23 C
Yangon

ပုလောမြို့ပေါ်ရှိ စစ်ကောင်စီခန့် အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ် မီးရှို့ခံရ

Must read

ပုလောမြို့ပေါ်ရှိ စစ်ကောင်စီခန့် အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ် မီးရှို့ခံရ

ရန်ကုန်၊ ဇူလိုင် ၁၆

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့ အမှတ်(၂)ရပ်ကွက်ကစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအိမ် မနေ့ညက မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ည ၁၁ နာရီခွဲဝန်းကျင်က မီးရှို့ခံရတာဖြစ်ပြီး အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းကတော့ နေအိမ်မှာမရှိဘူးလို့ ဆိုပါတယ်။ အိမ်က နှစ်ထပ်တိုက်အိမ်အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။

“မိသားစုဝင်တွေကိုတော့ ဘာမှမလုပ်ခဲ့ဘူး။ သိန်းဝင်းကတော့ ညဦးပိုင်းလောက်မှာအိမ်မှာရှိသေးတယ်။” လို့ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူအမျိုးသားတစ်ဦးက ပြောပါတယ်။

ဦးသိန်းဝင်းဟာ ညဘက်တွေမှာ ပုလောတံတားဆိပ်ကမ်းကိုကပ်တဲ့ တစ်နိုင်တစ်ပိုင် လှေငယ်လေးတွေဆီကနေ ပိုက်ဆံသွားတောင်းလေ့ရှိတာကြောင့် အဲဒီကိုရောက်နေတာဖြစ်နိုင်တယ်လို့ အဆိုပါအမျိုးသားကဆက်ပြောပါတယ်။

ပုလောတံတားဆိပ်ကမ်းမှာ ည ၈ နာရီလောက်ဆို ပင်လယ်ဘက်ကလှေတွေဝင်လာပြီး ကမ်းကပ်ကြသလို ည ၁၁ နာရီလောက်မှာ ဆိပ်ကမ်းကနေ ပင်လယ်ကိုထွက်ကြတယ်လို့ဆိုပါတယ်။ တစ်နေ့နဲ့တစ်နေ့ ရေတက်၊ ရေကျချိန်ပေါ်မူတည်ပြီး လှေဝင်လှေထွက်ချိန်ကွဲပြားတယ်လို့ သိရပါတယ်။

မီးရှို့တာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေလုပ်‌ဆောင်တာဖြစ်တယ်လို့ ကနဦးသိရပြီး ဘယ်အဖွဲ့တွေပါဝင်တယ်ဆိုတာကိုအတိအကျမသိရသေးပါဘူး။

ဦးသိန်းဝင်း အိမ်မီးရှို့ခံရပြီးနောက် စစ်ကောင်စီတပ်ရင်းတွေဘက်ကနေ နတ်အိမ်ကမ်းရွာ၊ မှော်ကြောင်းရွာတွေဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုတွေကြောင့် မှော်ကြောင်းရွာကနေအိမ်တစ်ဆောင်ကျည်စထိမှန်ပြီး အနည်းငယ်ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ခြေလျင်တပ်ရင်း ခလရ (၂၈၅)အခြေစိုက်တဲ့ ပုလောမြို့မှာ ရပ်ကွက် ၅ ခုရှိပြီး မြို့အဝင်နဲ့ အဓိကကျတဲ့နေရာတွေဖြစ်တဲ့ ကျောက်စုရွာ၊ ပုလောတံတား၊ အမှတ်၂ ရပ်ကွက်၊ နန်းတောင်ရွာ၊ မကျည်းကုန်းရွာ စတဲ့နေရာတွေမှာ စစ်ကောင်စီစစ်ဆေးရေး ၅ ခုရှိပါတယ်။

ပုလောမြို့နယ်ထဲကို ထားဝယ်မြို့ဘက်ကနေဦးတည်သွားရင် ပလောက်မြို့၊ ပုလောမြို့၊ ပလမြို့ သုံးမြို့ကိုအစဥ်လိုက်ဖြတ်ရတာဖြစ်ပြီး ပုလောမြို့ရဲ့တစ်ဖက်တစ်ချက်မှာ တိုက်ပွဲတွေဖြစ်ရင်လည်း မြို့ရဲ့ အဝင်အထွက်ဂိတ်တွေကို ချက်ချင်းပိတ်ချလေ့ရှိပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားပြီး မြို့ဝင်မြို့ထွက်ဂိတ်တွေမှာလည်း တင်းတင်းကြပ်ကြပ်စစ်ဆေးနေသလို မြို့တွင်းလုံခြုံရေးတင်းတင်းကျပ်ကျပ်ချထားတဲ့ ပုလောမြို့ပေါ်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအိမ် အခုလို မီးရှို့ခံလိုက်ရတာဖြစ်ပါတယ်။

(တနင်္သာရီတိုင်းမ်သည် ရန်ကုန်ခတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article