မြန်မာစစ်တပ် အပါအဝင် အာဆီယံနှင့်ရုရှားတို့ ပူးတွဲ ပြုလုပ်မည့် အကြမ်း ဖက်မှု တိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်မှု ဖျက်သိမ်းရန် အရပ်ဘက်အဖွဲ့အစည်း ၅၅၁ ဖွဲ့က တောင်းဆို
ရန်ကုန်၊ ဩဂုတ် ၂၆
အကြမ်းဖက် မြန်မာစစ်တပ် အပါအဝင် အာဆီယံနှင့်ရုရှားတို့ ပူးတွဲ ပြုလုပ်မည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်မှု ဖျက်သိမ်းရန် အရပ်ဘက် အဖွဲ့ အစည်း ၅၅၁ ဖွဲ့က တောင်းဆိုလိုက်သည်။
အကြမ်းဖက် မြန်မာစစ်ကောင်စီနှင့် ရုရှားကာကွယ်ရေးဝန်ကြီးဌာနတို့က အရပ် သားများကို စစ်ဆင်နွှဲပြီး နိုင်ငံတကာ ရာဇ၀တ်မှုများကို ကြီးကြီးမားမား ကျူးလွန်နေချိန်တွင် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ “အကြမ်းဖက်မှု တိုက်ဖျက်ရေး” စစ်ရေးလေ့ကျင့်မှုအား စက်တင်ဘာလတွင် ပူးတွဲ လက်ခံကျင်း ပမည် ဖြစ်ကြောင်း၊ အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် နယ်စပ်ဒေသတခုရှိ “အကြမ်းဖက် သမားများ”ကို ချေမှုန်းခြင်းအပေါ် အဓိကထားမည်ဟု ထုတ်ဖော် ပြောဆိုထားကြောင်း၊ ထိုသို့ စစ်ရေး လေ့ကျင့်မှုသည် မြန်မာပြည်သူလူထု အပေါ် စစ်ခင်းရန် မြန်မာစစ်တပ်၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးခြင်း ဖြစ်သကဲ့သို့ ယူကရိန်းပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ဆက် လုပ်ရန် ရုရှားစစ်တပ်ကို အထောက်အကူပေးရာ ရောက်မည်ဖြစ်ကြောင်း အရပ်ဘက် အဖွဲ့အစည်းများက ဝေဖန်သည်။
အာဆီယံ၏ အကြမ်းဖက်မှု ချေမှုန်းရေးဆိုင်ရာ အလုပ်အဖွဲ့ (ADMM-Plus EWG) ၏လုပ်ငန်းစဉ် အဖြစ်ကျင်းပသည့် အဆိုပါလေ့ကျင့်မှုတွင် ကာကွယ်ရေး ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ပါဝင်ကာ ၎င်းတို့၏ စစ်ရေး စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ပူးပေါင်း ဆောင်ရွက်နေကြောင်း၊ ကျင်းပရန် စီစဉ်ထား သော လေ့ကျင့်မှုသည် သြဂုတ်လတွင် မြန်မာနိုင်ငံ၌ ကျင်းပခဲ့သည့် ADMM-Plus EWG စစ်ရေးသုံးသပ် ဆွေးနွေးပွဲ (tabletop training) ၏ နောက်ဆက် တွဲ လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ ထိုစစ်ရေးသုံးသပ်ဆွေးနွေးပွဲ ကိုလည်း မြန်မာ စစ်အုပ်စုနှင့် ရုရှားတို့ ပူးတွဲ၍ လက်ခံကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါလေ့ကျင့်မှုများသည် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အမျိုးသား ညီညွတ်ရေး အစိုးရနှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ အပါအဝင် တော် လှန်ရေး အင်အားစုများကို နှိမ်နင်းရာတွင် အထောက်အကူ ဖြစ်စေမည်ဟု မြန်မာ စစ်အုပ်စုက ပွင့်ပွင့်လင်းလင်း ပြောဆိုထားကြောင်း၊ ထိုစစ်ရေးလေ့ကျင့် မှုကြောင့် ကြီးမားသည့် ဆိုးကျိုးသက်ရောက်မှုများဖြစ်ပေါ်နိုင်သောကြောင့် မြန်မာနိုင်ငံ၊ ဒေသတွင်းနှင့် နိုင်ငံတကာမှ အဖွဲ့အစည်း ၅၅၁ ဖွဲ့ က အာဆီယံ အဖွဲ့ဝင်နိုင်ငံအစိုးရများကို အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ကြောင်း သိရှိ ရသည်။
အရပ်ဘက်အဖွဲ့အစည်းများက ပေးပို့သည့် စာတွင် မြန်မာစစ်ကောင်စီနှင့် ရုရှားတို့ မကြာမီ ပူးတွဲ လက်ခံကျင်းပမည့် စစ်ရေးလေ့ကျင့်မှုများကို ဖျက်သိမ်း ရန်နှင့် မြန်မာစစ်အုပ်စုကို ADMM-Plus အစည်းအဝေးများနှင့် လုပ်ငန်းစဉ် များအားလုံးမှ ဖယ်ထုတ်ရန် တောင်းဆိုခဲ့သည်။
အကယ်၍ မြန်မာစစ်တပ်ကို ADMM-Plus လုပ်ငန်းစဉ်များမှ မဖယ်ထုတ်ပါ က အာဆီယံအဖွဲ့ဝင်နိုင်ငံ အစိုးရများနှင့် ဆွေးနွေးဖက်နိုင်ငံများအနေဖြင့် မြန်မာစစ်တပ်ပါဝင်သည့် ADMM-Plus လုပ်ငန်းစဉ်များအားလုံးသို့ မတက် ရောက်ရန်နှင့် လူသိရှင်ကြား ငြင်းဆန်ရန် အရပ်ဘက်အဖွဲ့များက ပန်ကြား ထားသည်။
စစ်အုပ်စုနှင့်အတူ အကြမ်းဖက် တန်ပြန်တိုက်ဖျက်ရေး လေ့ကျင့်မှုတွင် ပါဝင် သည့် နိုင်ငံများသည် စစ်အုပ်စု၏ “အကြမ်းဖက် သမားများ” ဟု စွပ်စွဲ ထားသူ များအပေါ် ၎င်း၏ နောက်ဆက်တွဲ ထိုးစစ်စင်မှုများတွင် အလိုတူ အလိုပါ ဖြစ်သွားသည့် ခြေအနေတွင် ကျရောက်နိုင်ကြောင်း၊ ADMM-Plus ၏ ဆွေးနွေး ဖက်နိုင်ငံများဖြစ်သည့် သြစတြေးလျ၊ နယူးဇီလန်နှင့် အမေရိကန် တို့၏ မြန်မာနိုင်ငံတွင် မကြာသေးမီက ကျင်းပခဲ့သည့် စစ်ရေး သုံးသပ်ဆွေး နွေးပွဲ (tabletop training) သို့မဟုတ် ရုရှားနိုင်ငံ၌ ပြုလုပ်မည့် စစ်ရေးလေ့ ကျင့် မှု တွင် မပါဝင်ရန် ဆုံးဖြတ်ချက်များကို အထူး ကြိုဆိုလိုက်ကြောင်း သိရှိရသည်။
ဂျပန်၊ စင်ကာပူနှင့် တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံတွင် မကြာသေးမီက ပြုလုပ်ခဲ့သော စစ်ရေး သုံးသပ်ဆွေးနွေးပွဲ၏ ဓာတ်ပုံများတွင် ပါဝင်ခဲ့ခြင်း မရှိကြောင်း သိသာထင်ရှားကြောင်း၊ ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သော ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ် နှင့် ADMM-Plus မိတ်ဖက်နိုင်ငံများဖြစ်သော တရုတ်နှင့် အိန္ဒိယတို့သည် လာမည့် ကွင်းဆင်းစစ်ရေးလေ့ကျင့်မှုကို တက်ရောက်မည်၊ မတက်ရောက်ကို ယခုအထိ အရိပ်အမြွက် မပြသေးဟု သိရှိရသည်။
Defend Myanmar Democracy အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုနော်အောင်က “အာဆီယံက မြန်မာစစ်အုပ်စုကို ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ လုပ် ရာမှာ စွမ်းရည်မြှင့်တင်ဖို့ ကူညီပေးနေတယ်။ “ဒါက စစ်အုပ်စုကို လွဲမှားတဲ့ တရားဝင်မှု ပေးအပ်တာဖြစ်ပြီး စစ်တပ်ကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာမှာ အာဆီယံအဖွဲ့အပေါ် အများပြည်သူရဲ့ ယုံကြည်နိုင်မှုကို အကြီးအကျယ် ထိခိုက်စေပါတယ်။ဒီစစ်ဘက်ဆိုင်ရာ လေ့ကျင့်မှုတွေကို သပိတ်မှောက်ဖို့ ရွေးချယ်ထားတဲ့ ကာကွယ်ရေး ဝန်ကြီး တွေရဲ့ ဆုံးဖြတ်ချက်တွေကို ကျွန်တော်တို့ ကြိုဆိုပြီး တခြားနိုင်ငံတွေ အနေနဲ့လည်း ဒီနိုင်ငံတွေရဲ့ စံနမူနာအတိုင်း လိုက်လုပ်ဖို့ တိုက်တွန်းပါတယ်” ဟု ပြောသည်။
အာဆီယံနှင့် မိတ်ဖွဲ့နိုင်ငံများအနေဖြင့် မြန်မာအကြမ်းဖက် စစ်အုပ်စုကို အားပေးအားမြှောက် မပြုလုပ်ရန် ရှေ့ပြေး အသံအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက ပြောဆိုသည်။
ရှေ့ပြေးအသံအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက “ဒီစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ခြင်းအား ဖြင့် အာဆီယံအဖွဲ့ဝင်တွေနဲ့ မိတ်ဖက်နိုင်ငံတွေဟာ အရပ်သားတွေအပေါ် စစ်ရာဇ၀တ် မှု တွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ထပ်ပြီးကျူးလွန်ဖို့ တရားမဝင် စစ်အုပ်စုကို ကူညီပေးပြီး အားပေးအား မြှောက်ပြုရာရောက်တဲ့ အခြေအနေဖြစ်သွားနိုင်ပါတယ်။ဒီမြန်မာစစ်အုပ်စုက အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်တာမို့ အခုပြောတဲ့ နယ်စပ်ဒေသ အကြမ်းဖက် သမားတွေကို ထိုးစစ်ဆင်တဲ့ စစ်ရေးလေ့ကျင့်မှုဆိုတာကို လက်ခံကျင်းပခွင့်မပြောနဲ့၊ ဒေသတွင်းစင်မြင့်မှာ အသိအမှတ်ပြုမှုကို မပေးဖို့လိုပါတယ်။ ဖယ်ဒရယ် ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားမျှတမှုနဲ့ တာဝန်ခံမှုရှိရေး ဆိုတဲ့ မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒနဲ့ မျှော်မှန်းချက် တွေကို ပံ့ပိုးပေးရာရောက်စေဖို့ အာဆီယံအနေနဲ့ သူ့ရဲ့ ပေါ့ပေ့ါဆဆ လုပ်နေ ကျ လုပ်တာပေ့ါဆိုတဲ့ ချဉ်းကပ်မှုမျိုးတွေကို ရပ်တန့်ဖိုလိုပြီ၊ အာဆီယံရဲ့ လုပ်ငန်းဆောင်ရွက်တဲ့ပုံစံတွေကို ပြုပြင်ပြောင်းလဲရပါမယ်။” ဟု သုံးသပ် ပြောဆိုသည်။
လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာရှဖိုရမ် (FORUM-ASIA) ၏ အမှုဆောင်ဒါရိုက်တာ Mary Aileen Diez-Bacalso က မူ ပြည်သူလူထုကို သတ်ဖြတ်နေသော မြန်မာအကြမ်းဖက် စစ်အုပ်စုကို စွမ်းရည်မြှင့်ပေးမှု လုံး၀ ရပ်တန့်ရမည်ဟု ပြောဆိုသည်။
“နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေတွေကို ပြောင်ပြောင်တင်း တင်း ချိုးဖောက်နေပြီးနှင့် ဗြောင်ကျကျ မလေးမစားလုပ်နေတဲ့ မြန်မာစစ် အုပ်စုကို အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး လေ့ကျင့်မှုတွေကို ကြီးကြပ်ဖို့ တာဝန်ပေးထားတာကို မြင်ရတာ စိတ်ပျက်စရာကောင်းသလို အင်မတန် တုန်လှုပ် ခြောက်ခြားစရာ ကောင်းပါတယ်။အာဆီယံအနေနဲ့ မြန်မာစစ်တပ်ကို စွမ်းရည်မြှင့်တင်ပေးနေတာကို လုံးဝ ရပ်တန့်ရပါမယ်။ အာဆီယံနဲ့ ဆွေးနွေး ဖက် နိုင်ငံတွေဆီက ထိရောက်ပြီး ခိုင်မာတဲ့ တုံ့ပြန်မှုကို မြန်မာပြည် သူတွေ ရထိုက်ပါတယ်။”ဟု FORUM-ASIA ၏ အမှုဆောင်ဒါရိုက်တာ Mary Aileen Diez-Bacalso က ထောက်ပြ ပြောဆိုသည်။
ဓာတ်ပုံ- နေပြည်တော်တွင် ယခုနှစ် ဩဂုတ်လဆန်းပိုင်းကျင်းပခဲ့သည့် ADMM-Plus EWG ဆွေးနွေးပွဲ။