ကသာမြို့နယ်၊ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ရွာ ၆ ရွာမှ ပြည်သူ ၁၅၀၀ ကျော် တိမ်းရှောင်နေရ
ရန်ကုန်၊ သြဂုတ် ၅
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ရွာ ၆ ရွာမှ ပြည်သူ ၁၅၀၀ ကျော် တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၃ ရက်နေ့တွင် ကသာမြို့ ၁၀ ရပ်ကွက်ရှိ သဖန်းကိုင်းကို ဆိုက်ရောက်နေသည့် အကြမ်းဖက် စစ်တပ်၏ စစ်င်္ဘော ၉ စီးဖြင့် လိုက်ပါလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဧရာဝတီ မြစ်ကမ်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုး စီးနင်းနေခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိချိန်တွင် ဧရာဝတီ မြစ်ကမ်းတစ်လျှောက်ရှိ အင်းဒရန်ရွာ၊ ပုလွေရွေရွာ၊ သစ်ဖြူကုန်းရွာ၊ ပိုးဇာကုန်းရွာ၊ ကျောက်ထုံးကြီးရွာနှင့် ဒုန်းအော့ရွာမှ ပြည်သူ ၁၅၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“စစ်ခွေး သင်္ဘောတွေက ၃ ရက်နေ့တည်က ရောက်နေတာ အဲစစ်ခွေး သင်္ဘော ၉ စီးက အခု ကသာမြို့ ရပ်ကွက် ၁၀ မှရှိတဲ့ သဖန်းကိုင်းမှာ ဆိုက်ကပ်ထားတယ်။ သင်္ဘောပေါ်ပါလာတဲ့ စစ်ခွေးတွေက မြစ်ကမ်းတစ်လျှောက်ရွာတွေကို စစ်ကြောင်းထိုးနေတယ်။ ရွာ ၆ ရွာက ပြည်သူ ၁၅၀၀ ကျော် ထွက်ပြေးနေရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။