ဝက်လက်မြို့နယ်၊ပယ်သူကြီးရွာတွင် စစ်တပ်က စိတ်ဝေဒနာသည် မောင်ဇင်ကို နှင့် PDF ၂ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်၊ အသက် ၇၀ အရွယ် သက်ကြီးရွယ်အို တစ်ဦး နှလုံးရပ်သေဆုံး
ရန်ကုန်၊ ဩဂုတ် ၁၂
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ပယ်သူကြီးကျေးရွာတွင် စစ်တပ်က စိတ်ဝေဒနာသည် မောင်ဇင်ကိုနှင့် PDF ရဲဘော် ၂ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်လိုက်ကြောင်း ရွှေဘိုခရိုင်တပ်ရင်း၁၈ တပ်ရင်းမှူး ဗိုလ်စွန်ရဲနှင့် ဒေသပြည်သူများက ရန်ကုန်ခတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၁ ရက်နေ့ မွန်းတည့်ပိုင်းတွင် အကြမ်းဖက်စစ်တပ်က ဝက်လက်မြို့နယ်၊ ပယ်သူကြီးကျေးရွာသို့ ပစ်ခတ် ဝင်ရောက်လာခဲ့ကြောင်း၊ အဆိုပါစစ်ကြောင်းသည် စစ်ကိုင်းမြို့နယ်၊တလိုင်းရွာကို စစ်ကြောင်းထိုးခဲ့သည့် စစ်ကြောင်းဖြစ်ပြီး ပယ်သူကြီးကျေးရွာမှ ထွက်မပြေးနိုင်သည့် စိတ်ဝေဒနာသည် မောင်ဇင်ကိုနှင့် ရွာအတွင်း ကယ်ဆယ်ရေး လုပ်နေသော PDF ရဲဘော် ၂ ဦးကို ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
“ဒီနေ့ စစ်တပ်က ရွာထဲကနေ ထွက်သွားလို့ နယ်မြေရှင်းလင်းရေး လုပ်တဲ့ အခါမှာ စစ်တပ်က သတ်သွားတဲ့ ပြည်သူတစ်ဦး အလောင်း တွေတယ်။နောက်ပြီး တော့ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ လန့်ပြီး နှလုံးရပ်သေဆုံးတဲ့ အလောင်း တစ်လောင်းတွေ့တယ်။ ပယ်သူကြီးရွာအတွင်းမှာ အလောင်း ၂ လောင်း တွေ့တာပေါ့။ စစ်တပ်က ပစ်သတ်လိုက်တဲ့ ကလေးက စိတ်ဝေဒနာ ရှင် မသန်စွမ်း ကလေးပါဗျာ။နာမည်က မောင်ဇင်ကိုပါ။ နှလုံးရပ်သေဆုံး တာကအသက် ၇၀ ပါ။ နောက်တစ်ခါ ထန်းကြီးရွာတောင်ဘက်မှာ PDF ရဲဘော်လေး ၂ ဦးကို စစ်တပ်က သတ်ထားခဲ့တယ်” ဟု ရွှေဘိုခရိုင်တပ်ရင်း၁၈ တပ်ရင်းမှူး ဗိုလ်စွန်ရဲက ရန်ကုန်ခတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့ပြင် ဩဂုတ်လ ၁၁ ရက်နေ့ ညနေပိုင်း စစ်တပ်က ပယ်သူကြီးရွာမှ စစ်ဘေးရှောင်လှည်း၂စီးကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ပြည်သူ ၇ ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။


