26 C
Yangon

ဒေါ်လာငွေ အလွန် ပြတ်လပ်နေသည့် အကြမ်းဖက်စစ်ကောင်စီက သွင်းကုန် အတွက် နိုင်ငံခြားငွေ ၃ လစာနှင့် စက်သုံးဆီအတွက် နိုင်ငံခြားငွေ ၂ လစာ ကျန်ရှိဟု လိမ်လည်ပြန်

Must read

ဒေါ်လာငွေ အလွန် ပြတ်လပ်နေသည့် အကြမ်းဖက်စစ်ကောင်စီက သွင်းကုန် အတွက် နိုင်ငံခြားငွေ ၃ လစာနှင့် စက်သုံးဆီအတွက် နိုင်ငံခြားငွေ ၂ လစာ ကျန်ရှိဟု လိမ်လည်ပြန်

■ ပြည်ပပို့ကုန်ရငွေ အမေရိကန်ဒေါ်လာများ စစ်ကောင်စီထံ မအပ်သည့် စီးပွားရေးသမားများကို တရားစွဲ ထောင်ချ အရေးယူမည်ဟု စစ်တပ်က ခြိမ်း ခြောက်

ရန်ကုန်၊ ဩဂုတ် ၂၀

အကြမ်းဖက်စစ်ကောင်စီက မြန်မာနိုင်ငံအတွက် တင်သွင်းမည့် သွင်းကုန် အတွက် နိုင်ငံခြားငွေ ၃ လစာ၊ စက်သုံးဆီ တင်သွင်းရန် အတွက် နိုင်ငံခြားငွေ ၂ လစာ အလုံအလောက်ရှိကြောင်း စစ်ကောင်စီဗဟိုဘဏ်က ထုတ်ဖော်ပြောဆို လိုက်သော်လည်း စီးပွားရေး သမားများက အယုံအကြည်မရှိကြကြောင်း သိရှိရ သည်။

ယမန်နေ့ နေပြည်တော်တွင် UMFCCI စီးပွားရေးသမားများနှင့် စစ်ကောင်စီ၏ ဗဟိုဘဏ် တွေ့ဆုံပွဲတွင် ဗဟိုဘဏ်က အထက်ပါ အတိုင်း ထုတ်ဖော်ပြော ဆို လာ ခြင်းဖြစ်သည်။

“မနေ့က UMFCCI ဆန်စပါးအသင်း အပါအဝင် စီးပွားရေး အသင်းတွေနဲ့ တွေ့ဆုံပွဲမှာ စစ်ကောင်စီဗဟိုဘဏ်က သူတို့ဆီမှာ နိုင်ငံခြားငွေ သွင်းကုန် အတွက် ၃ လစာ ၊ စက်သုံးဆီအတွက် ၂ လစာ အပြည့်ရှိတယ်ဆိုပြီး ထုတ်ဖော် ပြောတယ်။ ဒါပေမယ့် အဲဒါက သူတို့အပြောပါပဲ။ ကျနော်တို့ စီးပွားရေးသမား တွေနဲ့ ကုမ္ပဏီတွေကို လိုသလောက် မရောင်းပေးဘူး။ လိုအပ်တဲ့ငွေကို ပြင်ပ စျေးကွက်ကနေ လိုက်ဝယ်နေရတယ်။ သူတို့မှာ ရှိတယ်ဆိုရင် ရောင်းပေးရမှာ ပေါ့။ အခုလည်း ရောင်းပေးမယ်လို့ ပြောပြန်တယ်။ လက်တွေ့မှာတော့ သွင်းကုန်လိုင်စင်တောင် ချမပေးဘဲ ရစ်ထားတာပါ” ဟု ရန်ကုန်စီးပွားရေး သမားတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီ၏ ဗဟိုဘဏ်က သွင်းကုန်သမားများကို အမေရိကန်တစ်ဒေါ်လာ လျှင် ငွေကျပ် ၂၉၂၀ ကျပ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း၊ ကုန်စျေးနှုန်း တိုးမြှင့် ရောင်းချပါက အရေးယူ မည်ဖြစ်ကြောင်း ပြောဆိုသော်လည်း မည် သည့် သွင်းကုန်သမားမှ ဗဟိုဘဏ်ထံမှ ဒေါ်လာ အပြည့်အ၀ ဝယ်ယူရရှိခြင်း မရှိကြောင်း သိရှိရသည်။

“ဒီလိုပါ။ သွင်းကုန်တစ်ခု တင်သွင်းမယ်ဆိုရင် အရင်ဆုံး သွင်းကုန် လိုင်စင် လျှောက်ရတယ်။ အဲဒီမှာ သွင်းကုန်လိုင်စင် ရပြီးတဲ့အခါ နိုင်ငံခြားငွေ အသုံးပြု ခွင့်နဲ့ ဝယ်ယူခွင့် ထပ်ယူရတယ်။ အဲဒါယူပြီးမှ နောက်ဆုံး ဗိုလ်မှူးချုပ် ရန်နိုင်စိုး တို့ ကော်မတီဆီမှာ ခွင့်ပြု ချက် ထပ်ယူရတယ်။ ဗဟိုဘဏ်က ဒေါ်လာ လိုသ လောက် ရောင်းပေးမယ်သာ ပြောနေတာ လက်တွေ့မှာက ကျနော်တို့မှာ သွင်း ကုန်လိုင်စင်တောင် လျှောက်မရဘူး။ အဲဒီတော့ ဒေါ်လာ အပြည့်အ၀ ရောင်း ပေးမယ်ပြောပြီး လိုင်စင်မှ ထုတ်မပေးတာ။ လိမ်နေတာပေါ့” ဟု ရန်ကုန်စီးပွား ရေး သမားက ဆက်လက် ရှင်းပြသည်။

ရန်ကုန်မြို့မှ စီးပွားရေးကျွမ်းကျင်သူ ကုမ္ပဏီအတိုင်ပင်ခံတစ်ဦးကလည်း စစ်ကောင်စီ ထံတွင် နိုင်ငံခြားငွေ ၃ လစာ သွင်းကုန်အတွက် အပြည့်အ၀ ရှိသည် ဟု ပြောဆိုနေခြင်းမှာ လိမ်လည်သည့်သဘောဖြစ်ကြောင်း၊ လက်ရှိ ဒေါ်လာ ငွေစျေးနှုန်းမြင့်တက်နှုန်းကိုကြည့် လျှင် အမေရိကန်က စီးပွားရေး ပိတ်ဆို့ လိုက်သော MFTB နှင့် MICB ၏ နိုင်ငံခြားငွေများ ပြည်ပဘဏ်များတွင် ပိတ်မိနေသည်မှာ ထင်သာ မြင်သာရှိကြောင်း၊ စစ်ကောင်စီ ဗဟိုဘဏ်တွင် ဒေါ်လာ လက်ကျန်မရှိတော့သည်မှာ ထင်ရှားကြောင်း ရှင်းပြသည်။

“သူတို့ဆီမှာ နိုင်ငံခြားငွေ သွင်းကုန်အတွက် ၃ လစာ အလုံအလောက်ရှိတယ် ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာလို့ဆိုတော့ အခုပဲ ကြည့်လေ ဘင်္ဂလားဒေ့ရှ်က MFTB နဲ့ MICB ဘဏ်ရဲ့ နိုင်ငံခြားငွေစာရင်း အကောင့်မှာရှိတဲ့ ဒေါ်လာ ၁ ဒသမ ၁ သန်းကို ထိန်းချုပ်လိုက်ပြီ။ ပြန်မပေးတော့ဘူး။ စင်ကာပူ UOB ဘဏ် ကလည်း စစ်ကောင်စီနဲ့ မြန်မာစီးပွားရေးသမားတွေရဲ့ ဘဏ်ငွေစာရင်းတွေကို အရေးယူ ပိတ်ဆို့နေပြီ။ နောက်တစ်ခါ တရုတ်နိုင်ငံဘက်ကလည်း မြန်မာစီးပွား ရေး သမားတွေနဲ့ စစ်ကောင်စီ ဘဏ်အကောင့်တွေကို ငွေ တွေ ထုတ်မပေးဘဲ Freeze လုပ်တာတွေ ကြားနေရတယ်။ အဲဒီတော့ ပြောချင်တာက နိုင်ငံ တစ်နိုင်ငံ မှာ သွင်းကုန်အတွက် နိုင်ငံခြားငွေ ၃ လစာ ရှိရမယ်ဆိုတာက သီအိုရီပေါ့။ စစ်ကောင်စီအနေနဲ့ သွင်းကုန်အတွက် နိုင်ငံခြားငွေ ၃ လစာရှိတယ် လို့ ပြောတာက သီအိုရီကို ရွတ်ပြတာ။ တကယ်မရှိဘူး။ ရှိရင် ဒီလောက် ငွေစျေး တွေ အပြောင်းအလဲဖြစ်တာကို တားလေ။ ထုတ်ရောင်းလေ” ဟု ရန်ကုန်မြို့မှ စီးပွားရေးကျွမ်းကျင်သူ ကုမ္ပဏီအတိုင်ပင်ခံက ပြောသည်။

ထို့ပြင် စစ်ကောင်စီက အမေရိကန်ဒေါ်လာ လိုအပ်ချက်ကြီးမားနေသဖြင့် ပြည်ပသို့ မြန်မာနိုင်ငံမှ ပို့ကုန်များ တင်ပို့သည့် လုပ်ငန်းရှင်များ ကုမ္ပဏီ များအနေဖြင့် ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာများကို စစ်ကောင်စီထံ ချက်ချင်းအပ်နှံရန်နှင့် မအပ်နှံလျှင် တရားစွဲ ထောင်ချမည်ဟု ယမန်နေ့ အစည်းအဝေးတွင် ခြိမ်းခြောက်ကြောင်း သိရှိရသည်။

“ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာတွေကို စစ်ကောင်စီဗဟိုဘဏ်ဆီကို မအပ်တဲ့ ကုမ္ပဏီတွေနဲ့ စီးပွားရေးသမားတွေကို တရားစွဲမယ်။ ကုမ္ပဏီတွေကို အရေးယူ မယ်။ blacklist လုပ်မယ်။ ဒီလိုမျိုး ခြိမ်းခြောက်တယ်။ ပို့ကုန်ရငွေ ၁၀၀ ရရင် ၅၀ ရာခိုင်နှုန်းကို စစ်တပ်ကို အပ်ရမယ်။ ကျန် ၅၀ ရာခိုင်နှုန်း ကို တစ်ဒေါ်လာ ၂၉၂၀ နဲ့ ထုတ်ရောင်းခွင့်ပြုတယ်။ စျေးကွက်ပေါက်စျေးအတိုင်း‌ ရောင်းခွင့် မပြုဘူး။ ကုန်သည်နဲ့စီးပွားရေးသမားကို လည်ပင်းလာညှစ်နေတာ။ သူတို့မှာ ဒေါ်လာ မရှိတော့လို့ ” ဟု ရန်ကုန်စီးပွားရေးသမားက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီဗဟိုဘဏ်က ရည်ညွှန်းဒေါ်လာစျေးနှုန်း တစ်ဒေါ်လာ ၂၁၀၀ ကျပ်ကို မပြောင်းလဲဘဲ ပို့ကုန်ရငွေ အပေါ် ၅၀ ရာခိုင်နှုန်း စစ်တပ်ထံ အပ်နှံပြီး ကျန် ၅၀ ရာခိုင်နှုန်းကိုသာ ကုမ္ပဏီ ပိုင်ဆိုင်သည့် စနစ်ကို မပြောင်း လဲကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

လက်ရှိတွင် ပြင်ပစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ငွေကျပ် ၄၀၀၀ နီးပါး စျေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article