29 C
Yangon

၆လ တစ်ကြိမ် အသက်ဆက်နေတဲ့ နာမကျန်း စစ်ကောင်စီ

Must read

၆လ တစ်ကြိမ် အသက်ဆက်နေတဲ့ နာမကျန်း စစ်ကောင်စီ

By လမ်းသစ်

မြန်မာပြည်ရဲ့ မငြိမ်မသက်ဖြစ်မှုတွေ၊ တိုင်းပြည်စီးပွားရေး ပျက်ကပ်ဆိုက်မှုတွေ၊ ပြည်သူအားလုံး ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေရဲ့ အဓိက လက်သည်တရားခံ မင်းအောင်လှိုင်ဟာ အရေးပေါ်ကာလ သက်တမ်း ၆လကို သူ့ဟာသူ ထပ်တိုးလိုက်ပြန်ပါပြီ။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့မှာ စတင်လိုက်တဲ့ တစ်ကျော့ပြန် စစ်အာဏာသိမ်းမှုဇာတ်လမ်းဟာ ပြည်သူတွေ အနိုင်တိုက်နိုင်မှ ပြီးဆုံးမယ်ဆိုတာ အားလုံးသိပြီးသားဖြစ်တဲ့အတွက် အခုလို သက်တမ်းတိုးတာဟာ မြန်မာပြည်သူအတွက်တော့ မထူးခြားလှပါဘူး။

ဒါပေမယ့် သူတို့ ဖက်ဆစ်ဂိုဏ်းအတွင်းမှာကိုပဲ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဦးဆောင်မှု ညံ့ဖျင်းမှုတွေကြောင့် ဂိုဏ်းသားအချင်းချင်းက အယုတ်တမာ ခေါင်းဆောင်ကြီးကို မလိုလားမှုတွေ ရှိနေကြပါပြီ။

မင်းအောင်လှိုင်စီစဉ်တဲ့ အာဏာသိမ်းမှုအတွင်း စစ်တပ်မှာ ထိခိုက်ဆုံးရှုံးမှုတွေ အများအပြားရှိပြီး နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေကြောင့် စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်တွေရဲ့ အကျိုးစီးပွားနစ်နာမှုတွေ ရှိနေပါတယ်။

ဒါကြောင့်ပဲ ရုန်းလေနစ်လေဖြစ်နေတဲ့ မင်းအောင်လှိုင်ရဲ့ သက်တမ်းတိုးမှုကို ဗိုလ်ချုပ်အဆင့်ရှိတဲ့ ထိပ်ပိုင်းလူတွေအပါအဝင် စစ်တပ်အသိုင်းအဝိုင်းက မလိုလားမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

အာဏာသိမ်းမှုအစမှာ ယာယီသမ္မတ ဦးမြင့်ဆွေက အရေးပေါ်ကာလ တစ်နှစ် ကြေညာပြီးတဲ့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သူ့ကိုပေးတဲ့ တာဝန်ကို မပြီးမြောက်ရင် သာမန်အားဖြင့် တစ်ကြိမ်ကို ၆လအထိ ၂ကြိမ် သက်တမ်းတိုးနိုင်တယ်လို့ အခြေခံဥပဒေ ပုဒ်မ ၄၂၅ မှာ ပြဌာန်းထားတာ ဖြစ်ပါတယ်။

အရေးပေါ်ကာလကို စုစုပေါင်း ၂နှစ်အထိ သက်တမ်းတိုးနိုင်ပေမယ့် ၂ နှစ်ထက် ပိုမတိုးရဘူးလို့လည်း ကန့်သတ်မထားတာကြောင့် မင်းအောင်လှိုင်ဟာ တိုင်းပြည်က သာမန်အခြေအနေ မဟုတ်ဘဲ မတည်ငြိမ်မှုတွေ ရှိနေတယ်ဆိုပြီး သူ့ကိုယ်သူ အကြိမ်ကြိမ် သက်တမ်းတိုးပေး နေတာပါ။

အကြမ်းဖက်ခေါင်းဆောင်က အရေးပေါ်ကာလဆိုတာ အကန့်အသတ် ရှိပါတယ် လို့ သူကိုယ်တိုင် ပြောခဲ့ဖူးပေမယ့် လက်တွေ့မှာ အာဏာကို ရသလောက် ဖက်တွယ်ထားဖို့ ဆန္ဒရှိနေတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ တရားရေးဝန်ကြီး ဦးသိန်းဦးကတော့ စစ်ကောင်စီဟာ သူတို့စိတ်ကြိုက်ရေးဆွဲ ကျင့်သုံးနေတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကိုတောင် သူတို့ကိုယ်တိုင် ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့ မှတ်ချက်ပေးထားပါတယ်။

ဒီတစ်ကြိမ်မှာတော့ ပြည်သူ့ဆန္ဒထင်ဟပ်အောင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ ကျင်းပပေးဖို့ အစီအစဉ်ရှိပေမယ့် လုံခြုံရေးအခြေအနေကြောင့် မဖြစ်နိုင်သေးတဲ့အတွက် ကြိုးစားဦးမယ်ဆိုပြီး အကြောင်းပြပြန်ပါတယ်။

သူပြောတဲ့ ရွေးကောက်ပွဲဆိုတာကလည်း စစ်အာဏာရှင်တွေ အခြေအနေမကောင်းရင် ထွက်ပေါက်ရှာလေ့ရှိတဲ့ ဟန်ပြရွေးကောက်ပွဲပဲ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ လက်ပါးစေ ရွေးကောက်ပွဲကော်မရှင်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အပါအဝင် နိုင်ငံရေးပါတီ ၄ဝ ကျော်ကို မှတ်ပုံမတင်လို့ဆိုပြီး ပါတီဖျက်သိမ်းကြောင်း ကြေညာထားတာပါ။

တပ်ထဲမှာ မှတ်ပုံတင်မရှိသေးတဲ့လူတွေကို မှတ်ပုံတင်လုပ်ခိုင်းထားပြီး စစ်တပ်ရဲ့ မိတ်ဖက်ပါတီတွေကို မဲပေးဖို့ စေခိုင်းထားတယ်လို့လည်း ဖရဲသီးတွေဆီက အသံတွေ ထွက်ပေါ်နေခဲ့ပါတယ်။

တော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မြို့ပြပျောက်ကျားအဖွဲ့တွေကလည်း ဖက်ဆစ်စစ်တပ် ဦးဆောင်မယ့် ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ တားဆီးမှာဖြစ်ပြီး ပူးပေါင်းပါဝင်သူတွေအနေနဲ့ မိမိတာဝန်သာ ဖြစ်တယ်လို့ အစောပိုင်းကတည်းက ပြတ်ပြတ်သားသား သတိပေးထားတာတွေ တွေ့ရပါတယ်။

မငြိမ်သက်မှုတွေရှိနေတယ်လို့ မင်းအောင်လှိုင် ပြောနေတဲ့ တိုင်းပြည်အနှံ့ ဖြစ်ပွားနေတဲ့ တော်လှန်ရေးစစ်ပွဲတွေက စစ်ရာဇဝတ်ကောင်ဖြစ်တဲ့ သူ့ကို ဗဟိုပြုနေတယ်ဆိုတာ သူကိုယ်တိုင်လည်း အသိပါ။

နေ့စဉ် သေဆုံးမှုတွေ၊ ဒဏ်ရာရမှုတွေ၊ ထွက်ပြေးမှုတွေကြောင့် အင်အားနည်းပါး လာတဲ့ကြားက စစ်မျက်နှာစုံဖွင့်နေတဲ့အပြင် ဖြုတ်ထုတ်သတ် လမ်းစဉ် ကျင့်သုံးနေတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်အပေါ် ဂိုဏ်းသားတွေ စိတ်ပျက်နေပြီလို့ သိရပါတယ်။

တပ်ပျက်နေတဲ့ စစ်အုပ်စုဟာ တပ်ထဲရောက်ခါစ လူတချို့ကို အချိန်တိုသင်တန်းပေး၊ ရှေ့တန်းပို့ပြီး သေတွင်းတူးခိုင်းတာမျိုးတွေ ရှိပါတယ်။ ဒါ့အပြင် ဗဟိုဝန်ထမ်းတက္ကသိုလ်တွေမှာ Non CDM ဝန်ထမ်းတွေကို စစ်သင်တန်းနဲ့ ပစ်ခတ်မှုကို အဓိကထား သင်ကြားပေးနေပြီး လိုအပ်လာရင် စစ်မှုထမ်းရမယ်လို့ ပြောဆိုထားတာတွေတောင် ရှိနေပါတယ်။

မင်းအောင်လှိုင်ကလည်း သူ့အမိန့်ကို မနာခံတဲ့လူ၊ သူခိုင်းသလို မလုပ်တဲ့လူတွေဆိုရင် ရာထူးအပြောင်းအလဲ လုပ်တာတွေ၊ ရာထူးကနေ ဖယ်ရှားပစ်တာတွေကို စိတ်ထင်တိုင်း လုပ်နေတာဖြစ်ပါတယ်။ သူ့အတွက် အားထားရတယ်လို့ တပ်အသိုင်းအဝိုင်းက ယူဆထားသူတချို့ကိုပါ အရပ်ဘက်ဝန်ကြီးဌာနဆီ ပို့ပစ်တာတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီဟာ အခုတစ်ကြိမ် အာဏာသက်တမ်း ၆လတိုးဖို့ ပြင်ဆင်နေချိန်အတွင်းမှာပဲ စစ်တပ်နဲ့ ရဲဘက်မှာ ထိပ်တန်းရာထူး အပြောင်းအလဲတွေ လုပ်ခဲ့သလို လူ ၃ဝ ကျော်ကို အရပ်ဘက်ဌာနတွေဆီ ပြောင်းရွှေ့မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ ကတော့ စစ်ကောင်စီတပ်သားတွေ ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ တိုက်တွန်းနေပါတယ်။

“အချင်းချင်း ဖြုတ်ထုတ်သတ် လမ်းစဉ်တွေနဲ့ ဟင်္သာကိုးသောင်း ပျက်ကိန်းကြုံနေတဲ့ မအလကို ဆက်ပြီး ကာကွယ်နေမယ်ဆိုရင် ပြည်သူလူထုရဲ့ ဒဏ်ခတ်ခြင်းကို ခံရနိုင်ပါတယ်။”

ပြည်သူ့ရင်ခွင် အကောင်အထည်ဖော်ဆောင်ရေး ကော်မတီအနေနဲ့ လုပ်ငန်းစတင်တဲ့ ၂ဝ၂၁ ခုနှစ် စက်တင်ဘာကနေ ဒီကနေ့အထိ ပြည်သူ့ရင်ခွင် ဝင်ရောက်လာတဲ့ စစ်ကောင်စီ တပ်သားပေါင်း ၁၄,ဝဝဝ နီးပါး ရှိနေပြီး ဗိုလ်မှူးကြီးအဆင့်ကနေ အောက်ခြေ စစ်သားအဆင့်အထိ ပါဝင်တယ်လို့ ဆိုပါတယ်။

ပြည်သူ့ရင်ခွင် ခိုလှုံသူတချို့ကို လွတ်မြောက်နယ်မြေဆီ ပို့ထားပြီး တချို့ကတော့ ဖရဲသီးအဖြစ် ဆက်လက်လုပ်ဆောင် နေကြပါတယ်။ ဒါ့အပြင် တပ်ရင်းတပ်ဖွဲ့တွေကနေ ထွက်ပြီး ပြည်တွင်းမှာပဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် နေထိုင်နေကြသူတွေလည်း များစွာရှိတယ်လို့ ဖရဲသီးတွေက ဆိုကြပါတယ်။

အောက်ခြေမှာ ဖြစ်ချင်တိုင်း ဖြစ်နေပေမယ့် ရာဇဝတ်ခေါင်းဆောင်ကြီး မင်းအောင်လှိုင်ကတော့ သူ့ကိုယ်သူ သက်တမ်းတိုးပေးနေဆဲပါ။

လိုရာဆွဲ ဥပဒေနဲ့ ကိုယ့်ကိုကိုယ် အသက်ဆက်နေပြီး တနေ့တခြား ယိုယွင်းလာနေတဲ့ အာဏာရှင် စစ်အုပ်စုကို အဆုံးသတ်ပေးနိုင်မယ့် အဖြေကတော့ ပြည်သူအားလုံး ပါဝင်တဲ့ နွေဦးတော်လှန်ရေးကြီးပဲ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေး
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article