ဆားလင်းကြီးရှိ ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသည့် စစ်သင်္ဘော အုပ်စုကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၃၀
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသည့် စစ်သင်္ဘော အုပ်စုကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ဓားမဆိုင်းတပ်မတော် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ထွဋ်ခေါင်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၉ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ရေစကြိုမြို့နယ်မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် အကြမ်းဖက် စစ်တပ်၏ ရိက္ခာပို့လာသော
စစ်သင်္ဘော အုပ်စုကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်င်္ဘောအုပ်စုကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၅ ဦးထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရရှိပြီး စစ်သင်္ဘော စက်ခန်း အပါအဝင် ထိခိုက် ပျက်စီးမှုများလည်း ရှိကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၂၈ ၊ဓားမဆိုင်းတပ်မတော်(D.M.S.A) ၊ ဆားလင်းကြီးမြို့နယ် ပလဖ နှင့် ဒေသ ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
