လန်ဒန်ရှိ မြန်မာသံအမတ်ကြီးနေအိမ်မှ မဖယ်ပေးမှုဖြင့် သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို ဗြိတိန်ရဲက စစ်ဆေးနေသော်လည်း စွဲချက်မတင်နိုင်သေး
ရန်ကုန်၊ ဩဂုတ် ၂၀
အင်္ဂလန်နိုင်ငံ ၊ လန်ဒန်ရှိ မြန်မာသံအမတ်ကြီးနေအိမ်မှ မဖယ်ပေးမှုဖြင့် သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို ဗြိတိန်ရဲတပ်ဖွဲ့ က စစ်ဆေးနေ ကြောင်း ရိုက်တာသတင်း ဌာနက သတင်းရေးသားဖော်ပြသည်။
ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီး လအနည်းငယ်အကြာတွင် လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုပြီးနောက် စစ် အစိုးရက သံအမတ်ကြီးရာထူးမှ ဖယ်ရှားကာ သံအမတ်အသစ်ဖြင့် အစား ထိုးခဲ့ခြင်းဖြစ်သည်။
ထိုအချိန်က ဗြိတိသျှအစိုးရ၏ ချီးကျူးဂုဏ်ပြုမှုကို ခံခဲ့ရပြီး သံအမတ်ကြီး ဦးကျော်စွာမင်း သည် မြန်မာသံအမတ်နေအိမ်တွင် ဆက်လက်နေထိုင်ပြီး သံအမတ်နေအိမ်ကို စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးသို့ ပြန်လွှဲပေးရန် ငြင်းဆိုခဲ့သည်။
စစ်အစိုးရ၏ ဖိအားပေးမှုကြောင့် သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို နေအိမ်မှ ထွက်ခွာရန် ယမန်နှစ်အတွင်း ဗြိတိန်အစိုးရက တိုက်တွန်းခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
ဦးကျော်စွာမင်းသည် သံတမန်ရေးရာဌာနကို ကျူးကျော်ဝင်ရောက်ခဲ့သည် ဆို သော စစ်ကောင်စီ စွပ်စွဲချက်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး ခံနေရပြီး ယင်းပိုင်နက်ကျူးလွန်မှုသည် အမှုဖြစ်ကြောင်း စိစစ်တွေ့ရှိရပါက ထောင်ဒဏ် ခြောက်လအထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရှိရသည်။
“သံတမန်နေထိုင်ရာသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပိုင်ဆိုင်မှုအဖြစ် ဆက်လက်တည်ရှိနေပြီး၊ ကျွန်ုပ်၏ အမှုသည်သည် ဒီမိုကရေစီနည်းကျ ရွေး ကောက်တင်မြှောက်ထားသော အစိုးရ၏ ကိုယ်စားလှယ်တစ်ဦးထံသို့သာ သံအမတ်အိမ်ရာ သော့များကို လွှဲပြောင်းပေးအပ်ရန် ဆန္ဒရှိသဖြင့် ထိန်းသိမ်း ထားခြင်းဖြစ်ပါတယ်” ဟု ဦးကျော်စွာမင်း၏ ရှေ့နေ Swift က ရိုက်တာ သတင်း ဌာနထံသို့ ပြောဆိုသည်။
လန်ဒန်မြို့ရှိ မြန်မာသံရုံး၊ ဗြိတိန်နိုင်ငံခြားရေးရုံးနှင့် လန်ဒန်မြို့တော်ရဲဌာန တို့က မှတ်ချက်ပေးရန် တောင်းဆိုမှုများကို တုံ့ပြန်ခြင်း မရှိပေ။
ဦးကျော်စွာမင်းကို သြဂုတ် ၁၅ ရက်နေ့ ရဲတပ်ဖွဲ့က တွေ့ဆုံမေးမြန်းခဲ့သော် လည်း စွဲချက်မတင်ရသေးကြောင်း Swift က ပြောသည်။
” သူ့ကို စွဲချက်တင်ဖို့ လုံလောက်တဲ့ အထောက်အထား ရှိ၊ မရှိကို ဗြိတိန် ရှေ့နေချုပ်က ဆုံးဖြတ်ရမှာ ဖြစ်တယ်” ဟု ဦးကျော်စွာမင်း၏ ရှေ့နေက ဆိုသည်။
“အာဏာသိမ်းမှုကို ရှုတ်ချပြီး စစ်ဗိုလ်ချုပ်တွေအပေါ် စီးပွားရေးပိတ်ဆို့ထားတဲ့ ဗြိတိန်အာဏာပိုင်တွေက သံအမတ်ကြီးအိမ်ရာကို တရားမဝင်စစ်အစိုးရဆီ ပြန်ပေးဖို့ဆိုတာ စိတ်မကူးသင့်ပါဘူး” ဟု ဗြိတိန်အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ Myanmar Accountability Project မှ Chris Gunness က ပြောသည်။
ဗြိတိန်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ရရှိရန် တောင်းဆိုခဲ့သည့် အနောက်နိုင်ငံတစ်ခုဖြစ်ပြီး မြန်မာ့တပ်မတော်၏ အဖွဲ့ဝင်များနှင့် ၎င်း၏စီးပွား ရေး အကျိုးစီးပွားအချို့ကို ဒဏ်ခတ်ပိတ်ဆို့ထားသည်။