27 C
Yangon

ရွှေ့ချင်တိုင်း ရွှေ့ခံနေရသော အာဏာရှင် ကပ်ပါးကောင်များ

Must read

ရွှေ့ချင်တိုင်း ရွှေ့ခံနေရသော အာဏာရှင် ကပ်ပါးကောင်များ

By လမ်းသစ်

တိုင်းပြည်အာဏာကို လက်နက်အားကိုးနဲ့ မတရား ရယူထားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူတွေရဲ့ ပြင်းထန်တဲ့ အမုန်းတရားကို ရင်ဆိုင်နေရပြီး တိုင်းပြည်အနှံ့ စစ်မျက်နှာ ဖွင့်ခံထားရတာကြောင့် ရန်သူတွေ ပတ်လည်ဝိုင်းနေတာလည်း ဖြစ်ပါတယ်။

ဖက်ဆစ်စစ်တပ်ခေါင်းဆောင်ဟာ သူကိုယ်တိုင် တိုင်းပြည်ကို သစ္စာဖောက် ထားတာကြောင့် သူ့ကို ပြန်ပြီးသစ္စာဖောက်ခံရမှာကို သေလောက်အောင် ကြောက်နေသူလည်း ဖြစ်ပါတယ်။

အရေးပေါ်ကာလအဖြစ် ၆လစီ ထပ်ခါထပ်ခါ သက်တမ်းတိုးရင်း သံသယစိတ်ကြောင့် သူ့ရဲ့ လက်ပါးစေတွေကိုလည်း မကြာခဏဆိုသလို ရာထူးနေရာ အပြောင်းအလဲတွေ လုပ်နေရပါတယ်။

ဒီတစ်ခေါက် သက်တမ်း ၆လ တိုးပြီးပြီးချင်းမှာပဲ စစ်တပ်နဲ့ တိုက်ရိုက် ဆက်နွယ်နေတဲ့ ပြည်ထဲရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ကို ထုတ်ပယ်မှုတွေ၊ အသစ်ခန့်အပ်မှုတွေ လုပ်ခဲ့ပါတယ်။

ပြည်သူတွေကြား မကောင်းသတင်းနဲ့ လူသိများတဲ့ ပြည်ထဲရေးဝန်ကြီး စိုးထွဋ်ကို ရာထူးက ဖယ်ရှားပြီး အရေးမပါတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး (၁) ဝန်ကြီးအဖြစ် ပြောင်းရွှေ့ခဲ့ပါတယ်။

ပြည်ထဲရေးဝန်ကြီးအသစ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို ခန့်အပ်လိုက်ပါတယ်။ ပြည်ထဲရေးကနေ အစိုးရအဖွဲ့ရုံးဆီ ပြောင်းရွှေ့ခံရတာဟာ ချောင်ထိုးလိုက်တာဖြစ်ပြီး အူမကြီးကင်ဆာကြောင့် ဘာမှထဲထဲဝင်ဝင် မလုပ်ဆောင်နိုင်တော့တဲ့ စိုးထွဋ်လည်း ချောင်ထိုးခံလိုက်ရပြီလို့ စစ်တပ်အသိုင်းအဝိုင်းက မှတ်ချက်ပေးကြပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ဟာ ပြည်ထဲရေးဝန်ကြီးဌာနကို လက်လွှတ်လိုက်ရသလို ဒုတိယဝန်ကြီးချုပ် ရာထူးလည်း ပြုတ်သွားခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးအဖြစ် ချောင်ထိုးလိုက်ပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ)ဟောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းကတော့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး နေရာကနေ ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်ကြီးတွေသာမက စစ်တိုင်းမှူးတွေကိုလည်း မကြာခဏ ဖြုတ်ထုတ်လဲလှယ်လေ့ရှိပါတယ်။

ဒီတစ်ခေါက် ၆လ သက်တမ်း မတိုးခင် ဇူလိုင်လထဲမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအပါအဝင် တိုင်းမှူးတချို့အပြောင်းအလဲတွေနဲ့ ရဲချုပ်ရာထူး ပြောင်းလဲမှုတွေ လုပ်ခဲ့ပါသေးတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တိုင်းမှူးတွေ ပြောင်းရွှေ့မှု အများဆုံးဖြစ်နေတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ထောက်ပြထားတာ တွေ့ရပါတယ်။

“တိုင်းမှူးဆိုတာ ကိုယ်ပွားပဲ။ သူ့ကိုယ်ပွားတွေကို မယုံတဲ့အတွက် ခဏခဏ ဖြုတ်နေတယ်”

ဒီတစ်ခေါက် အပြောင်းအလဲတွေထဲမှာ အရပ်ဘက်ဝန်ကြီး ၄ နေရာ ပါဝင်ခဲ့ပါတယ်။ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးသောင်းဟန်၊ စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦး၊ အလုပ်သမားဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဦးကိုကိုတို့ကို အနားပေးလိုက်ပါတယ်။

သာသနာရေးဝန်ကြီး ဦးကိုကိုဟာ လူသတ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ မာရဝိဇယဘုရား အနေကဇာတင်ပွဲ ပြီးပြီးချင်းမှာပဲ ရာထူးကနေ ဖြုတ်ခံလိုက်ရတာပါ။

အဲ့ဒီပွဲမှာ နိုင်ငံတော်သံဃာ့မဟာနာယက ဒုတိယဥက္ကဌ ကျောက်မဲဆရာတော် အနေနဲ့ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထားဖို့ လက်သုံးချောင်းထောင် ဟောကြားခဲ့တာနဲ့ ဆက်စပ်ပြီး အခုလို အနားပေးခံရတယ်လို့ ယူဆချက်တွေ ရှိနေပါတယ်။

ရာထူးပြုတ်သွားတဲ့ ဦးကိုကိုကတော့ “အခုချိန်မှာ အဘ ဘာမှပြောချင်စိတ် မရှိဘူး။ အားလုံးက ပုံမှန်ပဲ။ အဲ့လိုပဲ မှတ်ထားလိုက်ပါ” လို့ BBC ကို ပြောခဲ့ပါတယ်။ ဦးကိုကိုနေရာမှာ နေပြည်တော်ကောင်စီ ဥက္ကဌဟောင်း ဦးတင်ဦးလွင်က သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးအသစ် ဖြစ်လာခဲ့ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ၁၂နှစ်ကျော်ကြာ ပြည်ထောင်စု တရားသူကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ဦးထွန်းထွန်းဦးကိုလည်း ကျန်းမာရေးကြောင့် အနားယူတယ်လို့ ထုတ်ပြန်ပြီး ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။

ပြည်ထောင်စုတရားသူကြီးချုပ်ဟာ အသက် ၇ဝ အထိ တာဝန်ထမ်းဆောင်နိုင်တယ်လို့ ၂ဝဝ၈ ဖွဲ့စည်းပုံမှာ ပါဝင်ပေမယ့် ဦးထွန်းထွန်းဦးဟာ အသက် ၆၇နှစ်အရွယ်မှာပဲ အနားရသွားတာပါ။

နိုင်ငံအတွင်း အရေးကြီးတဲ့အမှုကိစ္စတွေမှာ အထက်ကို အဆင့်ဆင့် တင်ပြပြီး အထက်က ညွှန်ကြားလာတဲ့အတိုင်း အမိန့်ချရတဲ့ အစဉ်အလာကို ဦးထွန်းထွန်းဦးက ဖော်ဆောင်ပေးခဲ့တယ်လို့ ပြောဆိုမှုတွေ ရှိပါတယ်။ ပြည်ထောင်စု တရားသူကြီးချုပ် ရာထူးနေရာကိုတော့ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဥက္ကဌ ဦးသာဌေးကို ခန့်အပ်လိုက်ပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးလှမြင့်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဌ ဒေါက်တာဌေးအောင်နဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးတင်ဦးတို့လည်း အနားပေးလိုက်တဲ့အထဲ ပါဝင်ပါတယ်။

NLD အစိုးရလက်ထက်ကတည်းက လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ အငြိမ်းစားသံအမတ်ကြီး ဦးပေါ်လွင်စိန်က လူ့အခွင့်အရေး ကော်မရှင် ဥက္ကဌသစ် ဖြစ်လာခဲ့ပြီး မင်းအောင်လှိုင်ရဲ့ အကြံပေးဟောင်း ဦးစစ်အေးက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဌသစ် ဖြစ်လာခဲ့ပါတယ်။

နောက်ပြီး အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ အကြံပေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးကလည်း အရပ်ဘက်ရာထူးနဲ့ နေပြည်တော်ကောင်စီ ဥက္ကဌ ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင်စစ်ကောင်စီအဖွဲ့ဝင် မောင်ကိုနဲ့ ဒေါက်တာအောင်ကျော်မင်းတို့ကို အဖွဲ့ကနေ ထုတ်ပယ်လိုက်ပြီး အဖွဲ့ဝင် ဒေါက်တာကျော်ထွန်းကိုတော့ အကြံပေးအဖြစ် ရွှေ့ပြောင်းကြောင်း ကြေညာခဲ့ပါတယ်။

NLD အမတ်အဖြစ်ကနေ အကြမ်းဖက်စစ်တပ်ရဲ့ အပေါင်းအပါအဖြစ် တဖြည်းဖြည်း ပုံပြောင်းသွားခဲ့တဲ့ သက်သက်ခိုင်လည်း ရာထူးအပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။

စစ်ဘေးသင့် ပြည်သူတွေ၊ မိုခါမုန်တိုင်းကြောင့် ဒုက္ခရောက်သူတွေအတွက် ဘာမှလုပ်မပေးခဲ့တဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး သက်သက်ခိုင်ဟာ အခုတော့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီး ဖြစ်သွားပြန်ပါပြီ။

အကြမ်းဖက် စစ်ကောင်စီဟာ လက်ရှိအချိန်ထိ မိုခါဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံစားခဲ့ရတဲ့ ပြည်သူတွေဆီ နိုင်ငံတကာရဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေကို ပိတ်ဆို့တားမြစ်ထားဆဲ ဖြစ်ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး (OHCHR) ကတော့ အာဏာသိမ်း စစ်တပ်ဟာ မြန်မာပြည်သူတွေကို ထိန်းချုပ်ဖို့အတွက် ‘အကြောက်တရား လွှမ်းမိုးသော ဝန်းကျင်တစ်ရပ်’ တည်ဆောက်နေတယ်လို့ ပြောဆိုထားပါတယ်။

“လူသတ်မယ်၊ စိတ်အာသာဖြေဖို့ ဘုရားတည်မယ်” ဆိုတဲ့ အာဏာရူး မင်းအောင်လှိုင် လက်အောက်မှာ တကယ်တမ်း ပြည်သူတွေတင် ခံစားနေရတာ မဟုတ်ပါဘူး။ မင်းအောင်လှိုင်ရဲ့ အနီးနားမှာ ရှိနေတဲ့ စစ်ဗိုလ်ချုပ်တွေ အားလုံးဟာ သူပေးသလောက် အရိုးအရင်း ကိုက်နေကြရတဲ့ ဘဝတွေ ဖြစ်နေပါတယ်။

ထိပ်သီး စစ်ဗိုလ်ချုပ်တွေတောင် ကိုယ့်ဘဝကိုယ် မရေရာမှုတွေနဲ့ ခရီးဆက်နေရတယ်ဆိုရင် ရှေ့တန်းရောက်နေတဲ့ ခြင်းကြားတွေဘဝကတော့ မတွေးဝံ့စရာပါ။

ပြည်သူတွေလို ခိုင်မာတဲ့ ရပ်တည်ချက် မရှိ၊ ကိုယ်ပိုင် ခံယူချက်လည်း မရှိ၊ သေချာရေရာတဲ့ လမ်းကြောင်းလည်း မရှိတဲ့ အာဏာရှင် ကပ်ပါးကောင်တွေရဲ့ဘဝက ပိုလို့တောင် စိုးရိမ်စရာအခြေအနေ ရောက်နေပါပြီ။

အာဏာရှင် ကပ်ပါးကောင်များ
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article