မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်ကို စစ်တပ်က ဖျက်ဆီးလိုက်ကြောင်း FEM က အစီရင်ခံစာ ထုတ်ပြန်
ရန်ကုန်၊ ဇူလိုင် ၁၃
မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်ကို အကြမ်းဖက် စစ်တပ်က ဖျက်ဆီးလိုက်ကြောင်း FEM အဖွဲ့က အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့တွင် လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်း မြန်မာ (Free Expression Myanmar – FEM) အဖွဲ့က မြန်မာ့စစ်တပ်၏ တရားစီရင်ရေး ယန္တရားနှင့်ပတ်သက်သည့် အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
၂၀၀၈ အခြေခံဖွဲ့စည်းပုံကို ပြည်သူ့သဘောမပါဘဲ စစ်အာဏာရှင်များက အတင်းအတည်ပြုကျင့်သုံးကာ ပြည်သူများမှာ ဆယ်စုနှစ် များစွာကြာ ဖိနှိပ်မှုများကို ခံခဲ့ရပြီး ယင်းအခြေခံဖွဲ့စည်းပုံကို ပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများမှ လွတ်လပ်ပြီး အမှီအခိုကင်းသော တရားစီရင်ရေးစနစ်ကို ရရှိအောင် ကြိုးပမ်းခဲ့ကြသော်လည်း လက်ရှိ အကြမ်းဖက် စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာရှင်တရားစီရင်ရေးစနစ်ဖြင့် အစားထိုးလိုက်ကြောင်း သိရသည်။
ရဲဌာနသည် ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင်က တိုင်ကြားလာသော အမှုများထဲမှ ရဲအရေးပိုင်သည့် အမှုများတွင် ကျူးလွန်မှုနှင့်သက်ဆိုင်သည့် အချက်အလက်များကို ပထမ သတင်းပေးတိုင်ချက် အစီရင်ခံစာ FIR ကို ပြင်ဆင်တင်ပြပြီး စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ကြောင်း၊ သို့သော်လည်း လက်ရှိတွင် ရဲဌာန ရဲတပ်ဖွဲ့ဝင်များတို့သည် စုံစမ်းစစ်ဆေးမှုများအား ပထမသတင်းပေးတိုင်ချက်အစီရင်ခံစာ မပြင်မီကတည်းက ပြုလုပ်လာပြီး ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသည့် သတင်းအချက်အလက်များ မရှိခင်ကတည်းကပင် စုံစမ်းစစ်ဆေးမှုများအား ပြုလုပ်လာကြသည်ဟု FEM ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရဲတပ်ဖွဲ့ဝင်များသည် နေအိမ်ပိုင်ဆိုင်မှုများအား ဝင်ရောက်စီးနင်းရှာဖွေစစ်ဆေးခြင်း၊ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခြင်းနှင့် မျက်မြင်သက်သေ ရှာဖွေခြင်းတို့ကို FIR မရှိခင်ကတည်းက ပြုလုပ်နေကြောင်း၊ အကြမ်းဖက် စစ်တပ် အာဏာမသိမ်းခင်က ရဲတပ်ဖွဲ့ဝင်များသည် ထိန်းသိမ်းခြင်းနှင့် ဖမ်းဆီးခြင်းတို့ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ ရာဇသတ်ကြီးနှင့် စီရင်ထုံးများတွင် ပါဝင်သော ထိန်းသိမ်းခြင်း၊ ဖမ်းဆီးခြင်းတို့နှင့် သက်ဆိုင်သည့် စည်းမျဉ်းများကို လိုက်နာခဲ့ကြကြောင်း သိရသည်။
လက်ရှိတွင် ပြစ်မှုဖြင့် စွပ်စွဲခံရသူတစ်ဦးသည် ရဲ သို့မဟုတ် အကြမ်းဖက် စစ်တပ်၏ ထိန်းသိမ်းခြင်းကို ခံရနိုင်ပြီး ဝရမ်းမပါဘဲ ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်းနှင့် ဖမ်းဆီးခြင်းကို ခံရပါကလည်း အကြမ်းဖက် ခြိမ်းခြောက်ခံရခြင်း၊ ဖမ်းဆီးခံသူအများစုသည် စစ်ကြောရေးစခန်းများသို့ ချက်ချင်းပို့ဆောင်ခံရကြောင်း၊ ထိန်းသိမ်းခံရသူများကိုလည်း အကျဉ်းထောင်များတွင်ထားရှိရန် အာမခံ ရရှိခြင်း၊ မိသားစုများနှင့် တွေ့ဆုံခွင့်မရရှိဘဲ ဖမ်းဆီးခံထားရခြင်း၊ အမျိုးသမီးများနှင့် ကလေးငယ်များသည် အာမခံလျှောက်ထားမှုအား တရားရုံးမှ ငြင်းပယ်နေကြောင်း တွေ့ရသည်ဟု ဖော်ပြထားသည်။
တရားရုံးတက်ရန် စောင့်ဆိုင်းနေသူများအား နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ထားပြီး ၎င်းတို့သည် ရာဇဝတ်အကျဉ်းသားများထက် ဆိုးရွားသော အခြေအနေများကိုလည်း ရင်ဆိုင်နေရကြောင်း၊ တရားရုံးများတွင်လည်း မြန်မာစစ်တပ်ကို လိုလားသော ထောက်ခံသော စစ်တပ်အတွက် အထောက်အပံ့ဖြစ်မည့် တရားသူများအား စစ်ကောင်စီက အစားထိုးလိုက်ပြီး မြန်မာစစ်တပ်၏ သဘောထားများနှင့် ဆန့်ကျင်စေသော တရားသူများမှာ ဖယ်ရှားခံရခြင်းနှင့် ဖမ်းဆီးခြင်းကို ခံခဲ့ရနိုင်ကြောင်း သိရသည်။
တရားသူကြီးများသည် ခြေခံဥပဒေ တရားရုံးများလက်စွဲနှင့် ပြည်ထောင်စု တရားစီရင်ရေးဥပဒေတို့ကို လိုက်နာရမည်ဖြစ်သော်လည်း မြန်မာစစ်တပ်မှ အာဏာသိမ်းယူကတည်းက ပြစ်မှုထင်ရှားစီရင်ချက်ချမှုများကို စစ်တပ်မှ လိုလားသော အရာများနှင့် အမိန့်များအတိုင်း ပြင်းထန်သော စီရင်ချက်များကိုသာ ချကြကြောင်း၊ တရားသူကြီးအများစုသည် မြန်မာစစ်တပ်၏ အမိန့်များကို အကောင်အထည်ဖော်နေရသည်ကို ကျေနပ်နေကြခြင်းနှင့် ရာဇဝတ်မှုများကို စစ်ဆေးစီရင်ရာတွင် လိုက်နာရမည့် စည်းမျဉ်း စံနှုန်းများကို အရေးမစိုက်ဘဲ လစ်လျူရှုကြပြီး ဥပမာ မျက်မြင်သက်သေများအား အားလုံးအပြန်အလှန် စစ်ဆေးရန် ပြန်လည်ဆင့်ခေါ်ခွင့်ဟူသော တရားခံရှေ့နေ၏ အခွင့်အရေးကို ငြင်းပယ်ကြကြောင်း သိရသည်။
၂၀၁၂ မှ ၂၀၂၁ ခုနှစ် မြန်မာ့အသွင်ကူးပြောင်းရေးကာလအတွင်းတွင် အလုံးစုံသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ဆောင်ရွက်ရန် လစ်ဟင်းခဲ့မှုကြောင့် မြန်မာစစ်တပ်မှ တရားစီရင်ရေးစနစ်ကို ဖျက်ဆီးရန် ပိုမိုလွယ်ကူစေခဲ့ကြောင်းနှင့် ခေတ်အဆက်ဆက်အစိုးရတို့သည်လည်း ထိရောက်ပြီးပိုမိုခိုင်မာသော တရားစီရင်ရေးစနစ်ကို ပြုပြင်ရန် ပျက်ကွက်ခဲ့ကြောင်း သိရှိရသည်။
အာဏာရှင်များနှင့် ခေတ်အဆက်ဆက်အစိုးရတို့သည် တရားစီရင်ရေးနစ်၏ ရည်ရွယ်ချက်ကို လူ့အသိုင်းအဝိုင်းအား တိုးတက်စေရန်ဆိုသည်ထက် အများပြည်သူများအား ထိန်းချုပ်ရန်သာ ဖြစ်သည်ဟု မြန်မာစစ်တပ်၏ အယူအဆများကို ထပ်ကာထပ်ကာ အကောင်အထည်ဖော်ခဲ့ကြကြောင်း လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်း မြန်မာ (Free Expression Myanmar – FEM) အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။