စစ်ကောင်စီရဲ့ ထွင်လုံးမှာ အရူးကွက်နဲ့ ဝင်အသုံးတော်ခံသူ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်
By အီဂေါဗလာဇီဗစ်
တဖြည်းဖြည်းနဲ့ရုပ်လုံးပေါ်လာပြီဆိုတော့ တလောက ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ လျှပ်တစ်ပျက် နေပြည်တော်ကို လာရောက်ခဲ့တဲ့ အုတ်အုတ်ကျက်ကျက်သတင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဘဲနဲ့ တွေ့တယ် ဆိုခဲ့တဲ့ အစည်းအဝေးနဲ့ ပတ်သက်လို့ ပြန်ပြီး အဘက်ဘက်က ခြေရာကောက်သုံးသပ်နိုင်ပါပြီ။ ကျွန်တော်ဆက်မပြောခင်မှာ လိုတာလေးတစ်ခုဖြည့်ပြောထားပါရစေ။ အရေးကြီးလို့ပါ။
“ အဲဒီ တွေ့တယ် ဆိုတဲ့ ကိစ္စကို တွေ့တယ်လို့ကို မသုံးဖို့ပါပဲ။ တွေ့တယ်လို့ ကျွန်တော်တို့က သုံးလိုက်တာနဲ့ သူတို့အကွက်ထဲ ဝင်သွားပြီး သူတို့ ဖြစ်စေချင်တဲ့ သတင်းစကားကို ဖြန့်ပေးသလို ဖြစ်သွားမှာပါ။ “မတွေ့တဲ့ ကိစ္စ”လို့ပဲ ခေါ်ကြရအောင်ပါ။ ဘာ့ကြောင့်လဲဆိုတော့ဘာတွေဖြစ်ခဲ့တယ်၊ ဘာတွေ ပြောခဲ့တယ် ဆိုတာကို ကျွန်တော်တို့မှာရှင်းရှင်းလင်းလင်းသိနိုင်တဲ့ အထောက်အထားဘာမှ မရှိပါဘူး။ သူတို့ အများပြည်သူကို ချပြသလို မီဒီယာတွေမှာ တင်ပြနေသလို ဟုတ်မဟုတ် ဘယ်သူမှ မပြောနိုင်ပါဘူး။
ဘာအကြံအစည်လဲ၊ သူတို့ပြောနေသလို အဟုတ်ရော ဖြစ်ပျက်ခဲ့သလားဆိုတာ မသိရပါဘူး။ မသေချာတဲ့ကိစ္စတွေ အများကြီးထဲမှာ သေချာနေတာက သူတို့ရဲ့ အမြတ်ထုတ်ချင်တဲ့ အကွက်တွေပါ။ ဒီလို ထွင်လုံးဟာ တကယ်ဖြစ်ခဲ့တာနဲ့ တက်တက်စင်အောင်လည်းလွဲနိုင်တာမို့ သူတို့ပြောစေချင်တာကို လိုက်မပြောဘဲ ရှောင်တာ ပိုကောင်းပါတယ်။
အဲဒီ မတွေ့ခဲ့ကြတဲ့ ကိစ္စမှာ ကျွန်တော်တို့ အနှစ်ချုပ်သုံးသပ်နိုင်တာက ဒွန်အနေနဲ့ စကစရဲ့ အလိုတော်ရိအဖြစ် အသုံးတော်ခံသွားခဲ့ပြီး စကစ ဒါရိုက်တာလုပ်တဲ့ ဇာတ်လမ်းထဲ မှာ သူတို့ကစေချင်တဲ့ ဇာတ်ကွက်အတိုင်း ဝင်ကပေးသွားတယ် ဆိုတာပါပဲ။ တခြားလူသတ်သမားတွေလိုပဲ သူတို့လည်း မထူးပါဘူး။ အရည်အချင်းက ဗလာနတ္ထိ၊ ဘာတန်ဖိုးမှ မရှိကြပေမယ့် သူတို့မှာ ရာဇဝတ်မှုမြောက်လောက်အောင် လူတွေကို လှည့်စားတတ်တဲ့ ဉာဉ်တွေတော့ ရှိကြတယ်။
စစ်တပ်ဘက်က ကြည့်ရင်တော့ ဒွန်မြန်မာပြည်ကိုလာတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ “ မတွေ့ဆုံခြင်း” ကိစ္စဖြစ်သွားတာက ခေါင်းကြီးသတင်းတစ်ပုဒ်ပေါ့။ သူတို့အတွက် အလုပ်ဖြစ်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့။
(၁) အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး မတိုင်ခင်မှာ လူလိမ် မြန်မာစစ်ခေါင်းဆောင်တွေဟာ ဇာတ်လမ်းထွင်ပြီး နိုင်ငံတကာ မီဒီယာတွေရဲ့ အာရုံကို ရအောင်ယူလိုက်တာပါ။ ဒွန်နဲ့ ဒေါ်အောင်ဆန်းစုကြည့် မတွေ့ကြတဲ့ကိစ္စကို စင်ပေါ် ပို့လိုက်ခြင်းအားဖြင့် သူတို့ကို အာဆီယံ အစည်းအဝေးမှာ တက်ခွင့်မပေးထားတာ၊ အဆင့်မြင့်အစည်းအဝေးတွေကနေ ပ ထုတ်ထားတာ၊ လက်ရှိ ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို နိုင်ငံတကာက ပစ်တင်ရှုတ်ချနေတာ၊ အာဆီယံရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်တွေကို ဘာမှ လိုက်နာအကောင်အထည်ဖော်ခြင်းမရှိဘဲနဲ့ ပြောင်နေတာ၊ အစရှိတာတွေကနေ အာရုံလွှဲလို့ရအောင် လုပ်လိုက်ပါတယ်။
(၂) အာဆီယံ အဖွဲ့အချင်းချင်းကြားထဲမှာ ဟုတ်လိမ့်နိုးနိုးတွေ ဖြစ်အောင်၊ မြန်မာနဲ့ပတ်သက်လို့ စိတ်ဝမ်းကွဲအောင် လုပ်ခဲ့ကြခြင်းအားဖြင့် မြန်မာနဲ့ ပတ်သက်လို့ အာဆီယံက ဘယ်လိုမူနဲ့ ဆက်သွားသင့်တယ် ဆိုတာကို ဝေဝါးသွားစေတယ်။ မတွေ့ကြတဲ့ကိစ္စဟာ တကယ်တော့ ဘာမှ အာဆီယံက မလုပ်နေတာကိုပြတာပါ။
စကစ ဘက်ကနေကြည့်ရင်တော့ ဒါဟာ စိတ်ကျေနပ်စရာ အခြေအနေပါ။ စစ်တပ်ဟာ အာဆီယံကို ဘာမှ ဝင်မလုပ်လေ ပိုကြိုက်လေပါ။ သူတို့အတွက် ပြည်သူတွေအပေါ်မှာ ရက်စက်တဲ့ စစ်ကိုဆင်နွှဲဖို့ အချိန်ပိုပြီး ယူလို့ရမယ်။ သံခင်းတမန်ခင်းကိစ္စမှာ စစ်တပ်နဲ့ ပလဲပနံသင့်တဲ့ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ထိုင်းအစရှိသူတွေရဲ့ အသံတွေနဲ့ချည်းဖုံးထားလိုက်ခြင်းအားဖြင့် တခြားလူတွေ ဝင်လာလို့မရအောင် လုပ်နိုင်သွားပါတယ်။
စစ်တပ်က ခုချိန်မှာ လိုအပ်နေတာဟာ အာဆီယံက ဘာမှ မလုပ်ကြဖို့ပါ။ အာဆီယံက ဘာမှ ဝင်မလုပ်ဘဲ ထိုင်စောင့်နေလေပိုကြိုက်လေပါပဲ။ အချင်းချင်းကွဲမြဲ ကွဲနေကြဖို့ စိတ်မပြတ်မသား တွေဝေမြဲ တွေဝေနေကြဖို့၊ ဘယ်ဆုံးဖြတ်ချက်ကိုမှ ပြတ်ပြတ်မချနိုင်အောင်လုပ်ဖို့ စကစအတွက် အရေးကြီးနေပါတယ်။
(၃) စကစဟာ ဂျပန်မှာနေတဲ့ ဆီးရီးယားနိုင်ငံသား ဂျာနယ်လစ်အတု Khaldon Azhari ဆိုတဲ့ လူလိမ် မီဒီယာမှာကြေးစားသတင်းဖြန့်ပေးတဲ့လူကို ငှားပြီး ဒီသတင်းကိုဖြန့်ပြီးလှည့်စားခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒွန်တို့ တွေ့ဖြစ်ကြပြီး ဘာတွေဆွေးနွေးခဲ့တယ်ဆိုတဲ့ လူတွေကိုစိတ်ပြောင်းသွားစေနိုင်တဲ့ အချက်အလက်တွေနဲ့ ဇာတ်တိုက်ခဲ့ကြတယ်။
ပထမဆုံး ဒီသတင်းဟာ Khaldon Azhari ရဲ့ “Pan Orient News” ဆိုတဲ့သတင်းစာမှာ မထင်မရှားပါလာခဲ့တာဖြစ်တယ်။ သူက ဒီသတင်းကို လူတွေ ဖတ်ကြတဲ့ ယုံကြည်လောက်တဲ့ ကျိုဒိုလို သတင်းတွေမှာ ပါအောင်လုပ်ခဲ့ပြီး လူမှုကွန်ရက်မီဒီယာတွေမှာပါ သတင်းဆက်ပြန့်သွားအောင် ဖန်တီးခဲ့တယ်။ ဒွန်ကိုယ်တိုင်က ဒီသတင်းကို အတည်မပြုခဲ့ဘူး။ သတင်းစာပညာနဲ့ သတင်းတုလုပ်တဲ့ လုပ်ဇာတ်တစ်ခုမျှသာဖြစ်ပြီး Khaldon Azhari က ငွေယူပြီးဖြန့်တဲ့ သတင်းမျှသာဖြစ်တယ်။
(၄) မျက်စိလှည့်ဖို့လုပ်နေတဲ့ စကစကတော့ အခုချိန်မှာ သူတို့ရဲ့ ဝါဒဖြန့်ချိရေးယန္တရားကြီးတစ်ခုလုံးကိုသုံးပြီး ဒါကို ဆက်ဖြန့်နေသလို မကွေးနယ်တွေမှာဆိုရင် ကာလရောင်စုံနဲ့ ပုံနှိပ်ထားတဲ့ ဒီသတင်းကို လူတွေဆီ ဆက်ဖြန့်နေတာတွေ့ရတယ်။ Khaldon Azhari ရဲ့ ထွင်လုံးအတိုင်း NUG နဲ့ PDF ကို ဒေါ်အောင်ဆန်းစုကြည်က ဆန့်ကျင်တယ် ဆိုတဲ့ သတင်းကိုနယ်တွေမှာ ဖြန့်နေတယ်။
အနှစ်ချုပ်ရရင်တော့ ဒွန်ဟာ စစ်အုပ်ချုပ်သူတွေရဲ့ လှည့်ကွက်ထဲက ရူးကြောင်ကြောင် ဇာတ်ကောင်တစ်ယောက်နေရာက ဝင်သရုပ်ဆောင်သွားတာပဲဖြစ်တယ်။ ဇာတ်ကွက်အသစ်နဲ့ လှည့်စားပေမယ့် စကစအတွက် ဘာမှတော့ အဖတ်မတင်ပါဘူး။ ဒီအကွက်ကနေ စကစအတွက် အသုံးဝင်တဲ့ အာရုံလွှဲနိုင်တာ နည်းနည်းပါးပါးဖြစ်သွားရုံကလွဲလို့ အရာထင်မှာ မဟုတ်ပါဘူး။ ဒီလိုနောက်ထပ်အကွက်တွေလည်း လာနိုင်ပါသေးတယ်။
နွေဦးတော်လှန်ရေးကနေ ရတဲ့ သင်ခန်းစာတစ်ခုပါပဲ။ သူတို့ရာဇဝတ်မှုပဲဖြစ်ဖြစ်၊ လှည့်ကွက်တွေပဲဖြစ်ဖြစ်၊ အဂတိလိုက်စားတာတွေကိုပဲဖြစ်ဖြစ် စစ်တပ်ရဲ့ လုပ်ရပ် တစ်ခုခုကို တုံ့ပြန်တော့မယ် ဆိုရင် သူတို့လုပ်တဲ့ အကွက်ကို နင်းပြီး နောက်မှ စာတွေ လိုက်ထုတ်တာက တော်လှန်ရေးကို ထိခိုက်သွားနိုင်တာတွေကို တားဆီးဖို့လုပ်တာတော့ မှန်ပါတယ်။ ဒါပေမယ့် သိပ်တော့ မထိရောက်လှဘူး။
သူတို့အကွက်နဲ့ လူတွေကို လှည့်စားတာခံလိုက်ရတာထက် တော်လှန်ရေးဘက်ကသာ သူတို့ကို အံ့သြသွားတဲ့ အကွက်တွေ ပြဖို့ ပိုဖန်တီးကြရပါမယ်။ တော်လှန်ရေးဘက်က ဆက်သွယ်ပြောဆိုမှုတွေဟာ မဟာဗျူဟာကျကျ ချက်ကျလက်ကျ အချက်အလက်တွေ ဖြန့်ချီနေရမှာက အခြေခံ လုပ်နေကြရမယ့်အရာတွေဖြစ်ပါတယ်။ သူတို့ဖြန့်သလောက်မှာ ကျွန်တော်တို့ ဝင်ရောက်စီးမျောနေရတာထက်စာရင် တော်လှန်ရေးဘက်က ထွက်လာသလောက် သတင်းစကားတွေကိုပဲ သူတို့ဘက်က လိုက်တုံ့ပြန်နေရတဲ့ အခြေအနေကို ဖန်တီးကြဖို့ပါ။