မြန်မာစစ်တပ် လက်နက်ချပြီး ဒီမိုကရေစီစနစ်ဆီ ပြန်သွားရေး အာဆီယံနှင့်အမေရိကန်က ဖိအားပေးရမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော
ရန်ကုန်၊ ဇူလိုင် ၁၅
မြန်မာစစ်တပ် လက်နက်ချပြီး ဒီမိုကရေစီဆီ ပြန်သွားရေး အာဆီယံနှင့်အမေရိကန်က ဖိအားပေးရမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးAntony Blinken က ပြောဆိုလိုက်သည်။
ယမန်နေ့ အမေရိကန်နှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံမှာ စစ်တပ်က အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ အာဆီယံရဲ့ အချက်ငါးချက် သဘောတူညီချက်ကို အကောင် အထည်ဖော်ဖို့၊ ဒီမိုကရေစီ အုပ်ချုပ်ရေးပြန်သွားဖို့ စစ်ကောင်စီကို ကျနော်တို့ ဖိအားပေးကို ပေးရမှာဖြစ်ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။
အာဆီယံအစည်းအဝေးတွင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံနိုင်ငံများအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ထိုင်းနိုင်ငံက စစ်ကောင်စီနှင့်ထိတွေ့ဆက်ဆံရန် ကြိုးပမ်းလျက်ရှိကြောင်း၊ မြန်မာ့အရေး “အလွတ်သဘော ဆွေးနွေးပွဲ” ကို ထိုင်းအစိုးရက ပြီးခဲ့သောလတွင် ကျင်းပခဲ့ပြီး စစ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးက ဖိတ်ခေါ်ခဲ့ကြောင်း သိရှိရသည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကမူ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို ရှုတ်ချလိုက်ပြီး အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေး စတင်ရန် တောင်းဆိုထားသည်။