Do more Singapore သို့မဟုတ် စစ်အုပ်စုရဲ့ အရှိုက်ကို ထိုးနှက်နိုင်စွမ်း ရှိတဲ့နိုင်ငံ
By လမ်းသစ်
“စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျပ်အတည်းသာမက စီးပွားရေး ခြွတ်ခြုံကျတဲ့ အခြေအနေနဲ့ပါ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်လာဖို့အတွက် စင်္ကာပူနိုင်ငံက ၄င်းရဲ့ဘဏ္ဍာရေး အရှိန်အဝါသုံးပြီး စစ်ခေါင်းဆောင်တွေကို ဖိအားပေးနိုင်စွမ်း ရှိပါတယ်”
ဒါက အမေရိကန်နိုင်ငံခြားရေး မူဝါဒဆိုင်ရာ Derek Chollet က စင်ကာပူအစိုးရ အရာရှိများနဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်း တွေ့ဆုံခဲ့စဥ်မှာ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ Derek Chollet ဟာ မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားဝင်ငွေတွေ ရရှိနေမှုကို တားဆီးထိန်းချုပ်ပေးဖို့အတွက် စင်္ကာပူအစိုးရကို မကြာခဏ တောင်းဆိုခဲ့သူလည်း ဖြစ်ပါတယ်။
အခုအချိန်မှာတော့ ဘက်ပေါင်းစုံက ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် Derek Chollet ရဲ့ တောင်းဆိုချက်ဟာ အကောင်အထည် ပေါ်လာမဲ့ လမ်းစကို စတင်မြင်နေပြီပဲ ဖြစ်ပါတယ်။
ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူ တွမ်အင်ဒရူးစ်ရဲ့ ပြီးခဲ့တဲ့ မေလက တင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာပါ အချက်တွေက စင်ကာပူ အစိုးရကို ကြီးစွာ ရိုက်ခတ်စေခဲ့ပါတယ်။
စင်္ကာပူရှိ ကုမ္ပဏီပေါင်း အနည်းဆုံး ၁၃၈ ခုက အမေရိကန် ဒေါ်လာ ၂၅၄ သန်းတန်ဖိုးရှိ လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို မြန်မာနိုင်ငံသို့ ၂၀၂၁ နဲ့ ၂၀၂၂ခုနှစ်အတွင်းမှာ တင်သွင်းခဲ့တယ်လို့ အချက်အလက်နဲ့တကွ တွမ်က ဆိုတာပါ။ သူ့ရဲ့ ၏ အစီရင်ခံစာကို စင်ကာပူအစိုးရက ချက်ခြင်းလို တုံ့ပြန်ခဲ့ပြီး မှန်ကန်မှု ရှိ/မရှိ စုံစမ်း စစ်ဆေးသွားမယ်လို့ ကြေညာခဲ့ရပါတယ်။
စင်ကာပူအစိုးရက လက်နက်မဲ့ အရပ်သားတွေကို အကြမ်းဖက်စေနိုင်မယ့် စစ်လက်နက်တွေကို မြန်မာစစ်တပ်ဆီ လွှဲပြောင်းမှု မလုပ်ဖို့ မူဝါဒရှိပြီးသား ဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပေမယ့်၊ လက်တွေ့မှာတော့ အကြမ်းဖက် စစ်အုပ်စုအတွက် လက်နက်ရရှိရေးနဲ့ ဘဏ္ဍာငွေစီးဆင်းမှုတွေမှာ စင်ကာပူက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေဆဲဆိုတာကို အဆိုပါ အစီရင်ခံစာပါ အချက်တွေက သက်သေပြနေတာပါ။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း အကြမ်းဖက်စစ်တပ်အတွက် စင်ကာပူဟာ တတိယအကြီးဆုံး လက်နက်ရောင်းချတဲ့ နိုင်ငံဖြစ်နေတယ် လို့လည်း တွမ်အင်ဒရူးစ် က ဆိုပါတယ်။
“စင်ကာပူအစိုးရက ကျနော့်ဆီကို ဆက်သွယ်လာတော့ စင်ကာပူအခြေစိုက် လက်နက်ကုမ္ပဏီ ၁၃၈ ခု ကနေ ဒေါ်လာ ၂၅၄ သန်း ဖိုး မြန်မာစစ်တပ်ကို လက်နက်ရောင်းချခဲ့တဲ့ ကုန်သွယ်မှုအကြောင်း သူတို့ကို သေချာလေး စီစစ်ထုတ်ဖော်ပြခဲ့လိုက်ပါတယ်။ စင်ကာပူကနေ ဖြတ်ပြီးတော့မှ မြန်မာစစ်တပ်ဆီကို လက်နက်တွေရယ်၊ လက်နက်ထုတ်လုပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေရယ် မြန်မာစစ်တပ်ဆီ စီးဆင်းနေတာပါ” လို့လည်း ဆိုတာပါ။
ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ လူမိုက်ဂိုဏ်းသဖွယ် နိုင်ငံအဆင့် အုပ်စုဖွဲ့ အဂတိလိုက်စားနေမှုကို တစိုက်မတ်မတ် ဖော်ထုတ်နေတဲ့ Justice for Myanmar (JFM) ရဲ့ စင်ကာပူနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်၊ အစီရင်ခံစာတွေ ကလည်း စင်ကာပူအစိုးရကို အကြပ်ရိုက်စေပါတယ်။
စင်ကာပူဟာ မြန်မာနိုင်ငံနဲ့ ကီလိုမီတာ ၁,၀၀၀ ကျော်ကွာဝေးပါတယ်။ ပထဝီအနေအထားအရ အလှမ်းကွာဝေးပေမယ့် မြန်မာ့အရေးမှာ စင်ကာပူရဲ့ တိုက်ရိုက်ပါဝင်ပတ်သက်မှုက ကြီးမားတယ်လို့ JFM ကဆိုပါတယ်၊ အထူးသဖြင့် စင်ကာပူရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို တိုက်ရိုက် အထောက်အကူ ဖြစ်နေစေတယ်လို့ တစိုက်မတ်မတ် ဝေဖန်ပြောဆိုနေတာပါ။
လက်ရှိမှာလည်း JFM အပါအဝင် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ဦးဆောင်ပြီး မြန်မာစစ်အုပ်စုနဲ့ ပတ်သက်နေတဲ့ ကုမ္ပဏီတွေကို စင်ကာပူအစိုးရကိုယ်တိုင် ဖိအားပေး အရေးယူတာတွေ ပြုလုပ်ပေးဖို့အတွက် ဖော်ပြပါအချက် ၃ ချက်ကို တောင်းဆိုထားတဲ့ ကမ်းပိန်းကို လုပ်ဆောင်နေပါတယ်။
– စင်ကာပူကုမ္ပဏီတွေကတဆင့် မြန်မာစစ်တပ်ကို စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချမှုကို ချက်ချင်းရပ်တန့်ရန်။
– စင်ကာပူ ဘဏ်ကွန်ရက်တွေကို စစ်အုပ်စုဘက်မှ ဝင်ရောက်အသုံး မပြုနိုင်အောင် ပိတ်ဆို့ပေးရန်
– မြန်မာစစ်တပ်ကို စစ်လက်နက်တွေ ရောင်းချနေမှုမှာ ပါဝင်နေတဲ့ စင်ကာပူကုမ္ပဏီတွေကို ဖော်ထုတ်ပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပွင့်လင်းမြင်သာစွာ ပြုလုပ်ရန်
တကယ်တမ်းမှာလည်း ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တဲ့ တစ်ကျော့ပြန် စစ်အာဏာသိမ်းမှုအပေါ် စင်ကာပူနိုင်ငံက အစပိုင်းမှာ သိသာမြင်သာစွာ ဝေဖန်မှုတွေ လုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မြန်မာစစ်အုပ်စုကို ထိရောက်တဲ့ ဘယ်လိုအရေးယူပိတ်ဆို့မှုမျိုးကိုမှ မလုပ်ဘဲ “အမျိုးသားအကျိုးစီးပွား” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရေလိုက်ငါးလိုက်နေ နေခဲ့တာပါ။
မြန်မာစစ်တပ်အတွက် လက်နက်တင်ပို့မှုတွေနဲ့ ပတ်သက်ပြီး မေလ ၁၇ ရက်က ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ “သေမင်းတမန် ကုန်သွယ်မှု” အစီရင်ခံစာ ထွက်လာတဲ့အခါမှသာ စင်ကာပူရဲ့ ပါဝင်ပတ်သက်နေမှုက ပိုမိုသိသာလာတဲ့နောက် စင်ကာပူအစိုးရက (စင်ကာပူ)ဘဏ်တွေအပေါ် ကြီးကြပ်မှုတွေ စတင်တိုးမြှင့်လိုက်ပုံရတယ် လို့ နိုင်ငံရေးလေ့လာသူ အများစုက ဝေဖန်သုံးသပ်ကြပါတယ်။
သိသာထင်ရှားတဲ့ အချက်အနေနဲ့ စင်ကာပူဘဏ်ကြီးဖြစ်တဲ့ United Overseas Bank (UOB) ဘဏ်ဟာ စစ်အုပ်စုရဲ့ မိတ်ဖက် ခရိုနီလုပ်ငန်းရှင် ဦးအောင်အောင်ဇော် ပိုင်ဆိုင်တဲ့ မြန်မာ့လေကြောင်းလိုင်း (MAI) ရဲ့ ဘဏ်စာရင်းအကောင့်တွေကို သြဂုတ်လ ၁၅ရက်နေ့ နောက်ဆုံးထားပြီး ဖျက်သိမ်းဖို့ ထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် UOB ဘဏ်အနေနဲ့ မြန်မာဘဏ်တွေအပါအဝင် မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို စက်တင်ဘာလဆန်းကစပြီး ကန့်သတ်ပိတ်ပင်သွားမယ် ဆိုတဲ့ ဆုံးဖြတ်ချက်လည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ပါတယ်။
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့အပေါ် အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုကြောင့် ဒေါ်လာ အသည်းအသန် လိုအပ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီအတွက် စင်ကာပူ UOB ဘဏ်ရဲ့ ကန့်သတ်လိုက်မှုဟာ ကြီးမားတဲ့သက်ရောက်မှုကို ဖြစ်စေပါတယ်။
အခြားတဖက်မှာလည်’ စင်ကာပူဟာ သြဂုတ်လ ၂ရက်ကနေ ၄ရက်နေ့အထိ နေပြည်တော်မှာ မြန်မာစစ်တပ်နဲ့ ရုရှားတို့ ဦးဆောင်ပြုလုပ်ခဲ့တဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ဆွေးနွေးပွဲကို အခြားအာဆီယံနိုင်ငံများနည်းတူ မတက်ရောက်ဘဲ လက်ရှောင်လာတာ တွေ့ရပါတယ်။ ဒါဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး စင်ကာပူအစိုးရအပေါ် ဖိအားတွေ ရှိနေပြီဆိုတာ ပြသရာရောက်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိလို့လာပါတယ်။
ဒါပေမဲ့ အခုလို စင်ကာပူဘဏ်တချို့ရဲ့ မြန်မာစစ်အုပ်စုနဲ့ ပတ်သက်တဲ့ ကန့်သက် ပိတ်ပင်မှုတချို့ကို စတင်မြင်တွေ့နေရပြီ ဖြစ်ပေမဲ့၊ စင်ကာပူအနေနဲ့ ဒီထက်ပိုပြီး လုပ်နိုင်စွမ်းရှိတယ်လို့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။၊
ဒါကြောင့် စစ်ကောင်စီအပေါ် စင်ကာပူက ဒီထက်ပိုပြီး ဖိအားပေး အရေးယူနိုင်ဖို့ “Do More Singapore “ဆိုတဲ့ ကမ်ပိန်းတခုကို JFM အပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေက စတင်လုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။
လွတ်လပ်တဲ့ အစီရင်ခံစာများအရ ဖက်ဆစ်စစ်တပ်ဟာ အာဏာသိမ်းချိန်ကစလို့ အပြစ်မဲ့ ပြည်သူ ၃,၉ဝဝ နီးပါးကို သတ်ဖြတ်ခဲ့ပြီး ၂၄,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ အိမ်အရေအတွက် ၇၅,၀၀၀ ခန့်ရှိပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူပေါင်း ၂,၀၀၀,၀ဝဝ နီးပါး ရှိခဲ့ပါတယ်။ မြန်မာစစ်တပ်ဟာ ၄င်းတို့ဝယ်ယူရရှိထားတဲ့ လက်နက်တွေနဲ့ ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ တောက်လျှောက် ကျူးလွန်နေခဲ့တာပါ။
ဒီလိုတွေ ကျူးလွန်ဖို့ စစ်လက်နက် ဝယ်ယူရာမှာ ဒေါ်လာသန်း ရာထောင်ချီကို စင်ကာပူဘဏ်စနစ်ကနေ လွှဲပြောင်းလုပ်ဆောင်နေတာကြောင့် စင်ကာပူအနေနဲ့ ၄င်းရဲ့ဘဏ္ဍာရေး အရှိန်အဝါကို အသုံးပြုပြီး အကြမ်းဖက် စစ်ကောင်စီရဲ့ စီးပွားရေးကွန်ရက်တွေကို ပိတ်ဆို့အရေးယူခြင်းအားဖြင့် လက်ရှိ စစ်ကောင်စီက ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အချိန်တိုတွင်း ရပ်တန့်သွားစေနိုင်တယ် လို့လည်း အရပ်ဘက်အဖွဲ့အစည်းတွေက ယုံကြည်နေကြတာပါ။
ဒီလိုလုပ်ဆောင်နိုင်ဖို့ စင်ကာပူအစိုးရမှာ ဘဏ္ဍာရေး အရှိန်အဝါနဲ့ စွမ်းအားတွေ ရှိနေတယ်လို့လည်း ၄င်းတို့က ဆိုပါတယ်။ ဒါကြောင့်“Do more Singapore” ဆိုပြီး မြန်မာစစ်အုပ်စုကို အရေးယူပိတ်ဆို့နိုင်ဖို့ ဒီထပ်မက ပိုမိုအင်အား စိုက်ထုတ်လုပ်ကိုင်ဖို့ စင်ကာပူအစိုးရကို တောင်းဆိုနေကြတာ ဖြစ်တယ်လို့ အရပ်ဘက်အဖွဲ့အစည်းများက ရှင်းလင်းပြောဆိုကြပါတယ်။
ဒီ Do more Singapore ကမ်ပိန်းဟာ စင်ကာပူအစိုးရအနေနဲ့ မြန်မာစစ်အုပ်စုအပေါ် ပိုမိုထိရောက်တဲ့ အရေးယူမှုတွေကို ယခုထက် ပိုမိုအားစိုက် လုပ်ကိုင်လာစေဖို့အတွက် ဖိအားပေးဖို့ ရည်ရွယ်လုပ်ကိုင်ခြင်း ဖြစ်တယ်လို့လည်း အဆိုပါကမ်ပိန်းကို ဦးဆောင်နေတဲ့ အဖွဲ့တဖွဲ့ဖြစ်တဲ့ Blood Money Campaign အဖွဲ့ဝင်တဦးက ဆိုခဲ့ပါတယ်။