ ဒိုက်ဦးအကျဉ်းထောင်မှ အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့စဉ် လမ်းတွင် ကားတိမ်းမှောက်ကြောင်း၊ ထိုသို့ ယာဉ်တိမ်းမှောက်စဉ် ထွက်ပြေးရန် ကြိုးပမ်းသဖြင့် ခြောက်လှန့်ပစ်ခတ်ရာမှ သေဆုံးခြင်းဖြစ်သည်ဟု မိသားစုထံသို့ အကြောင်းကြားလာကြောင်း သိရှိရသည်။
ဒိုက်ဦးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၇ ဦးကို ထောင်ပြောင်းရန် ပြင်ပသို့ ခေါ်ထုတ်ခဲ့ပြီး ယင်းတို့ထဲတွင် နိုင်ငံရေးအကျဉ်းသား ကိုပြည့်ဖြိုးဟ်ိန်း၊ ကိုအောင်မျိုးသူ၊ ကိုဂျာကြီး၊ ကိုမင်းဘုန်းမဟာ၊ ကိုပြည့်ဖြိုးအောင်၊ ကိုဇီလောင်း၊ ပဲခူးခရိုင် ဗကသ ဒုဥက္ကဌ ကိုခန့်လင်းနိုင်၊ ကိုဘိုဘိုဝင်း(ထန်းတောကြီး) တို့ကို စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း၊ ယခုနောက်ဆုံး နိုင်ငံရေးအကျဉ်းသား ရာလေး(ခ) ဇင်မြင့်ထွန်းကိုပါ သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
မေလ ၂၅ ရက်နေ့တွင် ဒိုက်ဦးအကျဉ်းထောင်မှ ကိုသန့်ဇင်ဝင်းနှင့် အခြားနိုင်ငံရေးအကျဉ်းသား ၃ ဦးကို ကျိုက်ဇကော အကျဥ်းထောင်မှ ခေါ်ထုတ်သွားပြီး မေလ ၂၆ ရက်နေ့တွင် ကိုသန့်ဇင်ဝင်း သေဆုံးခဲ့ကြောင်း၊ မိသားစုကို အလောင်းပြန်မပေးခဲ့ကြောင်း ၊လက်ရှိတွင် ဒိုက်ဦးအကျဉ်းထောင်တွင် ပြင်ပသို့ ခေါ်ထုတ်သတ်ဖြတ်ခံရသူ နိုင်ငံရေးအကျဉ်းသား ၁၀ ဦး အထိရှိလာကြောင်း သိရှိရသည်။