ထန်းတပင်မြို့နယ်တွင် စစ်တပ် တပ်စွဲခဲ့သော လှည်းလမ်းကူးရွာကို ပြည်သူများ ပြန်လည် ဝင်ရောက်လာစဥ် မြေမြုပ်မိုင်းနင်းမိပြီး ပြည်သူ ၂ ဦး သေဆုံး
ရန်ကုန်၊ ဇူလိုင် ၁၈
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲခဲ့သော လှည်းလမ်းကူးရွာကို ပြည်သူများ ပြန်လည် ဝင်ရောက်လာစဥ် မြေမြုပ်မိုင်းနင်းမိပြီး ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင် ၁၈ ရက်နေ့၌ ထန်းတပင်မြို့နယ်၊ လှည်းလမ်းကူးရွာတွင် နေထိုင်သော ပြည်သူများသည် ကျေးရွာအတွင်း ဝင်ရောက်လာစဥ် မြေမြှုပ်မိုင်း နင်းမိပြီး အသက် ၄၁ နှစ်အရွယ် ဒေါ်ဖြူနုနှင့် ၎င်း၏ သမက်ဖြစ်သူ ၁၈ နှစ်အရွယ် ကိုသူရိန်စိုးတို့ သေဆုံးခဲ့ကြောင်း သိရသည်။
လှည်းလမ်းကူးကျေးရွာတွင် အကြမ်းဖက် စစ်တပ်မှ တပ်စွဲထားသည်မှာ လနှင့်ချီ ကြာမြင့်ပြီးဖြစ်ပြီး ဇူလိုင်လ ၆ ရက်နေ့၌ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာအတွင်းမှ ပြန်လည် ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း၊ စစ်တပ် တပ်စွဲထားသောကြောင့် ဒေသပြည်သူများသည် ရွာသို့ မပြန်နိုင်ဘဲ စစ်ဘေးရှောင်နေကြရသည်မှာ ၃ လနီးပါး ရှိပြီဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
“သေဆုံးသူတွေကတော့ လှည်းလမ်းကူးကျေးရွာအရှေ့ပိုင်းကပါ။ သူတို့က ရွာထဲပြန်ပြီး အိမ်ရဲ့အခြေအနေကို သွားကြည့်တယ်လို့သိရတယ်။ သေဆုံးသွားတာကတော့ သမက်နဲ့ ယောက်ခမပါ၊ မဖြူနုကတော့ မိုင်းထိတဲ့နေရာမှာပဲ သေဆုံးပြီး သမက်ဖြစ်သူကတော့ ချက်ချင်းမသေသေးဘဲ သွေးရူးသွေတန်း ပတ်ပြေးပြီးနောက် သေဆုံးသွားတာပါ။ အခုလောလောဆယ်တော့ ရွာထဲမှာ စစ်ခွေးတွေ မရှိတော့ဘူးလို့ သိရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ရွာထဲ၌ တပ်စွဲထားခြင်း မရှိသော်လည်း မြေမြုပ်မိုင်းအန္တရာယ်အပါအဝင် အခြား အခက်အခဲများကြောင့် ပြည်သူများကို ကာကွယ်ရေး အဖွဲ့များက ရွာထဲသို့ ပြန်မဝင်ခိုင်းသေးကြောင်း၊ အကြမ်းဖက်စစ်သားများသည် ကျေးရွာအတွင်းနေထိုင်စဉ်က ပြည်သူများ နေအိမ်သို့ ဝင်ရောက် မွှေနှောက်ခိုးယူခြင်းများလည်း ရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

