ဂန့်ဂေါရှိ ရဲစခန်း ၃ ခုကို PDF တပ်ဖွဲ့က တိုက်ခိုက်နေပြီး စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ၊ ကလေးတွင်လည်း စစ်တပ်က စစ်ကြောင်းထိုးပြီး ရဟတ်ယာဥ်ဖြင့် ပစ်ခတ်နေ
ရန်ကုန်၊ သြဂုတ် ၁၅
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ရဲစခန်း ၃ ခုကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်နေပြီး အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲလျက်ရှိကြောင်း ယော PDF အဖွဲ့ဝင် တစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယနေ့ သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်၏ ဂန့်ဂေါမြို့ရှိ ရဲစခန်း ၃ ခုကို PDF တပ်ဖွဲ့များက တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်နေခြင်း ဖြစ်ပြီး အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ လျက်ရှိကာ လက်ရှိအချိန်အထိ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။
“ယောက ရဲစခန်း ၃ ခုကို ဝင်တိုက်တာ ။ Mi 35 နဲ့ ဒကစက လာတာ။ ဂန့်ဂေါက နေရာ ၃ခုကို တစ်ပြိုင်ထဲ တစ်ချိန်ထဲ ဂျက်ဖိုက်တာပါ လာပစ်တာ” ဟု ယော PDF အဖွဲ့ဝင် တစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထို့ပြင် ကလေးမြို့ သာစည်ရွာကိုလည်း အကြမ်းဖက် စစ်တပ်က အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးကာ ရဟတ်ယာဥ်များဖြင့် ပစ်ခတ်လျက်ရှိကြောင်း တော်လှန်ရေးရဲဘော်များနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ် ၁၅ ရက်နေ့ နံနက် ၅ နာရီ ၄၉ မိနစ်ခန့်မှစ၍ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး သာစည်ကို ရဟတ်ယာဥ်ဖြင့် မိနစ် ၃၀ နီးပါး ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“၁၂ ဘီး ၂ စီး၊ စခကား ရိုးရိုး ၂၊ ၃ စီးနဲ့။ အစောကြီးပဲ ၅ နာရီ ၄၉ မိနစ်က အမြှောက်တပ်က လက်နက်ကြီးစထုတာကနေ စစ်ကြောင်း စထိုးတော့တာပဲ။ တရစပ်ပစ်ပြီး အလုံးအရင်းနဲ့တိုးနေတာ။ လက်နက်ကြီး ပစ်ကူရောပေးနေတာ” ဟု တော်လှန်ရေးရဲဘော် တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။