ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဝန်ကြီးကို တွေ့ခွင့်ပေး၍ စစ်ကောင်စီက နိုင်ငံရေးအမြတ်ထုတ်ရန် လိမ်လည်၊ စစ်တပ်၏ ယုတ်မာကောက်ကျစ်သော နိုင်ငံရေးသပ်လျှို သွေးခွဲမှုများ သတိထားရန် လို
■ တရားမျှတမှု ပြန်မရမချင်း “သွေးကြွေးမှာ ဆွေးနွေးစရာ မရှိ” ဆိုသည့် ရပ် တည်ချက်ဖြင့် ပန်းတိုင်မရောက်မချင်း တော်လှန်နေမည်ဟု GSCB ကြေ ညာ
ရန်ကုန်၊ ဇူလိုင် ၁၃
အကြမ်းဖက်စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို တွေ့ဆုံခွင့်ပေး၍ နိုင်ငံရေးအမြတ်ထုတ်ရန် လိမ်လည်လှည့်ဖြားနေပြီး အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCBအနေဖြင့် “သွေးကြွေးမှာ ဆွေးနွေးစရာ မရှိ” ဆိုသည့် ရပ်တည်ချက်ဖြင့် စစ်အာဏာရှင်ကို တော်လှန်သွားမည်ဖြစ်ကြောင်း တရားဝင် ကြေညာသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံမှု သတင်းသည် မှန်ကန်သည် ဖြစ်စေ၊ မမှန်ကန် သည် ဖြစ်စေ အကြမ်းဖက် စစ်အုပ်စုနှင့် အပေါင်းအပါတစု တို့၏ နိုင်ငံရေးအရ အလွဲသုံးစားပြုမှုနှင့် မြန်မာပြည်သူလူထုနှင့် အာဆီယံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအပေါ် မထီမဲ့မြင်ပြုမှုအဖြစ်သာ မှတ်ယူကြောင်း၊ ယခုနွေဦးတော်လှန်ရေး သည် လူတန်းစားအလွှာအသီးသီး၊ လူမျိုးစုအသီးသီး၊ အင်အားစုအသီးသီးနှင့် စုံလင်ကွဲပြားသည့် လူ့အဖွဲ့အစည်းတခုလုံး ပါဝင်နေသည့် တော်လှန်ရေးဖြစ်ပြီး မည်သည့် လူပုဂ္ဂိုလ်တဦး တယောက်၊ တစုတဖွဲ့နှင့် အင်အားစုတခု၏ ဆုံးဖြတ်ချက်ပေါ်တွင်မျှ မမူတည်ကြောင်း GSCB ၏ ကြေညာချက်တွင် ရေးသားထားသည်။
အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစုသည် တနိုင်ငံလုံးအတိုင် းအတာဖြင့် တိုင်းနှင့်ပြည်နယ်အစုံရှိ သပိတ်ကော်မတီပေါင်း (၄၀) ကျော် အဆင့် ဆင့် ပါဝင်ဖွဲ့စည်းထားပြီး “စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ကျဆုံးရေး”၊ “ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး”၊ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ချွင်းချက်မရှိဖျက်သိမ်းရေး” နှင့် “မတရားဖမ်းဆီးခံ နိုင်ငံရေးခေါင်း ဆောင်များနှင့် တက်ကြွလှုပ်ရှားသူ၊ ကျောင်းသား၊ ပြည်သူများအား ချက်ချင်းလွှတ်ပေးရေး” စသည့် မူဝါဒ (၄) ချက်ကို ကိုင်စွဲ၍ အုပ်ချုပ်သူကို ပြောင်းလဲလိုခြင်း မဟုတ်ဘဲ နိုင်ငံရေးစနစ်ကို ပြောင်းလဲမည့် ရည်ရွယ်ချက်အပြင် တရားမျှတမှု ပြန်မရမချင်း “သွေးကြွေးမှာ ဆွေးနွေးစရာ” မရှိဆိုသည့် ရပ်တည်ချက်ဖြင့် ရည်မှန်းချက် ပန်းတိုင်မရောက်မချင်း တော်လှန်နေမည်ဖြစ်ကြောင်း GSCBက ကတိပြုထားသည်။
အကြမ်းဖက်စစ်အုပ်စုသည် အခြားသံတမန်များကိုကျော်၍ နိုင်ငံရေးအရ၊ သံတမန်ရေးအရ တာဝန်မရှိသည့်ပုဂ္ဂိုလ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးခဲ့သည်ဟု သတင်းများထုတ်၍ လှုပ်ခတ် စေရန် ကြိုး စားခြင်းမှာ ၎င်းတို့၏ နိုင်ငံရေးအရ အမြတ်ထုတ်၍ လိမ်ညာလှည့်ဖြားခြင်း ဖြစ်ကြောင်း၊ ထို့ပြင် ယခုလုပ်ရပ်သည် အိမ်နီးချင်းနိုင်ငံများ၏ မြန်မာ့အရေးတွင် ပါဝင်ဆောင်ရွက်နေမှုမှာ ပြဿနာကို အမှန်တကယ် ပြေလည်စေလိုသည့် စိတ်စေတနာများထက် အကျိုးစီးပွားပေါ်အခြေခံ၍ ဝင်ရောက်စွက်ဖက်မှု များ ပြုလုပ်နေခြင်းအဖြစ် ထင်ရှားပြီး အာဆီယံ၏ တည်ရှိမှု၊ တောင်းဆိုနေမှုများကို မထီမဲ့မြင်ပြုခြင်းဖြစ်ကာ အာဆီယံ၏ မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းမှုများသည် မထိရောက်၊ အလုပ်မဖြစ်နေကြောင်း သက်သေပင် ဖြစ်ကြောင်း GSCBက ထောက်ပြသည်။
ထို့ကြောင့် နိုင်ငံသစ်နှင့် ဖယ်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် ဆင်နွှဲနေသည့် ယခုတော်လှန်ရေးတွင် အပြုသဘောမဆောင်သည့်အပြင် အကျိုးစီးပွားပေါ်အခြေခံသည့် မည်သည့် ကူညီမှုအမည်ခံ ဝင်ရောက်စွက်ဖက်မှုများ၊ ကြားဝင်စေ့စပ်မှုများကိုမျှ်လုံးဝ (လုံးဝ) လက်မခံကြောင်း၊ အကြမ်းဖက်စစ်အုပ်စု၏ မတရားအာဏာလုယူပြီး ပြည်သူလူထုအပေါ် ဆိုးရွားစွာလူ့အခွင့်အရေး ချိုးဖေါက်နေခြင်းသည် ပြဿနာ၏ မူလအရင်းအမြစ် ဖြစ်ကြောင်း၊ ထိုမူလအရင်းမြစ်ကို ကိုင်တွယ်ဖြေရှင်းရန် မကြိုးစားဘဲ မြန်မာ့အရေး အမှန်တကယ်ပြေလည်သွားစေမည် မဟုတ်သည့် ဆွေးနွေးရေးလမ်းကြောင်းပေါ် အတင်းတွန်းတင်မှုမှန်သမျှကို ဆန့်ကျင်သွားမည်ဖြစ်ပြီး နိုင်ငံတကာ အင်အားစုများအနေဖြင့် သတိထား၍ အပြုသဘောဆောင် ကူညီပံ့ပိုးကြရန် GSCB က တိုက်တွန်းထားသည်။
တော်လှန်ရေးရဲဘော် အင်အားစုများအနေဖြင့်လည်း အကြမ်းဖက်စစ်အုပ်စု၏ ယုတ်မာ ကောက်ကျစ်သည့် နိုင်ငံရေးဉာဥ်ကို သိရှိကြုံတွေ့ဖူးသည့် အားလျော် စွာ လျှောက်လှမ်းနေသည့် တော်လှန်ရေးခရီးနှင့် တည်ဆောက်နေသည့် အနာဂတ်ဖယ်ဒရယ်ပြည်ထောင်စု ရည်မှန်းချက်အတွက် မျက်နှာမူရမည့် ပြည်သူများ၊ ဘဝပေး အသက်ပေး တိုက်ပွဲဝင်နေသည့် အနာဂတ်၏ လူငယ်များနှင့် နောင်မျိုးဆက်များအတွက်ကိုသာ ရှေးရှု၍ ခိုင်ကြည်သည့် သန္နိဌာန်ဖြင့် ဆင်နွှဲနေသည့် တော်လှန်ရေးအား မည်သို့သော အကြောင်းနှင့်မျှ အထိခိုက်မခံကြရန်၊ ယခုထက်ပိုမို စည်းလုံးညီညွတ်စွာဖြင့် ဆက်လက်တော်လှန်သွား ကြရန် ကြေညာထားသည်။
တော်လှန်ပြည်သူလူထုများအနေဖြင့်လည်း နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနှင့် သံတမန်ရေး တို့တွင် အဖက်ဖက်မှ ကျဆုံးနေသည့် အကြမ်းဖက်စစ်အုပ်စုသည် ပိုမိုယုတ်မာကောက်ကျစ်သည့် နိုင်ငံရေးသပ်လျှို သွေးခွဲမှုအမျိုးမျိုးကို လုပ်ဆောင်လာဦးမည်ဖြစ်သဖြင့် ၎င်းတို့ကို မျက်ခြေမပြတ်စောင့်ကြည့်၍ သတိကြီးကြီး ထားကြရန် လိုကြောင်းနှင့် ကျွန်ုပ်တို့ မျှော်မှန်းတည်ဆောက်နေသည့် ပိုမိုကောင်းမွန်သည့် အနာဂတ်နိုင်ငံ ဖြစ်ပေါ်ရေးအတွက် ယုံယုံကြည်ကြည်ဖြင့် အဆုံးထိ ပူးပေါင်းပါဝင်၍ အခက်အခဲများကို ကျော်ဖြတ်သွားကြ ရန် GSCBက နှိုးဆော်တိုက်တွန်းထားသည်။