အမေရိကန်ပြည်ထောင်စုရှိ မြန်မာမိသားစုများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး တွေ့ဆုံ
ရန်ကုန်၊ ဩဂုတ် ၁၅
အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယား မြို့တော် ဆန်ခရမ်မဲန်တို့သို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးသည် မြန်မာမိသားစု အသိုင်းအဝိုင်းများနှင့် ဩဂုတ်လ ၁၄ ရက်နေ့တွင် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး လက်ရှိနွေဦးတော်လှန်ရေးအခြေအနေများ အပြန်အလှန် ဆွေးနွေးကြကြောင်း သိရှိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးသည် ဆန်ဖရန်စစ္စကိုဗေးဧရိယာရှိ နွေဦးတော်လှန်ရေး အင်အားစုအချို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ တွေ့ဆုံပွဲများတွင် ဝန်ကြီးမှ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၏ လက်ရှိဆောင်ရွက်နေမှုများ၊ နိုင်ငံတကာထောက်ခံမှု အခြေအနေများ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာပြည် အလားအလာများ၊အာဆီယံ နိုင်ငံများ နှင့် အမျိုးသားညီညွတ်ရေး အစိုးရ နှင့် လက်ရှိဆက်ဆံရေး အခြေအနေများ ၊ အမေရိကန် အစိုးရနှင့် လွှတ်တော်တို့နှင့် ထိတွေ့ဆက်ဆံမှုများ၊ Burma Act ခေါ် အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံပေါ်ထောက်ပံ့မှုများ အတွက် လုပ်ပိုင်ခွင့်အာဏာအကြောင်းများ၊ မြန်မာ-အမေရိကန် မဲဆန္ဒရှင်များနှင့် အခွန်ထမ်းပြည်သူများ၏ လုပ်ပိုင်ခွင့်ကို အသုံးချ၍ အမေရိကန်လွှတ်တော်အမတ်များကို တိုက်တွန်းနှိုးဆော်နိုင်ရေး ကိစ္စရပ်များကို အပြန်အလှန်ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။