ကျောက်တံခါးမြို့တွင် ပြည်သူ ၂၀ နီးပါးကို စစ်တပ်က ဖမ်းဆီးထားပြီး အများစုကို ထောင်ချမည်ဟုဆို
ရန်ကုန်၊ ဇူလိုင် ၁၃
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့မှာ ဇူလိုင်လ ၆ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့ အထိ အကြမ်းဖက် စစ်ကောင်စီတပ်က အရပ်သား ၂၀ဦးကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူတွေထဲက အများစုကို ထောင်ဒဏ်ချမှတ်မယ်လို့ မိသားစုဝင်တွေကို စစ်တပ်ဘက်က ပြောဆိုကြောင်း ကရင်အမျိုးသားအစည်း အရုံး ဗဟို(KNU)က သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၆ရက်နေ့က စလို့ ကျောက်တံခါးမြို့ပေါ်တက်ပြီး စားနပ်ရိက္ခာဝယ်ယူကြတဲ့ ကျောက်ကြီးမြို့နယ် ကျေးရွာတွေက ဒေသခံရွာသားတွေကို အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ခလရ ၂၆၄တပ်က ဖမ်းဆီးခဲ့တာဖြစ်ပြီး ရွာသား ၂၀ဦး အထိ ဖမ်းဆီးခံထားရတယ်လို့ KNUက ဆိုပါတယ်။
ဇူလိုင်လ ၆ရက်နေ့ကနေ ၉ရက်နေ့အထိ အရပ်သား ၁၉ဦး ဖမ်းဆီးခံခဲ့ရပြီး ၁ဦး ပြန်လည်လွတ်မြောက်လာကာ ကျန်၁၈ဦးကို စစ်တပ်က ထောင်ဒါဏ်ချမှတ်မယ်လို့ ပြောဆိုကြောင်း ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေကို ကိုးကားပြီး KNUက ဆိုပါတယ်။
ဇူလိုင်လ ၁၁ရက်နေ့မှာတော့ ရွာကြီးအင်း ကျေးရွာက အသက်၄၂နှစ်အရွယ် ဦးဇော်ဦးကို ဖမ်းဆီးခဲ့လို့ စစ်ကောင်စီတပ်ဖမ်းဆီးထားသူ အရေအတွက်ဟာ ၂၀ဦးအထိရှိလာပြီး ၁ဦးသာ ပြန်လည်လွတ်မြောက်သေးတာလို့ သိရပါတယ်။
ဇူလိုင်လ ၆ရက်နေ့ကနေ ၉ရက်နေ့အထိ ဖမ်းဆီးခံထားရသူ၁၉ဦးကတော့ ကျောက်မှော်ဘုရားကြီးကျေးရွာက ကိုကျော်ထွေး၊ ဦးဇော်ဌေး ၊ မောင်စိုးလင်းဦး ၊ မောင်ဇော်ခိုင် ၊ မောင်ကျော်စွာဝင်း၊ မောင်အေးမင်းစိုး၊ မောင်ဇော်နိုင်ထွေး၊ မောင်ရဲထွေး ၊ စောဘီထွေး၊ စောကပေါ်ထူး ၊ စောရဲမြင်း၊ မောင်အောင်ကိုမင်း၊ စောဘဲနေထူး ၊ ပဒဲကော ကျေးရွာက မောင်ထက်ထက်၊ မောင်စိုးသူဝင်း၊ ဗမာဝက်လာတောကျေးရွာက ကိုသန်းထွန်း(၅၃)နှစ်နဲ့ ဒါးကုလားကျေးရွာက မောင်စိုင်းကို၊ မောင်သန်းစိုးဦး၊ မောင်ကျော်ထက်လင်း တို့ဖြစ်ကြပြီး ပဒဲကောကျေးရွာသား မောင်ထက်ထက် တစ်ဦးကိုသာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးထားသူတွေကို ကျောက်တံခါးရဲစခန်းမှာ ချုပ်နှောင်ထားပြီး မနေ့က ဖမ်းဆီးခဲ့တဲ့ ရွာအင်းကြီးကျေးရွာက ဦးဇော်ဦးကိုတော့ ဘယ်နေရာခေါ်ဆောင်သွားတယ်ဆိုတာ မသိရှိရသေးဘူးလို့ ဆိုပါတယ်။
ဓာတ်ပုံ- ရန်ကုန်တွင် ၂၀၂၁ ခုနှစ်ကာလ လူနေရပ်ကွက်များအတွင်းအထိ ဖမ်းဆီးမှုများလုပ်ဆောင်နေသည့် အကြမ်းဖက်စစ်သားများ။ (ပုံအဟောင်းဖြစ်ပါသည်။)
Photo- EPA