စစ်ကောင်စီကို ဥရောသမဂ္ဂက အသိအမှတ်မပြုသဖြင့် အာဆီယံ-အီးယူ ဆက်ဆံရေး ကြီးကြပ် ညှိနှိုင်းရေးမှူး တာဝန်ကို ၂၀၂၄ တွင် မြန်မာနိုင်ငံက အလှည့်ကျ ရယူမည့်အပေါ် အီးယူက ကန့်ကွက်
ရန်ကုန်၊ ဇူလိုင် ၁၄
မြန်မာနိုင်ငံမှ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို ဥရောပသမဂ္ဂက အသိအမှတ်မပြုထားသဖြင့် အာဆီယံ- အီးယူ ဆက်ဆံရေးဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေးမှူး တာဝန်ကို ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံက အလှည့်ကျ ရယူမည့်အပေါ် ကန့်ကွက်ကြောင်း ဥရောပသမဂ္ဂထိပ်တန်းသံတမန်က ပြောဆိုလိုက်သည်။
ဇွန်လ ၁၃ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် ဥရောပသမဂ္ဂ အစည်းအဝေးတွင် ထိုသို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဥရောပသမဂ္ဂ၏ ထိပ်တန်းသံတမန် Josep Borrell က အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း နိုင်ငံခြားရေး ဝန်ကြီးများနှင့် တွေ့ဆုံရာတွင် စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောကြားခြင်းဖြစ်ပြီး စစ်ကောင်စီကို အီးယူက လုံး၀ အသိအမှတ်မပြုကြောင်း ပြောဆိုသည်။
“ဥရောပသမဂ္ဂနဲ့ ဆက်ဆံရေးအတွက် အာဆီယံညှိနှိုင်းရေးမှူးတာဝန်ယူဖို့ မြန်မာနိုင်ငံရဲ့ အလား အလာနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတစ်ခုကို ကျွန်တော်တို့ ရင်ဆိုင်နေရပါတယ်။ ကျနော်တို့က စစ်အာဏာရှင်ကို အသိအမှတ်မပြုဘူး၊ အာဆီယံအနေနဲ့ ဒီကိစ္စကို ကျော်လွှားဖို့ အဖြေရှာရပါလိမ့်မယ်” ဟု ဥရောပသမဂ္ဂ၏ ထိပ်တန်းသံတမန် Josep Borrell က ပြောဆိုသည်။
ဥရောပသမဂ္ဂ၏ တောင်းဆိုမှုကို အာဆီယံက ချက်ချင်း တုံ့ပြန်ခြင်း မရှိသော်လည်း ဆွေးနွေးပွဲသို့ တက်ရောက်နေသည့် အရှေ့တောင်အာရှ သံတမန်တစ်ဦးက အီးယူ၏ စိုးရိမ်ပူပန်မှုများကို အစုအဖွဲ့နှစ်ခုအကြား အနှောင့်အယှက်မဖြစ်အောင် အာဆီယံအတွင်း ဆွေးနွေးအဖြေရှာနေကြောင်း ပြောဆိုသည်။
ဖိလစ်ပိုင်သည် လက်ရှိတွင် အာဆီယံ-အီးယူ ဆက်ဆံရေး ညှိနှိုင်းရေးမှူး တာဝန်ကို ရယူထားပြီး ၂၀၂၄ ခုနှစ်တွင်မြန်မာနိုင်ငံက အဆိုပါတာဝန်ကို အလှည့်ကျ ဆက်ခံရမည်ဖြစ်သည်။
အီးယူနှင့် အာဆီယံ ဆက်ဆံရေး ညှိနှိုင်းမှူး တာဝန်ကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ ဌတာဝန်ယူမည့် လာအိုနိုင်ငံကို ပေးအပ်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ထည့်သွင်းစဉ်းစားနေကြသည်ဟု သိရှိရသည်။
အီးယူ၊ အမေရိကန်နှင့် အနောက်နိုင်ငံ အစိုးရများက မြန်မာစစ်တပ်အပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားပြီး အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုထားသည်။