ကလေးမြို့၊ သာစည်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀၀ ကျော်ပြာကျ၊ ယနေ့တွင်လည်း ၅ ရက်မြောက်နေ့အဖြစ် ထပ်မံ မီးတင်ရှို့နေ
ရန်ကုန်၊ ဩဂုတ် ၂၀
စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်းပိုင်းရှိ သာစည်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀၀ ကျော်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သာစည်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဩဂုတ်လ ၁၆ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး နေ့စဉ်မီးရှို့ဖျက်ဆီးနေခြင်းကြောင့် လက်ရှိအချိန်အထိ အိမ်ခြေ ၁၀၀ ကျော်မီးရှို့ဖျက်ဆီး ခံရကာ ယနေ့ သြဂုတ်လ ၂၀ ရက်နေ့တွင်လည်း ၅ ရက်မြောက်နေ့အဖြစ် အကြမ်းဖက် စစ်တပ်က ထပ်မံ မီးတင်ရှို့နေကြောင်း သိရသည်။
“၁၀၀ ကျော်နေပြီး ဟိုရပ်ကွက် နည်းနည်း ဒီနား နည်းနည်း ရှို့နေတာ။ အခုလည်း ရှို့နေတုန်း။ စစ်ကြောင်းက စထိုးကတည်းက ၂၀၀ လောက်နဲ့ ထိုးနေတာ။ သေတာနဲ့ အင်အားထပ်ဖြည့်တာတွေနဲ့ဆိုတော့ အတိအကျမပြောတတ်ဘူး ။ စစ်ခွေးတွေနဲ့အတူ ပြည်သူ့စစ်၊ ပျူစောထီးရွာက လူတွေလည်းပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။
အကြမ်းဖက် စစ်တပ်သည် ဩဂုတ်လ ၁၅ ရက်နေ့က သာစည်ရွာကို စစ်ကြောင်းထိုးစဉ် ပစ်ခတ်သည့် လက်နက်ကြီးများတွင်လည်းဓာတုဓာတ်ငွေ့များ အသုံးပြုနေပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲရာအနီးရှိ ပြည်သူများမှာ သတိလစ်မေ့မျော့ခြင်းအပါအဝင် အသက်ရှူမဝခြင်း၊ ခန္ဓာကိုယ်နုံးချိခြင်း ဝေဒနာများပါ ခံစားခဲ့ရသည်။