စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ၆ နှစ်ပြည့်၊ တရားမျှတမှုနှင့် ICC လားရာ
By လမ်းသစ်
ယမန်နေ့ (ဩဂုတ်လ ၂၅ ရက်) ဟာ အကြမ်းဖက်စစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်တာ ခြောက်နှစ်ပြည့်တဲ့နေ့ပဲ ဖြစ်ပါတယ်။
ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ စစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကြောင့် မွေးကင်းစ ကလေးငယ်တွေအပါအဝင် လူပေါင်း တစ်သောင်းခန့် သတ်ဖြတ်ခံခဲ့ရပြီး၊ လူပေါင်း ခုနစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ရတဲ့ အဖြစ်အပျက်ဟာ အခုဆို ခြောက်နှစ်ပြည့်လို့ လာပြီဖြစ်ပေမဲ့ ကျုးလွန်ခံရသူတွေအတွက် တရားမျှတမှုဆိုင်ရာ အခွင့်အရေးတွေကတော့ ဆုံးရှုံးနေဆဲပဲ ဖြစ်ပါတယ်
ရိုဟင်ဂျာတွေ လူမျိုးတုန်းသတ်ဖြတ်တာ ခြောက်နှစ်ပြည့်တဲ့နေ့မှာ ကုလသမဂ္ ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က ရိုဟင်ဂျာတွေ အပါအဝင် လူနည်းစုတိုင်းရင်းသားတွေအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအတွက် မြန်မာစစ်တပ်ကို အရေးယူနိုင်ရေး နဲ့ လတ်တလော နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထိထိရောက်ရောက် တာဆီးနိုင်ရေး တို့အတွက် ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မြန်မာပြည်သူတွေကို ဆင်ခြင်တုံတရားမဲ့စွာ အကြောက်တရားနဲ့ အုပ်ချုပ်နေလို့ အခြေအနေတွေဟာ တစ်နေ့တခြား ပိုမိုဆိုးဝါးလာနေတဲ့အတွက် လုံခြုံရေးကောင်စီအနေနဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ကို လွှဲပြောင်းပေးဖို့အတွက် ပြီးခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၅၃ ကြိမ်မြောက် အစည်းအဝေးမှာလည်း Volker Turk က တောင်းဆိုခဲ့ပါသေးတယ်။
လက်ရှိအခြေအနေမှာလည်း အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ်ဟာ ၂ဝ၂၁ ခုနှစ် တစ်ကျော့ပြန် အာဏာသိမ်းပြီးချိန်ကစလို့ ပြည်သူတွေအပေါ် ဖိနှိပ်သတ်ဖြတ်မှုတွေဟာ တနေ့တခြား တိုးလာနေပါတယ်။ အကြမ်းဖက်စစ်အုပ်စုကို ပြည်တွင်းမှာ တရားစီရင်ဖို့ဆိုတာကလည်း လောလောဆယ် အခြေအနေ မပေးသေးတာကြောင့် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) လိုမျိုး နိုင်ငံတကာရဲ့ စစ်ဆေးအရေးယူမှုကို မြန်မာပြည်သူတွေ မျှော်လင့်နေကြတာပါ။
ICC ဟာ ရောမ ဥပဒေပြဌာန်းချက် (Rome Statute) လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံတွေကိုသာ အဓိကအားဖြင့် အရေးယူနိုင်တယ်ဆိုပေမယ့် အဖွဲ့ဝင်နိုင်ငံ မဟုတ်သည့်တိုင်အောင် သက်ဆိုင်ရာအစိုးရက သူတို့ရဲ့ ပြည်တွင်းက ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေး အရေးယူပေးဖို့ ICC တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ရင် ရနိုင်တဲ့ အခြေအနေလည်း ရှိလို့နေပါတယ်။
ရုရှားရဲ့ ကျူးကျော်မှုကို ခံရတဲ့ ယူကရိန်းကလည်း ဒီလမ်းကြောင်းကို အသုံးပြုပြီး တရားစွဲဆိုရာကနေ ရုရှားသမ္မတ ပူတင်ဟာ ယူကရိန်းကလေးတွေကို ရုရှားနိုင်ငံထဲ အတင်းအဓမ္မ ရွှေ့ပြောင်းခဲ့တဲ့ စွဲချက်နဲ့ ICC ရဲ့ ဖမ်းဝရမ်းထုတ်တာ ခံခဲ့ရတာပါ။
ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့ မြန်မာနိုင်ငံအနေနဲ့ မင်းအောင်လှိုင်စစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ ICC ကို လွှဲပေးမယ်ဆိုရင် အရေးယူစစ်ဆေးမှုတွေ ရှိနိုင်ပေမယ့် လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံထဲမှာ စစ်ကောင်စီရဲ့ မဟာမိတ် ရုရှားနဲ့ တရုတ်တို့ ပါဝင်နေတာကြောင့် ဒီအခြေအနေဟာ မဖြစ်နိုင်ဘူးလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
ဒါကြောင့် အမျိုးသားညီညွတ်ရေး NUG အစိုးရဟာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ရဲ့ တရားစီရင်ပိုင်ခွင့်အတွက် လွန်ခဲ့တဲ့တစ်နှစ်က လူသိရှင်ကြား ကြေညာခဲ့ပြီး မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုတွေနဲ့ လူသားမဆန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ယူကရိန်းလိုပဲ ICC ကို လျောက်ထားခဲ့ပါတယ်။
ဒီလိုလျှောက်ထားမှုနဲ့အတူ တဆက်ထဲမှာပဲ ICC ရဲ့ တရားစီပိုင်ခွင့် စတင်လုပ်ကိုင်နိုင်ဖို့အတွက် NUG က မြန်မာနိုင်ငံကိုယ်စား ဆောင်ရွက်နိုင်ခွင့်ရှိလား ဆိုတဲ့ မေးခွန်းကို ဖြစ်ပေါ်လာစေပါတယ်။
ဒီနေရာမှာ ICC အနေနဲ့ NUG ကို ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့တဲ့ ရွေးကောက်ခံ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတယ် ဆိုတဲ့အချက်ကို လက်ခံပေးဖို့ အရေးကြီးပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ အထွေထွေညီလာခံက NUG ရဲ့သံအမတ်ကို ဆက်လက်ပြီး အသိအမှတ်ပြုတဲ့ ဆုံးဖြတ်ချက်က ကိုယ်စားလှယ်တစ်ဦးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် ဆိုတာထက် ကုလသမဂ္ဂတစ်ဖွဲ့လုံးက နိုင်ငံ့အစိုးရ အဖြစ် ပြုမူဆက်ဆံဖို့ အပြုသဘောပါတဲ့ ဆုံးဖြတ်ချက် ဆိုတာကို ICC အနေနဲ့ ထည့်သွင်းစဥ်းစားရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီက မြန်မာနိုင်ငံကို ထိထိရောက်ရောက် ထိန်းချုပ်မှု မလုပ်နိုင်တော့ဘဲ၊ နယ်မြေအများစုဟာ NUG နဲ့ မဟာမိတ်ပြုထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိနေပြီ ဆိုတာကိုလည်း မဖြစ်မနေ ထည့်သွင်းစဥ်းစားရမှာ ဖြစ်ပါတယ်။
အခုလို NUG က အရေးယူဖို့ လျှောက်ထားခဲ့မှုကြောင့် ICC စုံစမ်းစစ်ဆေးရေးမှူးတွေနဲ့ ရောမစာချုပ် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ တရားမျှတာမှုကို စောင့်ဆိုင်းနေတဲ့ မြန်မာပြည်သူတွေအပေါ် နှောင့်နှေးမှုမရှိ၊ ဆင်ခြေပေးမှု မရှိဘဲ ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူဖို့ မဖြစ်မနေ စတင်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်ပေါ် ရာဇဝတ်ကျူးလွန်မှုနဲ့ စစ်ရာဝတ်မှု ကျူးလွန်သူတွေကို အဓိက ကိုင်တွယ်အပြစ်ပေးလေ့ရှိတဲ့ နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ကနေ အရေးယူနိုင်ဖို့အတွက် ဖြစ်စဥ်တွေကို ကြည့်မယ်ဆိုရင်လည်း အကြမ်းဖက်စစ်တပ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေရဲ့ အထောက်အထားတွေဟာ လိုအပ်တာထက်တောင် ကျော်လွန်နေပြီလို့ ပြောနိုင်ပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုဟာ အာဏာမသိမ်းခင်ကတည်းက ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တယ်ဆိုတာ ကမ္ဘာက သိပြီးဖြစ်ပါတယ်။ လိင်အကြမ်းဖက်မှု၊ မီးရှို့သတ်ဖြတ်မှုတွေ ပါဝင်တဲ့ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်း စစ်ဆင်ရေးကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ရပြီး အခုချိန်ထိ မြန်မာဘက်ကို ပြန်မလာနိုင်ကြသေးပါဘူး။
ဒါ့အပြင် ဖက်ဆစ်စစ်တပ်ဟာ အရပ်သားပြည်သူ အမြောက်အမြားကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်ကျူးလွန်မှုတွေကိုလည်း အာဏာသိမ်းမှုနဲ့အတူ တစ်ပါတည်း ယူဆောင်လာခဲ့ပါတယ်။
လက်နက်စွဲကိုင် တော်လှန်ရေးကြီး မပေါ်ပေါက်ခင် လမ်းမတွေပေါ်မှာ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း လက်ဗလာနဲ့ ဆန္ဒပြနေကြတဲ့ ပြည်သူတွေရဲ့ ဦးခေါင်းကိုချိန်ပြီး ပစ်သတ်တာတွေ၊ လမ်းပေါ်မှာ မြင်မြင်သမျှ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေ၊ မိသားစုဝင်တွေအထိပါ လိုက်လံဖမ်းဆီး သတ်ဖြတ်တာတွေကိုလည်း ကျူးလွန်ခဲ့ကြတာပါ။
အကြမ်းမဖက် ဆန္ဒပြပွဲဆီကနေ လက်နက်ကိုင် တော်လှန်ရေးဖက်ကို ကူးပြောင်းသွားတဲ့ လက်ရှိအချိန်မှာလည်း အာဏာသိမ်းစစ်တပ်ဟာ လေကြောင်းမှ ရက်ရက်စက်စက် ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် စစ်ရာဇဝတ်မှုတွေကို အတောမသတ် ဆက်လက်ကျူးလွန်နေခဲ့ပြန်ပါတယ်။
မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ အရပ်ဘက် စစ်ဘက် ပစ်မှတ်မခွဲခြားဘဲ လက်နက်ကြီးတွေနဲ့ အဆမတန် ပစ်ခတ်တိုက်ခိုက်နေသလို၊ အရပ်သားပြည်သူရှိရာ နေရာတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့တာပါ။ တော်လှန်ရေး အားကောင်းတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကရင်နီမှာတော့ လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ရေအများဆုံး ကြုံတွေ့ခဲ့ရပါတယ်။
လူပေါင်း ၁၇ဝ နီးပါး သေဆုံးစေခဲ့တဲ့ ပဇီကြီးကျေးရွာ ဗုံးကြဲမှုကို ကမ္ဘာက သိရှိပြီးဖြစ်သလို ကလေးငယ်တွေ ကျောင်းတက်နေချိန် စာသင်ကျောင်းကို ဗုံးကြဲတာတွေ၊ ဈေးနေ့မှာ လူစည်ကားနေချိန် လူအုပ်ကြားထဲ ဗုံးကြဲတာတွေ စတဲ့ လူမဆန်တဲ့ စစ်ရာဇဝတ်မှုတွေကို မြန်မာစစ်တပ်က ကျူးလွန်ခဲ့ပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှစ်ပတ်လည်နေ့ ဖျော်ဖြေပွဲကိုလည်း လေယာဉ်နဲ့ ဗုံးကြဲချပြီး (KIA/KIO) ဝန်ထမ်းတွေ၊ ကချင်အနုပညာရှင်တွေ၊ စီးပွားရေးသမားတွေနဲ့ အရပ်သားတွေ အပါအဝင် လူ ၇ဝ နီးပါးကို သေဆုံးစေခဲ့ပါတယ်။ ဒါဟာ အရပ်သားပြည်သူကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုပဲ ဖြစ်ပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့များရဲ့ စစ်တမ်းအရ အကြမ်းဖက်စစ်တပ်ဟာ အာဏာသိမ်းပြီးချိန်ကစလို့ ၂ဝ၂၃ ခုနှစ် နှစ်လည်ပိုင်းအထိ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁,၅၀၀ ကျော် အထိ ပြုလုပ်ထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ခုခံမှုကင်းမဲ့တဲ့ ဘာသာရေး အဆောက်အအုံနဲ့ လူနေအိမ်အပါအဝင် အဆောက်အဦး ၂ဝဝ ကျော် မီးလောင်တိုက်သွင်းခံခဲ့ရတဲ့ ချင်းပြည်နယ် ထန်တလန်မြို့လည်း ပါဝင်ပါတယ်။ အဲ့ဒီဖြစ်စဉ်မှာ ဖက်ဆစ်စစ်တပ်က အရပ်သားပိုင် ပစ္စည်းတွေကို ခိုးယူတာတွေ၊ ဖျက်ဆီးတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။
စစ်ရာဇဝတ်မှုမြောက်တဲ့ ဓားစာခံအဖြစ် ဖမ်းဆီးမှုကိုလည်း မြန်မာစစ်တပ်က ကျူးလွန်တယ်ဆိုတာဟာ အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်ပြီး လူသားဒိုင်းလုပ်တဲ့ လုပ်ရပ်တွေက သက်သေပြနေပါတယ်။ ဒီလိုမျိုး အကြမ်းဖက်စစ်တပ်ရဲ့ အတင်းအဓမ္မခေါ်ဆောင်မှုကို လိုက်ပါသွားရတဲ့ ပြည်သူတွေဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကိုပါ ကြုံတွေ့ရပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ထုတ်ပြန်ချက်အရ ၂ဝ၂၁ ဖေဖော်ဝါရီကနေ ၂ဝ၂၃ ဇူလိုင်လအထိ အကြမ်းဖက်စစ်တပ်ဟာ လူငါးယောက်နဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၁၄၄ ကြိမ်ရှိခဲ့ပြီး အရပ်သား ၁,၅၉၅ ယောက် သေဆုံးခဲ့ပါတယ်။
အဲ့ဒီထဲမှာ မိုဆိုကျေးရွာအနီး ပြည်သူ ၃၅ယောက်ကို လက်ပြန်ကြိုးတုပ်၊ နှိပ်စက်ပြီး မီးရှို့သတ်ဖြတ်တာတွေ၊ နာရီပိုင်းအတွင်း လူ ၁၄ယောက် သေဆုံးစေခဲ့တဲ့ စုန်းချောင်းရွာ အရုဏ်တက် လူသတ်ပွဲဖြစ်စဉ်တွေ ပါဝင်ပါတယ်။
အရပ်ဘက်အဖွဲ့ အသီးသီးရဲ့ စစ်တမ်းတွေအရ အာဏာသိမ်းချိန်ကနေ ၂ဝ၂၃ ဇူလိုင်လကုန်ပိုင်းအထိ အကြမ်းဖက်စစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၃,၉ဝဝ နီးပါး သေဆုံးခဲ့သလို မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်အရေအတွက် ၇၄,၈၇၄ လုံးရှိပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၂ သန်းနီးပါး ( ၂,၀၀၀,၂ဝဝ နီးပါး) ရှိခဲ့ပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်တပ်ကတော့ သူတို့ကို ဘယ်လိုအမှုနဲ့ပဲတင်တင် တရားစွဲ အရေးယူနိုင်လောက်တဲ့အထိ ရာဇဝတ်မှုတွေကို တပွေ့တပိုက်ကြီး ကျူးလွန်ထားနှင့်ပြီး ဖြစ်တယ်ဆိုတာကို အထက်ပါ အချက်အလက်တွေက သက်သေခံနေပါတယ်။
မြန်မာပြည်ဟာ ယူကရိန်းလို ပြည်ပကျူးကျော်မှုမျိုး ကြုံတွေ့နေရတာ မဟုတ်ပေမယ့် ကိုယ့်စစ်တပ်က ကိုယ့်ပြည်သူကို ပြန်သတ်တာကို ခံနေရတဲ့ တိုင်းပြည်တခုပါ။ ဒါပေမယ့် ယူကရိန်းလိုမျိုး ICC ကနေ အကြမ်းဖက် စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်အရေးယူပေးဖို့ ဆိုတဲ့ ကိစ္စမှာတော့ တရားရုံးကို ဦးတိုက်လျှောက်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အခန်းကဏ္ဍနဲ့ တစိုက်မတ်မတ် အားထုတ်မှုကလည်း အရေးကြီးလို့ လာပါတယ်။
တစ်ဆက်တည်း ပြောရရင် ပြည်သူတွေထောက်ခံထားတဲ့ NUG ဟာ တရားဝင်အစိုးရတရပ်အနေနဲ့ အကြမ်းဖက် မင်းအောင်လှိုင်ကို ဘာကြောင့် ခုထိ ဖမ်းဝရမ်းမထုတ်သေးတာလဲ ဆိုတဲ့ အားမလိုအားမရ ပြောဆိုဝေဖန်သံတွေလည်း ရှိလို့လာပါတယ်။
အခြားတဖက်မှာ တိုးတက်မှုအနေနဲ့လည်း ICC နိုင်ငံတကာရာဇဝတ်ခုံရုံး ရှေ့နေချုပ် Karim AA Khan နဲ့အဖွဲ့ဟာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခံရတဲ့ ရိုးဟင်ဂျာများအရေး အရေးယူဆောင်ရွက်နိုင်ဖို့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒုတိယအကြိမ်အဖြစ် သွားရောက်ခဲ့ပါတယ်။
ဒီ ICC စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ဒုတိယခရီးစဥ်အတွင်း ရှေ့နေချုပ် Karim Khan ကတော့ တရားမျှတမှုဟာ နေ့ချင်းညချင်းတော့ ဖြစ်လာမှာမဟုတ်ပေမဲ့ အတူတကွပူးပေါင်းပြီး ကြိုးပမ်းလုပ်ဆောင်သွားဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။
လူမျိူးတုန်း သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ကျူးလွန်မှု နဲ့ စစ်ရာဇဝတ်မှုတွေကို တသီကြီး ကျူးလွန်ထားတဲ့ မြန်မာစစ်တပ်ခေါင်းဆောင် တွေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ထံ လွှဲပြောင်းရေး ဆောင်ရွက်ပေးဖို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk နဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း တစိုက်မတ်မတ် တောင်းဆိုနေကြသလို၊ ပြည်တွင်းနဲ့ နိုင်ငံတကာ မြန်မာ့အရေး တက်ကြွလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေကလည်း အမေရိကန် ၊ EU အပါအဝင် နိုင်ငံတကာ ခေါင်းဆောင်တွေကို တိုက်တွန်း တောင်းဆိုနေကြပါတယ်။
သူတို့ရဲ့ တောင်းဆိုချက်တွေထဲမှာ ကုလလုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) သို့ လွှဲပြောင်းပေးဖို့ သို့မဟုတ် မြန်မာနိုင်ငံအတွက် ခုံရုံးတစ်ခုသီးသန့် ဖွင့်လှစ်နိုင်ဖို့ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြု ကူညီပေးဖို့နဲ့ The Rome Statute ရောမသဘောတူစာချုပ် ပုဒ်မ ၁၂(၃) အရ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ကျူးလွန်ခဲ့တဲ့ စစ်တပ်ရဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ထံကို NUG က စွဲဆိုချက်များ တင်သွင်းလာခဲ့ရင် လက်ခံပေးဖို့အတွက် ICC ကို EU အနေနဲ့ တိုက်တွန်းပေးဖို့ စတာတွေ ပါဝင်ပါတယ်။
အခြားတဖက်မှာလည်း မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်တပ်က ကျူးလွန်ထားတဲ့ များပြားလှတဲ့ ရာဇဝတ်မှုတွေအတွက် လူ ၂၀၀ ကျော်ရဲ့ မျက်မြင် သက်သေ ထွက်ဆိုချက်တွေ၊ ဓာတ်ပုံ၊ ဗီဒီယိုတွေ၊ အသံဖိုင်တွေ၊ စာရွက် စာတမ်းတွေ၊ မြေပုံနဲ့ ဂြိုလ်တုပုံရိပ်တွေ၊ လူမှုကွန်ရက်သတင်းတွေနဲ့ မှုခင်းဆိုင်ရာ အထောက်အထားတွေ အပါအဝင် အရင်းမြစ်ပေါင်း ၇၀၀ ကျော်ထံမှ အချက်အလက်ပေါင်း သန်းချီကို ကုလသမဂ္ဂက စုဆောင်းရရှိထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) က တရားဝင် သတင်းထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။
IIMM အနေနဲ့ အဆိုပါ သက်သေအထောက်အထားတွေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) အပါအဝင် နိုင်ငံတကာ တရားစီရင်ရေး ယန္တရားများထံ ပေးပိုးထားပြီးဖြစ်ကြောင်းလည်း ပြောကြားထားသလို၊ အဆိုပါ ရာဇဝတ်မှုတွေမှာ အဆင့်ဆင့် အမိန့်ပေးတဲ့ စစ်တပ်အရာရှိတွေဟာလည်း ထိုရာဇ၀တ်မှုတွေအတွက် တာဝန်ရှိတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
လက်တွေ့မှာလည်း အဆင့်ဆင့်သော စစ်တပ်အရာရှိတွေဟာ အချိန်တန်လို့ ကျူးလွန်မှုများအတွက် စစ်ဆေးအရေးယူခြင်းများ စတင်ပေါ်ပေါက်လာချိန်မှာ ၄င်းတို့အနေနဲ့ “တာဝန်အရ၊ အထက်အမိန့်အရ” လို့ပြောပြီး ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ခေါင်းရှောင်လို့ ရမှာ မဟုတ်ပါဘူး။ တစ်နွယ်တစ်စင်ပါ ဆိုသလို တာဝန်ယူကြရမည်သာ ဖြစ်ပါတယ်။ ဗုဒ္ဒရဲ့ အယူအရလည်း ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်သာ ဖြစ်ပါတယ်။
အချုပ်အားဖြင့် လက်ရှိတော်လှန်ရေးဟာ လုပ်ပိုင်ခွင့်အာဏာ တစ်စုံတရာကြောင့် တော်လှန်ပုန်ကန်နေတဲ့ သမရိုးကျ တိုက်ပွဲမဟုတ်တော့ဘဲ၊ အာဏာရှင်ကို ဖြုတ်ချပြီး စနစ်ကိုပြောင်းလဲလိုတဲ့ လမ်းကြောင်းဆီကို ဦးတည်နေတဲ့ လူထုတော်လှန်ရေး စစ်စစ်သာ ဖြစ်ပါတယ်။
လူထုပါဝင်သော မည်သည့်စစ်ပွဲမဆို ရှုံးနိမ့်ရိုး ထုံးစံမရှိ ဆိုတဲ့စကားအတိုင်း မကြာသော တနေ့မှာ မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်တွေကို တရားစီရင်နိုင်မယ့် အချိန်ကို ရောက်ရှိလာမှာကတော့ မလွဲဧကံပါ။
ဒါကြောင့် NUG အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းအသီသီးအနေနဲ့ မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေနဲ့ ယင်းရာဇဝတ်မှုများအတွင်း ထိခိုက်ခံစားရသူများ တရားမျှတမှု ပြန်လည်ရရှိရေး တို့အတွက် မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇဝတ်တရားရုံးဆီ အရောက်ပို့နိုင်ရေး အရှိန်မြှင့်ပြီး တစိုက်မတ်မတ် လုပ်ဆောင်သွားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။