28 C
Yangon

စီးပွားရေးပညာရှင် ဦးစိန်ဌေးနှင့်တွေ့ဆုံခြင်း အပိုင်း ၁

Must read

“ငွေစက္ကူအဟောင်းတွေ လဲမယ်ဆို တစ်သောင်းတန် ထပ်ထုတ်ရတာပဲ။ ဘာလို့ နှစ်သောင်းတန်ထုတ်တာလဲ။ အာဏာကို လုယူထားတာမို့ တရားဝင် အစိုးရ မဟုတ်လို့ ငွေထုတ်ခွင့်မရှိဘူး။ ပွင့်လင်းမြင်သာမှု မရှိတော့ အမှတ်တရ အကန့်အသတ်နဲ့ထုတ်တယ်ဆိုတာ လိမ်စဉ်ပဲ”

စီးပွားရေးပညာရှင် ဦးစိန်ဌေးနှင့်တွေ့ဆုံခြင်း အပိုင်း ၁

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီက ငွေကြေးဖောင်းပွမှုနှုန်း ဂဏန်းနှစ်လုံးရှိနေသည့် Hyper Inflation ရှိနေချိန် ကျပ်ငွေ နှစ်သောင်းတန် ငွေစက္ကူသစ်များ ထုတ်ဝေမည်ဖြစ်ကြောင်း ကြေညာလိုက်ရာ ယင်းအခြေအနေကြောင့် ဖြစ်ပေါ်လာနိုင်သော စီးပွားရေး ပျက်စီးမှုများနှင့်ပတ်သက်ပြီး အမေရိကန်အခြေစိုက် မြန်မာ့စီးပွားရေးပညာရှင် ဦးစိန်ဌေးကို ရန်ကုန်ခေတ်သစ်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ ၂၀၀၀၀ တန်ထုတ်တယ် ဆိုပြီးတော့ စစ်ကောင်စီက ကြေညာတယ်။ သူတို့ကတော့ တရားဝင် အစိုးရ မ ဟုတ်ဘူး၊ ပြည်သူ့အစိုးရဆီက အာဏာလုထားတဲ့ အကြမ်းဖက် လက်နက်ကိုင် လူဆိုးဂိုဏ်းပေါ့။ သို့သော်လည်း သူတို့ရဲ့ ငွေထုတ်ဝေခွင့် မရှိသော် လည်း သူတို့ရဲ့ ရှိတဲ့ အာဏာကို အသုံးပြုပြီးတော့ ငွေထုတ်လိုက်ပြီ ။ ဒီ နှစ်သောင်းတန် ထုတ်တဲ့ နောက်ဆက်တွဲ ဂယက်က ဘယ်လောက် အထိ ကြီးမလဲ ဘာတွေမြင်ရလဲ ။

ဖြေ။ ။ ခုန ဆရာ မေးတဲ့ မေးခွန်းလေးကို သဘောကျလို့ အရင်ဖြေပါရစေ။ သူတို့ ငွေစက္ကူရိုက်ထုတ်တဲ့အခါမှာ သူတို့က Legal မရှိတဲ့ အစိုးရ အဲဒါကို လက်ခံတယ်။ သူတို့က ဘာလဲဆို သူတို့က တရားဝင်ထုတ်ပိုင်ခွင့်မရှိဘူး။ အဲဒါလေးအရင်ပြောချင်တယ် ။

ဘာလို့ မရှိသလဲဆို သူတို့က ပြည်သူ အပ်ထားတာမှ မဟုတ်တာကိုး။ လက်နက်ကိုင်ပြီး အာဏာကို လုယူထားတာမို့ တရားဝင် မဟုတ်တဲ့ အစိုးရ၊ တရားဝင်အစိုးရမဟုတ်လို့ ငွေထုတ်ခွင့်မရှိဘူး ရှင်းတယ်။ ထုတ်မယ်ဆိုရင်တောင် ထုတ်ဝေခွင့်မရှိတာ ဥပဒေအရလည်း မရှိဘူး ခင်ဗျာ။ ငွေစက္ကူရိုက်ထုတ်မယ်ဆိုရင် သူ့မှာ Criteria ရှိတယ် စံနှုန်းတွေ ရှိတယ်။

အဲဒါကို ကျွန်တော် ပြောချင်တယ်။ ထုတ်ဝေခွင့်မရှိတဲ့အပြင် ပုံစံမကျတဲ့ ထုတ်တာတွေ ရှိတယ်။ ဥပမာ ငွေစက္ကူထုတ်မယ်ဆိုရင် တိုင်းပြည်ရဲ့ စီးပွားရေးမှာ ချိန် ဆရတဲ့ စံနှုန်းတွေ ရှိတယ်ဗျ။ ဥပမာလေး တစ်ချက်ပဲ ပြောမယ်။ တိုင်းပြည်အတွင်းမှာ လှည့်လည်တဲ့ ငွေကြေးပမာဏခေါ်ပါတယ်။

Money Supply ဆိုတာ ငွေသားတို့ ခုနပြောတဲ့ Deficit ထားတဲ့ ပိုက်ဆံတွေ ရှိမယ်။ ဘဏ်မှာ ထားတာတွေ ရှိမယ် စသည်ဖြင့်ပေါ့။ အဲဒါ အားလုံးပေါင်းရှိတဲ့ ငွေကို အရင်ကြည့်ရတယ်။ အဲဒါ Money Supply ခေါ်တယ် ငွေကြေးပမာ ဏ၊ ငွေသား အဲဒါကို ချိန်ပြီးမှ အဲဒါသည် တိုင်းပြည်ရဲ့ GDP နဲ့ အချိုးချရတယ်။

ကျွန်တော်တို့ တိုင်းပြည်ရဲ့ GDP က ၁၀၀ ရှိရင် ငွေသားဟာ ဘယ်အချိုးထားသင့်တယ်ဆိုတဲ့ စီးပွားရေးပညာ ရှု ထောင့် အဲဒီ စံနှုန်းတွေနဲ့ ကိုက်သလောက်ပဲ ငွေထုတ်သင့်တယ်။ အဲဒါကြောင့် ၂ ချက်လွဲတယ်။ အခု သူတို့ထုတ်တာသည် ၂ ချက်လုံးနဲ့ သူတို့နဲ့ မဆိုင်ဘူး။ တစ်ချက်က မဆိုင်ဘူး ဥပဒေအရ။

နောက်တစ်ချက်က အဲဒီစံနှုန်းမရှိဘဲနဲ့ လုပ်ချင်သလို လုပ်တယ်ဆိုတာ ကျွန်တော် အရင်ပြောပြချင်တာပါ။ မေးခွန်းနဲ့ လွဲသွားရင် တောင်းပန်ပါတယ်။ ဒုတိယအချက်က ဆရာ ခုနပြောတာ ဘာလဲ ဆရာ ။ ခုနမေးခွန်းက

မေး။ ။ ဒီနှစ်သောင်းတန် အကျိုးဆက် နောက်ဆက်တွဲ ဘာတွေ ဖြစ်မလဲ ။

ဖြေ။ ။ နောက်ဆက်တွဲကလည်း ၂ ပိုင်းပြောပါရစေ။ လတ်တလော အကြောင်းအရင်းပေါ့နော်။ ဒါကို ဖြေချင်လို့ ကျွန်တော် ခုန တစ်ချက်ကို ပြောတာ ဖြေတာ။ တိုင်းပြည်တွင်းမှာ ရှိနေတဲ့ GDP ပဲ ခေါ်ခေါ် တိုင်းပြည်မှာ ရှိနေတဲ့ ဓန အင်အားကို ချိန်ပြီးမှ ငွေကြေးပမာဏ ဘယ်လောက်ရှိရမယ် သတ်မှတ်တာ။

အဲဒီအချက်ကို မကြည့်ဘဲနဲ့ အရမ်း ကာရော ထုတ်ရင် အဲဒီ အကျိုးဆက်က လတ်တလော အကြောင်းအရင်းက မြင်သာတဲ့အချက်ပြောရင် အဲဒီ ငွေကြေးပမာဏ Money Supply က Cash ခေါ်တယ်။ ငွေသားရှိမယ် ချက်လက်မှတ်တွေ ရှိမယ်။

စာလိုတော့ M1 ၊ M2 လို့ ခေါ်တာပေါ့ ဆရာရယ်။ အဲဒီက ငွေသားတွေ များလာရင် လူတွေလက်ထဲမှာ ငွေသားတွေ များလာရင် အဲဒီ များတဲ့အတွက်ကြောင့် ဝယ်လိုအားများတယ်။ လူတွေက ပိုက်ဆံရှိသလောက် များများဝယ်တယ်။ များများဝယ်တာ ကောင်းတယ်။ သို့သော် များများဝယ်ဖို့အတွက် ကုန်စည်မပို့နိုင်ရင် မပေးနိုင်ရင် Supply ခေါ်တာပေါ့။ မလိုက်နိုင်ရင် ဘာဖြစ်လာမလဲ ကုန်ဈေးနှုန်းတက်မယ်။

အဲဒါ ပြဿနာ ။ လတ်တလော အကျိုးဆက်က အဲဒါ တစ်ချက်။ နောက်တစ်ချက်က ဒုတိယက နဂိုကတည်း မြန်မာပြည်က သူတို့ အာဏာသိမ်းတဲ့ ဂယက်ကြောင့် ငွေတွေက တန်ဖိုးကျပြီးတော့ ကုန်ဈေးနှုန်းတွေက တက်တက်နေတဲ့အခါမှာ လူတွေက ကြောက်တာပေါ့။ ကြောက်တာက Speculation Effect လို့ခေါ်တာပေါ့။

ငွေကို ကစားတယ်ပဲ ဆိုကြပါစို့ဗျာ။ အဲဒီတော့ လူတွေက ကြောက်တော့ လှိမ့်ဝယ်မယ်။ လှိမ့်ဝယ်တော့ ကုန်ဈေးနှုန်းက တက်မယ်။ ထပ်တိုး ၂ ခုတက်မယ်။ အကျိုးဆက် ၂ ခု လာမယ် ပြောချင်တယ်။ အဲဒီတော့ လတ်တလောက မဖြစ်မနေ ကုန်စည်တွေ မြန်မာပြည်က သိတဲ့အတိုင်းဗျာ၊ အခြေခံစားသုံးကုန်စည်တွေ ။

ဆန် ဆီ ဆား ငရုတ် ကြက်သွန် ကုန်စည်ဈေးက ဝုန်းခနဲ တက်မယ်။ ရုတ်တရက် Stock မရှိရင် ပြဿနာလေ။ ကောင်းပြီ Stock ရှိရင်တောင်မှ Stock ကို လာဖို့အတွက်က အခက်အခဲ အကြန့်အကြာရှိမယ်။ ရုတ်တရက်ကျရင်။ ကုန်ဈေးနှုန်းက ကုန်ဈေးနှုန်းဆိုတာ ခြုံပြောတာ။ အရင်ဆုံးတက်မှာ စားသုံးကုန်စည်ဈေးနှုန်း တက်မယ်။ နောက်တစ်ခါ ရေရှည်မှာ လာဦးမယ်။

စားသုံးကုန်စည်ဈေးနှုန်း တက်တော့ နောက်ထပ်ဟာတွေက လိုက်လိုက် လိုက်လိုက် လာဦးမယ်။ လတ်တလောမှာ စားသုံးကုန်စည်နဲ့ တစ်ပြိုင်တည်း သွားမှာ မြန်မာနိုင်ငံမှာ သိတဲ့အတိုင်း ကုန်ဈေးနှုန်းကို တိုင်းတာတာက ငွေလဲ လှယ်နှုန်း။ အားလုံးသိတဲ့ ဒေါ်လာပေါ့ဗျာ။

နိုင်ငံခြားငွေလဲလှယ်နှုန်းက ဝုန်းခနဲ တက်မှာ။ အဲဒါ ခုန impact က ။ ငွေလဲလှယ်နှုန်းက တက်သွား၇◌င် ပြောချင်တာက ဒေါ်လာဈေးနှုန်းတက်မယ်ပေါ့ဗျာ။ ဗမာငွေ တန်ဖိုးကျမယ်။ ကျပ်ငွေတန်ဖိုးကျသွားရင် သူနဲ့ ဆက်နွှယ်တဲ့အားလုံး ရွှေဈေးတက်မယ်။ ရွှေဈေးတက်ရင် လာဦးမယ် လောင်စာဆီ၊ မြန်မာနိုင်ငံမှာ တကယ့်ကို စံနှုန်းပဲ။

အဲဒီ ၃ ခု ဝုန်းခနဲ တက်တာနဲ့ ခုန အကုန်တက်လာရင် လတ်တလော အကျိုးကျေးဇူး အကုန်တက်ပြီ။ ဒါ လတ်တ လော ။ ရေရှည်ကျ ဘာဖြစ်မလဲ လောင်စာဆီဈေးတက်ပြီ ဆရာရယ်။ လောင်စာဆီဈေးတက်ရင် သွားလာရေးစရိတ် တက်ပြီပေါ့။ ထုတ်လုပ်မှုစရိတ်တက်ပြီပေါ့။ တက်တော့ ကုန်ကျစရိတ် Cost of Production ခေါ်တယ်။ အဲဒါ တိုင်းပြည်ရဲ့ စီးပွားရေးကို ဂယက်ရိုက်ပြီးမှ စီးပွားရေးကို ရိုက်ခတ်စေတယ်။ အဲဒီ အကျိုးဆက်တွေ လာပါလိမ့်မယ်။ ချုပ်ပြောရင် ဒါကြောင့်မို့လို့ ရေတိုမှာ ဖြစ်မယ့် အကျိုးကျေးဇူးရှိမယ်။ ရေရှည်မှာဖြစ်မယ့် အကျိုးဆက်တွေ ဖြစ်လာပါလိမ့်မယ်။

မေး။ ။ နောက်မေးခွန်းတစ်ခုကတော့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဒါက အမှတ်တရ အနေနဲ့ ထုတ်တာပေါ့နော်။ သူတို့ကတော့ ဆင်မည်းတော်လား ၊ ဆင်ဖြူတော်လား တစ်နှစ်ပြည့်မွေးနေ့နဲ့ ဘုရားကြီးပြီးတဲ့ အထိမ်းအမှတ်အနေနဲ့ ထုတ်တာ။ လူတိုင်းကို ငွေကြေးဈေးကွက်ထဲကို လိုက်ဖြန့်ချလိုက်တာ မဟုတ်ဘူး။

နောက်တစ်ခါကျတော့ Inflation မဖြစ်နိုင်ဘူးပေါ့။ ဒါ အမှတ်တရ အနေနဲ့ပဲ တစ်ယောက်ကို နည်းနည်းပဲ ၃ ရွက်လောက်ပဲ လဲပေးမယ်ဆိုတဲ့ဟာ ။ ဆင်ခြေပေါ့လေ။ ဆင်ခြေ သူတို့ဘက်ကတော့ ပေးတာပေါ့ ။ အဲဒီတော့ တခြားဘက်မှာလည်းပဲ ကျွန်တော်တို့ ဒီ အမှတ်တရအနေနဲ့ ထုတ်ခဲ့တဲ့ အရင်အစိုးရလက်ထက်မှာလည်း ရှိပါတယ်။ ဗိုလ်ချုပ်ပိုက်ဆံလိုဟာမျိုး အကန့်အသတ်နဲ့ ထုတ်ခဲ့တာပေါ့။

အဲဒီဟာကတော့ ရှိရင်းစွဲငွေစက္ကူကို အကန့်အသတ်နဲ့ ပြန်ထုတ်တာပေါ့။ အဲဒါမျိုးတွေ ရှိတယ်။ အခုကတော့ ဒီ ငွေစက္ကူ ဆိုတဲ့ဟာမျိုးက မထုတ်ဖူးသေးတဲ့ တန်ဖိုးကြီး ငွေစက္ကူ တစ်ခုကို အမှတ်တရအနေနဲ့ ထုတ်ပါတယ်ဆိုတဲ့ဟာက အကြောင်းပြတာက လုံလောက်တဲ့ အကြောင်းအရင်းလား၊ ဒါမှမဟုတ် Inflation ကို ကာကွယ်တဲ့ ကျွန်တော်တို့က အများကြီး ထုတ်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒါ နည်းနည်းလေးပဲ ထုတ်တာမျိုး ဆိုတဲ့ဟာက လုံလောက်တဲ့ Reason ဖြစ်ရဲ့လား ။ သူတို့ပြောနေတယ်ပေါ့နော်။

ဖြေ။ ။ သိပ်ကောင်းတဲ့ မေးခွန်း ကျွန်တော်လည်း အဲဒါ ဖြေချင်တာ။ အချက်လေး နည်းနည်းပြည့်စုံအောင်တော့ ဖြေခွင့်ပြုပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်လည်း ဖတ်လိုက်ရပါတယ်။ ၁ အချက်က ဒီ နှစ်သောင်းတန် ငွေစက္ကူထုတ်တာဟာ လက်ရှိ ငွေစက္ကူဟောင်းလို့ အစားထိုးမှာ အဲဒါတစ်ချက်ပါ။ နောက်တစ်ချက်က ဆရာ ပြောတဲ့ ဆင်ဖြူ ဆင်မည်း အဲဒီမှာ အမှတ်တရဆို သူများ နိုင်ငံအမှတ်တရဆို တစ်ကျပ်တန် …. ထုတ်လို့ရတာပဲ အမှတ်တရ ။

ဗိုလ်ချုပ်လို ဟာမျိုးပေါ့။ ကောင်းပြီ အဲဒါ ထုတ်မယ်ဆိုရင်တောင် ခင်ဗျာတို့ ဘယ်လောက်ထုတ်မယ်ဆိုတာ ပြည်သူကို ပြလေဗျာ။ ပြောလေဗျာ။ အဲဒီ ငွေစက္ကူပေါင်း ဘယ်နှရွက်ထုတ်တယ်။ နှစ်သောင်းတန် မြှောက်လိုက် Value ဘယ်လောက်ဆို ပြလိုက်။ ဒါကြောင့် ကျွန်တော် ပြောတာ Money Supply ပြန်ကြည့်ရမယ်။ လက်ရှိ Existing Money Supply မင်းတို့ ဘယ်လောက်ထုတ်မှာလဲ ၊ ဒါဆို ကျွန်တော်တို့က သူတို့ ပြောတာ ဖြစ်နိုင်တယ်ဆိုတာမျိုး ပြောမယ်။ ဒါတစ်ချက်ပြောတာနော်။

အဲဒီတော့ ဒီ ငွေစက္ကူအဟောင်းတွေ လဲမယ်ဆို တစ်သောင်းတန် ထပ်ထုတ်ရတာပဲ။ ဘာလို့ နှစ်သောင်းတန်ထုတ်တာလဲ။ Nonsense လေ Reason မဟုတ်ဘူး။ ကျွန်တော် စဉ်းစားတာ။ ဒါဟာ လိမ်စဉ်။ ဘာကြောင့်လဲ ကျွန်တော် ထောက်ပြပါမယ်။ တိုင်းပြည်မှာ သူတို့ အာဏာရူးသွားတဲ့အခါမှာ ဘတ်ဂျက်ပြဿနာရှိတယ်။ တစ်ခွန်းထဲပြောရင် budget deficit ဖြစ်နေပြီ။ budget deficit ခေါ်တယ်။ budget deficit ဆိုတာ တိုင်းပြည်တွင်းမှာ လှည့်လည်နေတဲ့ ငွေကြေးက နှစ်ကုန်သွားတဲ့အခါမှာ ဘတ်ဂျက်ကို လျာထားတယ်။ သုံးမယ့် ပိုက်ဆံအတွက် ရဖို့လိုတယ်။ ရဖို့ဆိုတာ Revenue ။ ခေါ်တယ်။ Revenue ဆိုတာ အခွန်အကောက်က ရငွေရှိတယ်။

ကျန်တဲ့ ပြည်သူတွေဆီက ပစ္စည်းတွေ ရောင်းတာ စသည်ဖြင့်ပေါ့။ အဲဒီ Revenue က သူတို့မှာ မရှိတော့ဘူး။ပြည်သူကလည်း အခွန်မဆောင်ဘူး အားလုံး သိတဲ့အတိုင်း။ ဆောင်စရာရှိ နည်းနည်းပဲ ဆောင်တယ်။ ရပေါက်ရလမ်းက ပိတ်တယ်။ အခု PDF တွေက ကြီးစိုးတဲ့အခါမှာ အချို့နေရာတွေ အခွန်ကောက်လို့ မရဘူး။ အဲဒီတော့ သူတို့ Revenue ပြုတ်ကျသွားပြီ။ တစ်ဖက်က ပြုတ်ကျသွားလို့ အဲဒီ အသုံးစရိတ်ကို လျှော့တာ မဟုတ်ဘူး။ မလျှော့တော့ တိုးတယ်။

ဘယ်လိုတိုးလဲဆို အရင်တုန်းက ကျွန်တော် ကိန်းဂဏန်းနဲ့ပြော ရှည်မှာ စိုးလို့ တိုင်းပြည်ရဲ့ အသုံးစရိတ်ထဲမှာ စစ်တပ် အသုံးစရိတ်က ၁၃ ရာခိုင်နှုန်း လောက်ရှိတာ ။ အခု ကျွန်တော်ထင်တယ် ၂၀ ရာခိုင်နှုန်းလောက်ရှိမယ်။ အဲဒီဟာ တက်သွားတာ မဟုတ်ဘူးလား။ အဲဒီမှာလည်း ဆရာတို့ ကိန်းဂဏန်းတွေ ရှိတာပဲ။ ဒီနှစ် ဘတ်ဂျက်လျာထားချက်မှာ စစ်အသုံးစရိတ်တွေက များတယ်။

သာမန်ကြည့်ရင်လည်းပဲ သူတို့မှာ နည်းတဲ့ဟာတွေ မဟုတ်ဘူး။ တိုက်ခိုက်ပြီးတော့ ခုခံကာကွယ်နေရတာ။ အဲဒီ အသုံးစရိတ်တွေ အတွက် ဘယ်က ပိုက်ဆံ ဝင်မလဲ။ ပုံမှန်ဆိုရင်တောင် မလောက်တာကို သူတို့က အဲဒီ အသုံးစရိတ်ရှိတယ်။ အဲဒါ တစ်ချက်။ နောက်တစ်ခု ကျွန်တော်တို့ သိလိုက်တယ်။ အခု ဒီနှစ် ဘတ်ဂျက် သူတို့ရဲ့ စီးပွားရေးကော်မ တီလား အဲဒီက ထွက်တာက အသုံးစရိတ်သည် ဘတ်ဂျက်လိုငွေရဲ့ Budget Deficit သည် GDP ရဲ့ ၅ ဒသမ ၈ လား မသိဘူးရှိတယ်။ ပုံမှန်က တိုင်းပြည်တွေမှာ ကမ္ဘာ့ဘဏ်ရဲ့ သတ်မှတ်တာတော့ မဟုတ်ပါဘူး။

သူတို့ Research ဟာအရ တိုင်းပြည်တွေရဲ့ ဘတ်ဂျက်လိုငွေပြဟာ GDP ရဲ့ ၅ ရာခိင်နှုန်း ထက် မကျော်သင့်ဘူး။ ကျန်တဲ့ အစိုးရခေတ်မှာ သူတို့ ဦးသိန်းစိန်တောင် အဲဒါနဲ့ ထိန်းထားခဲ့သေး။ အခု သူတို့က ကျော်တယ်ဆိုတော့ အဲဒီအချက်ကို မင်းတို့ ရှင်းပါ။ အဲဒီ တစ်ချက်။ ပြောချင်တာက ဘတ်ဂျက်လိုငွေဖြစ်လို့ ဒါရိုက် ။အဲဒါ အကြောင်းပြချက်ပြတာ။

ခင်ဗျားတို့ တန်ဖိုးကို‌ ပြောပါ။ ဘယ်လောက်ထုတ်သလဲ ။ နောက်တစ်ချက်က ရှိပါသေးတယ်။ အဲဒီ ဘတ်ဂျက်လိုငွေဖြည့်ဖို့အတွက် သူတို့ Bond တွေ စာချုပ်တွေ ထုတ်ရောင်းတယ် ဆရာ။ ပြည်သူတွေက မဝယ်တော့ ခရိုနီ ဘဏ်တွေကို သူတို့ အတင်းဝယ်ခိုင်းတယ်။ ဟိုတစ်နေ့က ပေါ်ပြီပဲ။ ဒါတင်လား ခင်ဗျား သိတဲ့ ဘုရားကြီးတည်တယ်လေ။

အဲဒီ ဘုရားတည်တာက တိုင်းပြည် Development ဘာမှ မပါဘူး။ ကျွန်တော် ဗုဒ္ဓဘာသာပါ၊ ကျွန်တော် ဒါကို ကန့် ကွက်တာ မဟုတ်ပါဘူး။ သူတို့ဘာသာ အဲဒီဘုရားအတွက် ကုန်ကျစရိတ်ဘယ်လောက်များသလဲ သူတို့ ပြောတာပဲ။ မရှိတော့ သူတို့ ခရိုနီတွေကို လာထည့်ကြ။ အဲဒီတော့ ပြောချင်တာက အဖြစ်အပျက်ကို ပြောတာ။ ကျွန်တော် ရမ်းပြောတာ မဟုတ်ဘူး။ လက်ခံနိုင်စရာ အကြောင်း မရှိဘူး။

မေး။ ။ အဲဒီတော့ ဆရာ ကျွန်တော် ဖြတ်ပြီးတော့ မေးလို့ရမလား ဆရာ။ တန်ဖိုးကြီး နှစ်သောင်းတန် ငွေစက္ကူက အမှတ်တရ ထုတ်လို့ရတဲ့ စီးပွားရေးအရ ဘတ်ဂျက်အရ ထုတ်လို့ရတဲ့ဟာမျိုး မဟုတ်တဲ့ သဘောပေါ့နော် ဆရာ။

ဖြေ။ ။ နှစ်သောင်းတန်ထုတ်လို့ရှိရင်လည်းရပါတယ်။ သို့သော် Money Supply ကို မတက်အောင် ထုတ်တာမျိုး ဖြစ်ရမယ်။ ပြည်သူတွေအတွင်းမှာ လှည့်လည်တဲ့ ငွေကြေးပမာဏများရင် ခုနပြောတဲ့ ကျွန်တော် တင်ပြခဲ့ပြီးပြီ ကုန်ဈေးနှုန်းတက်တတ်တယ်။

Money Supply မတက်အောင် ထုတ်တာ လက်ခံတယ်။ ဒါကြောင့် ကျွန်တော် ပြောတာက ပိုက်ဆံကျစ်သွားတာ လက်ခံတယ်။ သို့သော် တစ်ဖက်က အသုံးစရိတ်တွေကို မလျှော့ဘူး။ ဝင်ငွေ မရရင် အဲဒီ နှစ်သောင်းတန်ထုတ်တဲ့အတွက်ကြောင့် ငွေဖောင်းပွမှုကို ဖြစ်စေတယ်။ အခု ငွေဖောင်းပွမှုက 2 digit ရှိတယ်။ ကျွန်တော်ထင်တယ်။ ၁၈ ရာခိုင်နှုန်း ထင်တယ်။ အဲဒါ ကမ္ဘာဘဏ်ကို သူတို့ လိမ်ခိုင်းတယ်လို့ ကျွန်တော် ယူဆတယ်။ GDP ၆ လမှာ ၃ ရာခိုင်နှုန်းတက်လို့ လျှောက်ပြောတယ်။ ကျွန်တော်တို့ လက်ခံလို့ မရဘူး။ ဒါ လုပ်တဲ့နည်းတွေ အများကြီးရှိတာပဲ။

ပြီးတော့ ကုန်ဈေးနှုန်းကို ကျပါတယ်လို့ သူတို့ ပြောတော့ ကျွန်တော်ထင်တယ် ၁၄ ရာခိုင်နှုန်းလား ။ ကမ္ဘာ့ဘဏ်ကို ပြီးခဲ့တဲ့ တစ်လလောက်က ထုတ်သွားတယ်လေ။ ထားပါတော့ အဲဒီ ဂဏန်းအရ ၁၄ ရာခိုင်နှုန်း။ အဲဒါက Hyper Inflation ဖြစ်နေပြီ။ အခု ထပ်ထုတ်လို့ ထပ်ဖြစ်ရင် တိုင်းပြည်က Hyper Inflation ရဲ့ Hyper , Hyper Inflation ဖြစ်တော့မှာ ဒါကြောင့် ကုန်ဈေးနှုန်းတက်မှုက ကြီးသွားနိုင်တယ်။ ဒါသည် စီးပွားရေးပညာရှုထောင့်ကပဲ ကြည့်ကြည့် တိုင်းပြည်ရဲ့ စီးပွားရေးပညာရှုထောင့်ကပဲ ကြည့်ကြည့် အကုန်အရ မထုတ်သင့်တဲ့ အနေအထားပဲ။ အဲဒါကို ကျွန်တော်က တင်ပြတာ။

မေး။ ။ အဲဒီတော့ အခုက ကျွန်တော်တို့ လက်ရှိသွားနေတဲ့ အရာ အရ ကျွန်တော်တို့ နိုင်ငံရဲ့ ဖြစ်စဉ် မော်ဒယ်က ကမ္ဘာ့နိုင်ငံတွေထဲမှာ ဒီလိုမျိုး ငွေကြေး Inflation တအားကို မြင့်တက်သွားတဲ့ ဘယ်လို နိုင်ငံမျိုးနဲ့များ ဆင်တူတာမျိုးရှိလဲ ။ ဥပမာ- ဇင်ဘာဘွေတို့၊ ဗင်နီဇွဲလားတို့ အင်တန်မှကို Hyper Inflation ဖြစ်ပြီးတော့ ပေါင်မုန့်တစ်ချပ်ကို တွန်းလှဲနဲ့ကို တွန်းသွားရတဲ့ ငွေကြေးတွေနဲ့ ဝယ်ရတဲ့အဆင့်ထိ ရောက်သွားတဲ့ ကျွန်တော်တို့ရဲ့ အခြေအနေကရော အဲဒီလောက်အထိ ဆိုးသွားနိုင်သလား။

မေး။ ။ အဲဒါ ပြောလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ငယ်ငယ် ကျွန်တော် မွေးခါစ ဂျပန်ခေတ်။ ကျွန်တော်တို့ မမွေးခင်လေးပေါ့ဗျာ။ အဲဒီမှာ ဗမာတွေ ကျွန်တော်တို့ ဘိုးဘွားတွေ ပြောကြတာပဲ။ ထောင်မလဲ သဲကော်တဲ့ ကြားဖူးမှာပါ။ စက္ကူအိတ်နဲ့ ထမ်းသွားရတဲ့ ဟာမျိုးဆိုတာ ဖြစ်ခဲ့ဖူးတယ်။ ဒါ တစ်ချက်။ ဗမာပြည်မှာ အတွေ့အကြုံပြောတာ။

နောက်ထပ်ပြောရင် ကျွန်တော်တို့ ငယ်ငယ်က ဗျာ၊ ငါးပြားတန် သုံးလို့ရတယ်။ အဲဒါအခု မရှိတော့ဘူး။ ကျွန်တော်တို့ တစ်လလုံးမှ အိမ်က မုန့်ဖိုးရတာ ၁ကျပ် High School ကျောင်းသားဘဝမှာ လောက်တယ်။ ကောလိပ်တက်သည်အထိ တက္ကသိုလ်တက်သည်အထိ တစ်လကို ၇၅ ကျပ်၊ ၁၀၀ ပေးတယ် အိမ်က လောက်တယ်။ အခု ၁၀၀ ဘယ်သူမှ မသုံးတော့ဘူး အဲဒါကို ကြည့်လိုက် Inflation ။ ဒါထက် ကုန်ဈေးနှုန်းပြောရင်လည်း အများကြီးပေါ့။

ကျွန်တော်တို့ ပထမ ၇၄ ခုနှစ် တက္ကသိုလ်ကျောင်းသားတက်တဲ့အချိန်မှာ ရွှေတစ်ကျပ်သား ၄၀၀။ အခု ဘယ်လောက်လဲ အဆ ကြည့်လိုက် ။ အဲဒါ တက်သွားတာပဲ။ ဒါ ဖြစ်ခဲ့ပြီ အခုဟာက အဲဒီဟာတွေထက် ပိုဆိုးလိမ့်မယ်။ အဲဒီတော့ ခုနမေးခွန်းပြန်ဖြေရရင် မြန်မာပြည်အတွေ့အကြုံမျိုး ရှိခဲ့ပါတယ်။ အင်ဒိုနီးရှားမှာလည်း ဖြစ်ခဲ့တာပဲ။

အင်ဒိုနီးရှားမှာ ဖြစ်တယ်။ လာအိုမှာ ကမ္ဘောဒီးယားမှာလည်း ဖြစ်တာပဲ။ ပြီးခဲ့တဲ့ ကာလတုန်းက ။ အဲဒီလို ဖြစ်လာရင် အဲဒီလို ဖြစ်လာရင် တိုင်းပြည်ရဲ့ Monetary Policy နှစ်ခုရှိပါတယ်။ ငွေကြေးမူဝါဒနဲ့ ဘဏ္ဍာရေး မူဝါဒကို တည်ငြိမ်အောင် လုပ်၊ အဲဒါ မျှမျှတတ ကျင့်သုံးရတယ်။ ကျင့်သုံးတဲ့အခါမှာ ကိုယ့်ချည်း မနိုင်တော့ရင် ကမ္ဘာ့အဖွဲ့အစည်းတွေ ရှိတယ်။ အထူးသဖြင့်တော့ IMF ပေါ့။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ကျားကန်ပြီး အဲဒီလို ကုရတယ်။

အခုဟာ အဲဒီအဖြေမျိုးရောက်တယ် မရောက်တယ် ပြောဖို့ထက် မရောက်အောင်လည်းနည်းမျိုးစုံသွားတယ်ဗျ။ ခုန ကျွန်တော်တင်ပြခဲ့ပြီးပြီ။ ဘာလဲ ဘဏ်တွေကိုလိုက်ပိတ်တယ်။ ပြည်သူ့ပိုက်ဆံတွေကို မထုတ်နဲ့ဆိုတာမျိုး ကိုင်တယ်။ ပြီးတော့ စာချုပ်စာတန်းတွေ အတင်းဝယ်ခိုင်းတယ်။ သူတို့ အသုံးစရိတ်ကို ကာမိဖို့အတွက် လူတွေလက်ထဲ ငွေများတဲ့ဟာတွေ မများအောင် စာချုပ်စာတန်းနဲ့ ထုတ်လုပ်တဲ့ နည်း ဒီနည်းတွေ သူတို့သုံးနေတာ။

ဒါပေမဲ့ သုံးသာ သုံးတယ်။ အသုံးစရိတ်က မလျှော့ဘူး။ အခု အသုံးစရိတ်က ထပ်ထုတ်ပြန်ပြီ။ ကျွန်တော်တို့က သူတို့ မယုံဘူး။ ဘယ်တော့မှ ဦးနေဝင်းခေတ်ကတည်းက မှန်တာ ပြောတဲ့လူတွေ မဟုတ်ဘူး။ Transparency မရှိဘူးပေါ့ဗျာ။ အဲဒါကြောင့် သူတို့လုပ်ရပ်သည် အဲဒီ အဖြစ်ကို တွန်းပို့သလို ဖြစ်သွားနိုင်တယ်လို့ ကျွန်တော်တို့က စီးပွားရေးပညာရှုထောင့်အရရော အချက်အလက်အရရော သူတို့ရဲ့လုပ်ရပ်အရရော အဲဒါကြောင့် ဒီကိစ္စကို ဖြစ်သွားနိုင်တယ်၊ ဖြစ်သွားရင်လည်း သူတို့ ကူညီမယ့်လူက ဘယ်သူမှ မရှိဘူး။ အဲဒါကြောင့် တိုင်းပြည်ရဲ့စီးပွားရေးက အလွန်အင်မတန် စိုးရိမ်စရာကောင်းတဲ့ အနေအထားဖြစ်ပါတယ်လို့ ကျွန်တော်က သုံးသပ်တာပါ ခင်ဗျာ။

မေး။ ။ အဲဒီတော့ ခြုံငုံပြီးတော့ သုံးသပ်မယ်ဆိုလို့ရှိရင် နိုင်ငံရဲ့စီးပွားရေးကို ဘယ်လောက်အထိ ထိခိုက်သွားစေနိုင်မလဲ ၊ နောက်ပြီးတော့ သူတို့အနေနဲ့ကျရော ငွေအသစ် ထုတ်ဖို့အထိတောင် ဘာကြောင့် မိုက်ရူးရဲဆန်ရတာလဲ။

ဖြေ။ ။ ဘာကြောင့် မိုက်ရူးရဲဆန်ရတာလဲဆိုတော့ သူတို့မှာ အကျပ်အတည်းဖြစ်နေပြီဗျ။ ဘယ်လိုအကျပ် အတည်းဖြစ်နေပြီလဲဆိုတော့ နိုင်ငံရေးက တစ်ပိုင်းထားနော်၊ အာဏာသိမ်းလိုက်တဲ့အခါမှာ နိုင်ငံတကာကလည်း သူတို့ အသိအမှတ်မပြုဘူး။

ခုန ကျွန်တော် နည်းညန်း တင်ပြသလို တိုင်းပြည်တစ်ပြည်က ဘဏ္ဍာရေးအရ အကျပ်အတည်းဖြစ်လာရင် စီးပွားရေးအရ အကျပ်အတည်းဖြစ်လာရင် နိုင်ငံတကာအဖွဲ့အစည်းတွေ ကမ္ဘာ့ဘဏ်တို့လို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံ ငွေအဖွဲ့တို့လို စသည်ဖြင့် ADB တို့ ဒီနိုင်ငံတွေက ပံ့ပိုးထောက်ပေးတယ်။ ငွေချေးရမှာလား၊ လုပ်ငန်းစီမံကိန်းကြီးလို လာပြီးတော့မှ မြှုပ်နှံပေးရမှာလား၊ အဲဒီလိုမျိုးတွေ။

နောက်တစ်ခုက အားလုံး အားလုံးပြောနေကြတဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုဆိုတဲ့ တိုင်းပြည်ရဲ့ ဘတ်ဂျက်လိုငွေ စီးပွားရေးအကျပ်အတည်း ခုန ကုန်ဈေးနှုန်းတက်လို့ပဲ ဖြစ်စေ၊ Budget deficitတွေ ဖြစ်လို့ပဲ ဖြစ်စေ၊ တိုင်းပြည်ရဲ့ စီးပွားရေးမှာ ဖြစ်တတ်တဲ့ တိုင်းပြည်ရဲ့ စီးပွားရေးက အတက်အကျရှိတယ်။ သာမန်ဆို ပြဿနာမရှိဘူး။ ကြီးမားတဲ့ Crisis ဖြစ်လာရင် နိုင်ငံတကာအဖွဲ့အစည်းရဲ့ အကူအညီလည်းယူရသလို ကိုယ့်တိုင်းပြည်အတွင်းမှာ ရှိနေတဲ့ စာလို ပြောရင် ၂ ချက်ရှိတယ်။ Monetary Policy ဆိုတဲ့ ငွေကြေး မူဝါဒ ။ အဲဒါက ခုနကျွန်တော် တင်ပြခဲ့တယ်။

တိုင်းပြည်ရဲ့ ကုန်ဈေးနှုန်းတွေ တည်ငြိမ်အောင် ငွေကြေးနဲ့ အတိုးနှုန်းနဲ့ ထိန်းပြီးမှ ငွေကြေးပမာဏကို အတိုးအလျှော့လုပ်ပြီးတော့ ကစားတဲ့ နည်း အဲဒါလည်းလုပ်ပေးရတယ်။ နောက်တစ်ခုက ဘဏ္ဍာရေးမူဝါဒ ဘတ်ဂျက်။ ဘတ်ဂျက်မှာ အသုံးစရိတ်လျှော့သင့် လျှော့မယ်၊ တင်သင့် တင်မယ် ဝင်ငွေရသင့်အောင် ရမယ်၊ Tax တွေ မြှင့်လိုက်။ အဲဒီ မူဝါဒနဲ့ တွဲပြီးမှ အခုလို သွားရမှာ ။ အဲဒီလို သွားဖို့ သူတို့မှာ အဲဒီလို သွားဖို့ အရည်အချင်းလည်း မရှိဘူး။ မရှိတော့ အခုလို ဆေးမြီးတိုတွေ သုံးတာပေါ့။ ငွေစက္ကူတွေ ၊ ဘဏ်တွေ မင်းတို့ မလုပ်ကြနဲ့ ၊ အတင်းအဓမ္မဝင်ရောက်စွက်ဖက်။

ပြောတော့ Market Economy၊ လုပ်တော့ကျတော့ Command Economy ။ ကျွန်တော် ခဏခဏ ပြောတယ်‌ သေနတ်ပြပြီး ဟေ့ ဒါ ဆိုပြီး ။ ခု လူတွေ ဖမ်းတယ်ဗျာ။ အဲဒီတော့ သူတို့ လုပ်တာ တခြားဖြစ်တော့ ကမ္ဘာကလည်း သိတယ်။ ဒီကောင်တွေဟာ ဘာမှ စည်းမရှိ ကမ်းမရှိ ဘာ မူဝါဒ ဘာပေါ်လစီမှလည်း မကိုက်တဲ့ကောင်တွေကို တို့ ဘယ်လိုမှ ကူလို့ မရတော့ဘူး။ ကူမှာလည်း မဟုတ်ဘူး။ ရှိပြီးသားတောင်ထွက်တဲ့အခါကျတော့ အဲဒီနည်းနဲ့ ဘယ်လိုမှ ကုစားမရတဲ့အခါကျတော့ ကျွန်တော်တို့က စိုးရိမ်တယ်ဆိုတာ တိုင်းပြည်ဟာ သူတို့လုပ်ရပ်နဲ့ သူတို့ကြောင့် ချောက်ထဲကို တွန်းတွန်းချတဲ့အခါ လူတွေဟာ ဘာဖြစ်သလဲဆိုရင် ဒုက္ခပင်လယ်ဝေပါလိမ့်မယ်။

အခုလည်း စဉ်းစားကြည့်ဗျာ။ ၂ နှစ်တာ ကာလမှာ သူတို့ စပြီးတော့ တက်တဲ့အချိန်က စပြီးတော့ ကုန်ဈေးနှုန်းကြည့် ဘယ်လောက်တက်သွားလဲ အားလုံး သိတယ်။ နိုင်ငံခြား ငွေလဲနှုန်းကြည့် ဘယ်လောက်တက်သွားလဲ ၊ နောက်တစ်ခါ ရွှေဈေးကြည့်။ ဒါတွေ Indicator ပြနေပြီ။ အဲဒါကို အခုလို မဆင်မခြင် ထပ်ထပ် ထပ်ထပ် လုပ်လေ ခုန ကျွန်တော် တင်ပြခဲ့တဲ့ မူဝါဒတွေလည်း မကျင့်သုံးဘဲနဲ့ ဆင်ကန်းတောတိုး စိတ်ထဲထင်ရာ လုပ်နေတဲ့ အချိုးနဲ့ လုပ်ရင် အဲဒါကတော့ ဇောက်ထိုးမိုးမျှော်ဖြစ်ပြီးတော့ ချောက်ထဲကို တွန်းချသလိုဖြစ်မယ်။

အဲဒီတော့ မအလ ကပ်က အကြီးစားဆိုက်နေပြီ။ ဒီကြားထဲ မီးလောင်ရာ လေပင့်တဲ့အချက်တွေက အများကြီးဖြစ်တဲ့အခါကျတော့ တိုင်းပြည်အတွက် အတော်ရင်လေးစရာကောင်းပါတယ်လို့ ကျွန်တော်တို့က တင်ပြဆွေးနွေးချင်တာပေါ့ ဆရာရယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article