ပေါက်မြို့နယ်၊ တပ်ကုန်းရွာနှင့် ရွာသစ်ရွာရှိ ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက်မှု ၂၈ ဦးသေဆုံး
■ ပျူစောထီးများ ဖမ်းဆီးထားသည့် ပြည်သူ ၇ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ပျူစောထီးနေအိမ်များကို မီးရှို့ရှင်းလင်း
ရန်ကုန်၊ ဇူလိုင် ၁၂
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တပ်ကုန်းရွာနှင့် ရွာသစ်ရွာရှိ ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၅ ဦးနှင့် ပျူစောထီး ၂၃ ဦး သေဆုံးခဲ့ကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၅ နာရီမှ နံနက် ၆ နာရီ ၄၅ မိနစ် အထိ ပေါက်မြို့နယ်၊ တပ်ကုန်းနှင့် ရွာသစ် ရွာတို့ရှိ ပျူစောထီးများကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးနှင့် ပျူစောထီး ၂၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထိတွေ့ တိုက်ပွဲအတွင်း စစ်သား၊ ပျူစောထီးနှင့် ရဲများသည် ထိပ်တိုက် တိုက်ခိုက်ခြင်း မရှိဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ရွာသစ်ရွာရှိ ပျူစောထီး နေအိမ်များကို မီးရှို့ရှင်းလင်းခဲ့ကြောင်း၊ နံနက် ၈ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က Mi 35 ရဟတ်ယာဥ်ဖြင့် လာရောက် ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ဘေးလွတ်ရာသို့ တိမ်းရှောင်နိုင်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားချိန်အတွင်းနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် မွန်းလွဲပိုင်း အထိ ပေါက်မြို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သော်လည်း တပ်ကုန်းနှင့် ရွာသစ်ရွာတို့ကိုသာ ကျရောက် ပေါက်ကွဲခဲ့ပြီး ကျွဲ၊ နွားတိရိစ္ဆာန်များသာ ထိမှန်သေဆုံးခဲ့ကြောင်း သိရှိရသည်။
ယင်း တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ၃ ဦး လက်နက်ငယ် ထိမှန်ခဲ့သော်လည်း အသက်အန္တရာယ်စိုးရိမ်ရခြင်းမရှိကြောင်း၊ ထို့ပြင် ပျူစောထီးများ ဖမ်းဆီးထားသည့် ပြည်သူ ၇ ဦးကိုလည်း ပြန်လည် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပေါက်မြို့နယ် YRF တပ်ဖွဲ့၊ ပခုက္ကူခရိုင် PDF ရင်း (၁၁/၁၈)၊ PKU Earthquake အဖွဲ့၊ ပေါက် ပကဖ၊ ပေါက်ကျေးရွာ ကာကွယ်ရေးအဖွဲ့များ၊ မြိုင် ပကဖ ရင်း (၃) ခွဲ(၂၊၄) မှ တပ်စိတ်များ၊ ပခုက္ကူမြို့ပြ ပျောက်ကြားတို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ကာ လက်လုပ် သေနတ် ၇ လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင် ပကဖထံမှ သိရှိရသည်။