30 C
Yangon

“တပ်ပျက်နေကြောင်း သိသာစေသော စစ်အုပ်စု၏ ဝါဒမှိုင်းများ “

Must read

“တပ်ပျက်နေကြောင်း သိသာစေသော စစ်အုပ်စု၏ ဝါဒမှိုင်းများ “

By မောင်း

မြန်မာစစ်တပ်မှာ နှစ်ပေါင်းများစွာ လက်ကိုင်ပြု သုံးစွဲခဲ့ကြသည့် ဆောင်ပုဒ် အများအပြားထဲက တခုကတော့ “စည်းရုံးရင်းတိုက် တိုက်ရင်းစည်းရုံး” ဟူ၍ ဖြစ်သည်။

လွန်ခဲ့သည့်နှစ်တချို့မှ စတင်ကာ မြန်မာစစ်တပ်က ထိုဆောင်ပုဒ်အစား ခေတ်မီတိုးတက်သည့် Standard Army တည်ဆောက်နိုင်ပြီ ဖြစ်ကြောင်း တွင်တွင်ကြွေးကြော်ခဲ့ကြသည်။

အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း လသားအရွယ်၊ တခါလည် နှစ်ခါလည်သားအရွယ် PDF တွေနှင့် တော်လှန်ရေးတပ်ဖွဲ့တွေကိုပင် လေကြောင်း၊ လက်နက်ကြီး လှိုင်လှိုင်သုံးမှ တိုက်ရဲသည့် စစ်တပ် ဖြစ်နေကြောင်း ထင်ထင်ရှားရှား ပေါ်ပေါက်လာချိန်တွင်တော့ စစ်ခေါင်းဆောင်တို့ ပါးစပ်ဖျားက Standard Army ဆိုသည့် စကားလုံးကို အခမ်းအနားတချို့တွင်မှအပ သိပ်မကြားရတော့ချေ။

ယင်းအစား တိုက်ရင်း စည်းရုံး ဆိုသည့်အခြေအနေကိုသာ ပိုတွေ့လာရသည်။ သို့သော် ထိုဆောင်ပုဒ်ထဲက “စည်းရုံး” ဆိုသည့်စကားစုမှာလည်း ဆန့်ကျင်ဘက် အင်အားစုတွေ၊ ပြည်သူတွေကို စည်းရုံးဖို့ ရည်ညွှန်းသည့် အခြေအနေမျိုး မဟုတ်တော့ပေ။

လက်ရှိ မင်းအောင်လှိုင် ဦးဆောင်သည့် စစ်အုပ်စုအတွက် “စည်းရုံး” ဆိုသည့် စကားရပ်မှာ သူတို့အဖွဲ့အစည်း အ တွင်းမှာပင် အက်ကွဲပြိုလဲလာနေသည့် စည်းလုံးမှုကို ပြန်လည်တည်ဆောက်နိုင်ရန်၊ ထိန်းထားနိုင်ရန် ရည်ညွှန်း နေရသည့် စကားရပ်တခုဖြစ်လာသည်။

တနေ့တခြား အကျဉ်းအကျပ်ထဲ ပိုပိုရောက်လာနေသည့် မျက်မှောက်ကာလ အထိ စစ်တပ်သည် ဆင့်ကဲ အမိန့်ပေး ကွပ်ကွဲမှု ဆက်လက်ခိုင်မြဲ နေသေးသည့် အဖွဲ့အစည်းအဖြစ် ရှိနေသေးသည်ကိုတော့ ငြင်းမရ။

သို့သော် တပ်တွင်း အဆင့်တိုင်းမှာ စည်းလုံးညီညွတ်မှု ပြိုကွဲနေသည့် အခြေအနေ တနေ့တခြား ပို၍ပို၍ တိုးလာနေသည် ဆိုသည်မှာလည်း ခပ်လှမ်းလှမ်းကပင် အလွယ်တကူ မှန်းဆသိရှိနိုင်သည့် အခြေအနေမျိုးလည်း ဖြစ်နေပြန်သည်။

ထို့ကြောင့်ပင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စိုးဝင်းတို့အပါအဝင် စစ်ဗိုလ်ချုပ်များ ကိုယ်စီကိုယ်စီ နယ်လှည့်တပ်တွင်း စည်းရုံးရေးခရီးတွေ မကြာမကြာ ထွက်နေကြရတာ ဖြစ်သည်။

ပို၍ မြင်သာသည့်အချက်ကတော့ “မည်သူမဆို မယုံကြည်သည်ဖြစ်စေ” ဟု ကြွေးကြော်၍ လူထုကြားသို့ အမှန်တကယ် တိုးမပေါက်နိုင်မှန်း သိသိနှင့် လုပ်ကြံဝါဒဖြန့် ဇာတ်လမ်းများကို တွင်တွင် ဆက်လက်ဖြန့်ဝေပေးနေရခြင်းပင်။

၎င်းတို့၏ လုပ်ကြံဝါဒဖြန့် ဇာတ်ညွှန်းများသည် လူထုကြားနှင့် ဆန့်ကျင်ဘက် အင်အားစုများအဖို့ လက်တွေ့ သက်ရောက်မှု မရှိတော့သည်ကို စစ်ခေါင်းဆောင်များ ကိုယ်တိုင် မသိ၍ မဟုတ်။ သိသည်။ သို့သော်လူထုကြား ဝေဖန် ရှုတ်ချစရာ၊ ပြက်ရယ်ပြုစရာ ဝါဒဖြန့်မှုတွေကို မကြာခဏ တွေ့နေရကြဆဲ ဖြစ်သည်။

ထိုသို့ဖြစ်ရခြင်းမှာ စစ်ကောင်စီ၏ အဓိက ဦးတည်ချက်ကိုယ်၌က သူ၏ လက်အောက်ခံများ သူတို့အပေါ် ထောက်ခံသူများအတွက်သာ ရည်ရွယ်လိုခြင်းကြောင့် ဖြစ်သည်။

ဆန့်ကျင်သူများ သို့မဟုတ် စစ်အုပ်စုကို မထောက်ခံသူများအကြား အပေါစားဆန်သည့် ဝါဒမှိုင်းတိုက် ဇာတ်ညွှန်းများက သူတို့အပေါ် ထေက်ခံရင်းစွဲ ရှိပြီးသူတွေကြားမှာတော့ အတိုင်းအတာတခုအထိ သက်ရောက်မှုရှိနေဆဲ ဖြစ်သည်။

အနည်းဆုံးတော့ ၎င်းတို့အချင်းချင်းကြား စည်းလုံးပျက်ပြား မသွားစေရန် ထိန်းပေးထားနိုင်သည်။ စစ်အုပ်စုကို ရှိရင်းစွဲ ထောက်ခံကြသူတွေ ဘက်ပြောင်းမသွားစေရန် အဟန့်အတားတခုအဖြစ် ရှိနေစေသည်။ ဟိုဘက်လည်း မဟုတ် ဒီဘက်လည်း မဟုတ်ဆိုသည့် ကြားနေအုပ်စုကိုလည်း ဆန့်ကျင်ဘက် အင်အားစုဆီ ပူးပေါင်းမသွားစေရန် ထိန်းချုပ်ပေးထားနိုင်သည်။

ဤသို့သော ရည်ရွယ်ချက်ဖြင့် စစ်အုပ်စုက ဘာသာရေး၊ လူမျိုးရေး မှိုင်းကို ယခုအချိန်အထိ နှစ်နှစ်ခြိုက်ခြိုက် လက်ကိုင်ပြုနေတာ ဖြစ်သည်။ ထိုရည်ရွယ်ချက်ဖြင့်ပင် ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီနှင့် တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေကို ခေတ်အဆက်ဆက် မျိုးစုံတံဆိပ်ကပ် ပုံဖျက်ပြနေတာ ဖြစ်သည်။

တဖက်တွင်လည်း ထိုသို့ ပုံဖျက်ဝါဒမှိုင်းတိုက်ခြင်းဖြင့် လူထုအုံကြွမှုတွေ၊ လူထုတော်လှန်ရေးတွေကို စစ်တပ်နှင့် ဆန့်ကျင်ဘက် အင်အားစုတခု၊ အဖွဲ့အစည်းတခုတို့၏ နေရာလုကြသည့် ရန်ပွဲအဖြစ် လူအများ တွေးမိလာအောင် တွန်းပေးနိုင်သည်ဟု စစ်ခေါင်းဆောင်တို့က ယူဆကြသည်။

နောက်ထပ်အကြောင်းပြချက်တခုကတော့ စစ်ခေါင်းဆောင်တို့၏ အကျိုးစီးပွား ကိုယ်ကျိုးအတ္တတွေအတွက် နိုင်ငံကို လိုသလိုပုံဖော်သည့်အခါ ကျောထောက်နောက်ခံ အကြောင်းပြချက်ကောင်းတွေ ရစေသည်။ အာဏာသိမ်းမှု အခင်းအကျင်းမှာပင် ထိုသို့သော အခြေအနေကို ထင်ထင်ရှားရှားတွေ့နိုင်သည်။

မူလကတည်းက NLD ပါတီကို နောက်ထပ်ငါးနှစ် အာဏာမပေးနိုင်တော့ဟု တွေးတောကြံစည်ကာ ရွေးကောက်ပွဲ မနိုင်စေရန်အပြင် ရွေးကောက်ပွဲ မဖြစ်မြောက်ရန်အထိ စစ်အုပ်စုနှင့် အပေါင်းအပါများက ကာလရှည်ကြာ ကြိုတင် ပြင်ဆင်ဝါဒ ဖြန့်ခဲ့ကြသည်။

ထို့ကြောင့် NLD ပါတီက ရွေးကောက်ပွဲထပ်မံ အနိုင်ရသွားချိန်တွင်တော့ “မဲမသမာ၍” ဟုဆိုသော ကြိုတင်ပြင်ဆင်ထားသည့် ဇာတ်လမ်းအတိုင်း အာဏာကောက်သိမ်းလိုက်တော့၏။

အရပ်သား အစိုးရခေါင်းဆောင်တွေ အားလုံးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး အာဏာသိမ်းမှု အောင်မြင်ပြီဟု ယူဆခဲ့ချိန်တွင် “နှစ်နှစ်အတွင်း” ဆိုသည့်စကားကို တွင်တွင်ပြောခဲ့သည်။

သို့သော် ထင်သလို ဖြစ်မလာ သောအခါတွင်မူ သူတို့ရေးခဲ့ကြသည့် ၂၀၀၈ အခြေခံဥပဒေထဲက “သာမန်အားဖြင့်” ဆိုသည့် စကားလုံးကို ဇွတ်အတင်းဆွဲယူ အသုံးချကာ ခပ်လွယ်လွယ်ပင် စစ်အာဏာသက်ကို ဆွဲဆန့်ခဲ့ကြပြန် သည်။

ယခုနောက်ဆုံး စစ်အုပ်စု ဝါဒဖြန့်လာသည့် အနီးစပ်ဆုံး ကိစ္စနှစ်ခုတွင်လည်း ထိုသို့သော ရည်ရွယ်ချက်များကိုပင် အထင်သား ထပ်မံမြင်တွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ကြသည် ဆိုသော ကိစ္စကတော့ အများအသိ။

မည်သည့်အခါမှ စကားကို လက်လွယ်စပယ်မပြော ထိန်းသိမ်းပြောဆို လေ့ရှိသည့် ဒေါ်အောင်ဆန်းစုကြည်က PDF NUG တို့ကို မထောက်ခံဟု ပြောကြောင်း အလွယ်သိသာသည့် ဝါဒမှိုင်းတိုက် ဇာတ်လမ်းမျိုးကို ဖန်တီးခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြော၍ PDF တွေ အလင်းဝင်လာကြသည် ဆိုသော နောက်ဆက်တွဲပင် ပါလိုက်သေးသည်။ သည်ဇာတ်လမ်းကတော့ မြန်မာ့အရေးကို ဆွေးနွေးပွဲလမ်းကြောင်းဖြင့် ဖြေရှင်းရန် တွန်းပို့နေသည့် နိုင်ငံတကာကို လှည့်စားဖို့ ရည်ရွယ်တာမျိုးလည်း ပါသည်။

နောက်ထပ် ကိစ္စတခုကတော့ နေပြည်တော်မှာ မင်းအောင်လှိုင် တည်နေသည့် ဗုဒ္ဓရုပ်ပွားတော် တည်ဆောက်ရေး လုပ်ငန်းကို ရှင်းပြသည်ဟုဆိုကာ သမ္မတဦးသိန်းစိန် အပါအဝင် စစ်ဗိုလ်ချုပ်များ တစုတစည်းတည်း စုဝေးပြခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့လုပ်ပြခဲ့သည့် ကာလက အရေးပေါ်ကာလ နောက်ထပ် ခြောက်လသက်တမ်း ထပ်တိုးရန် ပြင်ဆင်နေချိန်မှာ ဖြစ်သည်။

ဤသို့သော အချိန်မျိုးတွင် စစ်ဗိုလ်ချုပ်တွေ အချိန်ကိုက် ထွက်လာကြခြင်းကတော့ သူတို့အချင်းချင်းမှာပင် ဝေဖန်ခံနေရသည့် မင်းအောင်လှိုင်က သူ့ရဲ့ပါဝါအရှိန်အဝါကို ပြတာမျိုးဖြစ်နိုင်သလို မည်သို့ပင် ရုန်းကန်နေရသည် ဆိုစေကာမူ စစ်ဗိုလ်ချုပ်တို့ အချင်းချင်းကြားမှာတော့ စုစည်းညီညွတ်မှု အားကောင်းနေဆဲ ဖြစ်ကြောင်း လက်အောက်ခံတွေကို ပြသတာမျိုးလည်း ဖြစ်နိုင်သည်။

စစ်ဗိုလ်ချုပ်တို့ အကျိုးအတွက် မြေပြင်မှာ သေပွဲဝင်ပေးနေရသည့် လက်အောက်ခံတွေကို ခွန်အားပေးရန် ရည်ရွယ်သော လူလုံးထွက်ပြခြင်း ပုံရိပ်မျိုးအဖြစ်လည်း သတ်မှတ်နိုင်ပါသည်။

နောက်ထပ် ဖြစ်နိုင်ချေရှိသည့် အချက်တချက်ကတော့ “သာမန်အားဖြင့်” ဆိုသည့် စကားလုံး အနည်းငယ်မျှကို အသုံးပြု၍ အရေးပေါ်ကာလတွေ တကြိမ်ပြီးတကြိမ် ဆက်တိုးနေမည့် မင်းအောင်လှိုင်၏ ခြေလှမ်းတွေကို ရိပ်မိ လာသည့် စစ်အုပ်စု အသိုင်းအဝိုင်းကြား ဝေဖန်စိတ်ပျက်မှုတွေကို ပျောက်ပျက်သွားစေရန် ဤသို့စုရုံးပြတာမျိုးလည်း ဖြစ်နိုင်သည်။

မည်သို့ပင်ဆိုစေ ဤသို့သောကာလမျိုးမှာ စစ်ဗိုလ်ချုပ်တွေ ယခုလို စုရုံးပြခဲ့ကြတာက မင်းအောင်လှိုင်တည်သည့် ရုပ်ပွားတော် တည်ဆောက်ရေး လုပ်ငန်းခွင်ကို လေ့လာကြခြင်း သက်သက်မဟုတ် ဆိုတာကတော့ သေချာ ပါသည်။

စစ်ကောင်စီ၏ ဝါဒမှိုင်းတိုက်ရေး ခြေလှမ်းတွေကို သတိပြုမိစေရန် အနည်းအကျဉ်းမျှ ရေးသားဖော်ပြခြင်းသာ ဖြစ်ပါသည်။

ကိုယ့်အချင်းချင်း စည်းလုံးရေးကိုပင် ဤသို့ဤပုံ အမျိုးမျိုးအဖုံဖုံ ဝါဒမှိုင်းသွတ်သွင်း၍ တည်ဆောက် ထိန်သိမ်းနေရသည်ကို တွေ့နေရတာကပင် မည်မျှအထိ “တပ်ပျက်”နေကြောင်း ပေါ်လွင်စေသည်။

ထိုအခြေအနေကို ကြည့်ရင်းကပင် တနိုင်ငံလုံးမှာ လူထုသပိတ်တိုက်ပွဲ အားကောင်းခဲ့သည့် ကာလတွေက လမ်းမတွေထက်မှာ ကျယ်လောင်ဖူးခဲ့သည့် ကြွေးကြော်သံတခုကို ပြန်လည်ကြားယောင်မိရသည်။

“တပ်ပျက်နေပြီဟေ့” ….တဲ့…..။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article