ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ဘေးရှောင်စခန်းကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦးသေဆုံးပြီး ကျောင်း၊ ဆေးခန်းနှင့် နေအိမ်များ ပျက်စီး
ရန်ကုန်၊ ဇူလိုင် ၁၂
ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ဘေးရှောင်စခန်းကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ကျောင်း၊ ဆေးခန်းနှင့် စစ်ဘေးရှောင်နေအိမ်များ ထိခိုက်ပျက် စီးခဲ့ကြောင်း Karenni National Youth Wrganization-KNYO ထံမှ သိရသည်။
ယနေ့ ဇူလိုင်လ ၁၂ ရက် နံနက်အစောပိုင်း ၁ နာရီခွဲဝန်းကျင်ခန့်တွင် ထိုင်း-ကရင်နီ နယ်စပ်ရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်ရာ ဒေါနိုးကူး စစ်ဘေးရှောင်စခန်းကို အကြမ်းဖက် စစ်တပ်က တိုက်ယဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး အပြင်းအထန်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း၊ ကလေးငယ်များ စာသင်ကြားနေသည့် စာသင်ကျောင်း၊ ဆေးခန်းနှင့် စစ်ဘေးရှောင်ပြည်သူများ ခိုလှုံရာ နေအိမ်များလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ဇူလိုင်လ ၁၁ ရက်နေ့ ညသန်းခေါင်ယံအချိန်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဖားဆောင်းမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲခဲ့ရာ အသက် ၁၁ နှစ် အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ဘုရားကျောင်းအပါအဝင် လူနေအိမ် ၆ လုံး ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။


