တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းမှု ရှိမှ ရွေးကောက်ပွဲကျင်းပမည်ဆိုသော အာဏာဆက်လက် ချုပ်ကိုင်မည့် ဦးတည်ချက်အသစ် စစ်ကောင်စီက ချမှတ်
■ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများကို ဆူးငြောင့်ခလုတ်များဟု မင်းအောင်လှိုင်က အမည်တပ်လိုက်ပြီး ၂၀၀၈ အခြေခံဥပဒေတွင် ဖက်ဒရယ်အခွင့်အရေး အပြည့်အ၀ရှိဟုဆို
ရန်ကုန်၊ ဩဂုတ် ၉
အကြမ်းဖက် စစ်ကောင်စီက တစ်နိုင်ငံလုံးတွင် တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အ၀ ရရှိလာမှ ရွေးကောက်ပွဲ ကျင်းပမည်ဆိုသော နိုင်ငံတော်အာဏာ မတရား ဆက်လက် ချုပ်ကိုင်မည့် ဦးတည်ချက်အသစ်ကို ချမှတ် လိုက်ကြောင်း အကြမ်းဖက်မင်းအောင်လှိုင်က တရားဝင် ထုတ်ပြန်ပြောဆိုလိုက်သည်။
ယမန်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင် အကြမ်းဖက် မင်းအောင်လှိုင်က စစ်ကောင်စီ၏ ဦးတည်ချက် အသစ် ၅ ရပ်ကို ထုတ်ပြန်လိုက်ပြီး ယင်းဦး တည်ချက်များတွင် အာဏာကို ဆက်လက်ချုပ်ကိုင်၍ သက်တမ်း ၆ လ အကြိမ်ကြိမ်တိုးမြှင့်မည့် ဦးတည်ချက် အသစ်များ ပါဝင်လာသည်ကို မြင်တွေ့ရသည်။
“လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်း ပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အ၀ ရရှိ လာအောင် အလေးထား ဆောင်ရွက်သွားမည်” ဟု အကြမ်းဖက် စစ်ကောင်စီက ဦးတည်ချက် အသစ်ကို ထုတ်ပြန်ခြင်းဖြစ်သည်။
ထို့ပြင် အကြမ်းဖက်မင်းအောင်လှိုင်က လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တိုင်းရင်းသား များအတွက် ဖက်ဒရယ်အခွင့်အရေးများ အပြည့်အ၀ ပေးထားပြီးဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခသည် ဒီမိုကရေစီနှင့်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် အဓိက ဆူးငြောင့်ခလုတ်များဖြစ်နေကြောင်း ပြောဆို အမည်တပ်သွားသည်။
