28 C
Yangon

စစ်ကောင်စီထံ လေယာဉ်ဆီ မရောက်ရှိရေး အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုအပေါ် အရပ်ဘက်အဖွဲ့အစည်းများ ကြိုဆို။

Must read

စစ်ကောင်စီထံ လေယာဉ်ဆီ မရောက်ရှိရေး အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုအပေါ် အရပ်ဘက်အဖွဲ့အစည်းများ ကြိုဆို။

သင်္ဘောလိုင်းများနဲ့ အာမခံလုပ်ငန်းများ အပါအဝင် စစ်အုပ်စုကို လေယာဉ်ဆီ ရရှိအောင် ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတွေမှန်သမျှကို ဆက်လက်ဒဏ်ခတ် ပိတ်ဆို့အရေးယူရေး တောင်းဆို

ရန်ကုန်၊ ဩဂုတ် ၂၆

မြန်မာနိုင်ငံရဲ့ လေယာဉ်ဆီကဏ္ဍမှာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီ (သို့မဟုတ်) လူတစ်ဦးချင်းစီအပေါ် အမေရိကန်နိုင်ငံက ပိတ်ဆို့အရေးယူဖို့ ခွင့်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်ကို Justice for Myanmar (JFM) အပါအဝင် အရပ်ဘက် အဖွဲ့အစည်းတွေက ကြိုဆိုလိုက်ပါတယ်။

ဒါဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ထိရောက်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတစ်ခု ဖြစ်တာကြောင့် မြန်မာ့အရေး တက်ကြွလှုပ်ရှားနေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက ကြိုဆိုလိုက်တာပါ။

မြန်မာအပါအဝင် နိုင်ငံတကာ အရပ်ဘက် အဖွဲ့အစည်းတွေက စစ်အုပ်စုရဲ့ လေယာဉ်ဆီ ရရှိနေမှုကို ပိတ်ဆို့ဖြတ်တောက်ပေးဖို့ တစိုက်မတ်မတ် တောင်းဆိုနေတဲ့ လှုပ်ရှားမှုတွေအပြီးမှာ ယခုကဲ့သို့ အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။

အခုလို ပိတ်ဆို့မှုဟာ အကြမ်းဖက် စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုကို အသုံးပြုပြီး အရပ်သားပြည်သူတွေအပေါ် ဆင်နွှဲနေတဲ့ အကြမ်းဖက် စစ်ဆင်ရေးတွေကို ရပ်တန့်စေဖို့ စတင်လိုက်တဲ့ ခြေလှမ်းတစ်လှမ်းလည်း ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ စစ်အုပ်စုကို လေယာဉ်ဆီ ရရှိအောင် ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတွေဖြစ်တဲ့ Shoon Energy Pte Ltd , P.E.I Energy Pte Ltd (ယခင် Puma Energy Irrawaddy), PEIA Pte Ltd (ယခင် Puma Energy Irrawaddy Aviation) တို့အပေါ် ကန့်သတ်ပိတ်ဆို့ အရေးယူမှုတွေကို စတင်လိုက်ခြင်းပဲ ဖြစ်ပါတယ်။

Shoon ကုမ္ပဏီအုပ်စုဝင် ယခင် Asia Sun ဟာ မြန်မာစစ်အုပ်စုရဲ့ အဓိကပြည်တွင်း မိတ်ဖက်ဖြစ်ပြီး၊ အဲ့ဒီ့ကုမ္ပဏီတွေဟာ လေယာဉ်လောင်စာဆီ တင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်းနဲ့ ပို့ဆောင်ခြင်းတွေမှာ ပါဝင်ဆောင်ရွက်လျှက် ရှိတာပါ။

Ernst & Young LLP ကတော့ လက်ရှိမှာ အသစ်ပိတ်ဆို့ခံထားရတဲ့ စင်ကာပူ စီးပွားရေးလုပ်ငန်းနှစ်ခုဖြစ်တဲ့ PEIA Pte Ltd နှင့် P.E.I Energy Pte Ltd တို့ရဲ့ စာရင်းဝင်ကုမ္ပဏီတွေ ဖြစ်ပါတယ်။

Ernst & Young ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံကို လေယာဉ်ဆီ ထောက်ပံ့မှုမှာ ပါ၀င်နေတဲ့ မည်သည့် ကုမ္ပဏီများနဲ့မဆို အဆက်အသွယ်ဖြတ်တောက်ဖို့ Justice For Myanmar က တောင်းဆိုထားပါတယ်။

လတ်တလောမှာ အဲ့ဒီ့ကုမ္ပဏီအများစုဟာ စင်ကာပူနိုင်ငံမှာ အခြေစိုက်နေတာဖြစ်ပြီး မြန်မာစစ်အုပ်စုကို ထောက်ပံ့နေတဲ့ အဲ့ဒီ့ကုမ္ပဏီတွေကို စင်ကာပူအစိုးရက အရေးယူဖို့ ပျက်ကွက်နေတယ်လို့လည်း အရပ်ဘက်အဖွဲ့အစည်းတွေက ဆိုနေကြတာပါ။

ဒါ့ကြောင့် Justice For Myanmar အပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၂၀၀ကျော်က စင်ကာပူနိုင်ငံခြားရေးဝန်ကြီးထံ အိတ်ဖွင့်ပေးစာ တစ်စောင်ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပေးပို့ခဲ့ပါတယ်။

အဆိုပါ အိတ်ဖွင့်ပေးစာထဲမှာ မြန်မာစစ်တပ်ထံ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်တဲ့ပုံစံနဲ့ လက်နက်များ လွှဲပြောင်းမှု၊ နှစ်မျိုးသုံးကုန်ပစ္စည်းတွေနဲ့ နည်းပညာတွေ ပေးပို့နေမှုကို တားဆီးဖို့နဲ့ ပိတ်ဆို့အရေးယူမှုတွေ စတင်လုပ်ဆောင်ဖို့ စင်ကာပူအစိုးရကို တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စင်ကာပူရဲ့ ဘဏ္ဍာရေးစနစ်ကို စစ်အုပ်စုဘက်က ဝင်ရောက်အသုံးချခွင့် ရနေတာကို ပိတ်ဆို့တားမြစ်ဖို့ တိုက်တွန်းထားတာ တွေလည်း ပါဝင်ပါတယ်။

ဒါ့ကြောင့် စင်ကာပူအနေနဲ့ လက်ရှိမြန်မာ့အရေး တိကျသေချာတဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့အတွက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အသံနဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ လတ်တလော အကြံပြုချက်တွေကို နားထောင်ဖို့ ကိုလည်း တစ်ပါတည်းတောင်းဆိုထားပါတယ်။

ဒါ့အပြင် လက်ရှိ စစ်အုပ်စုက ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံဓာတုလုပ်ငန်း (MPE) နဲ့ Shoon လုပ်ငန်းစုတို့အပေါ်ကို ထပ်ဆင့်အရေးယူဖို့ လိုအပ်နေသေးတယ် လို့လည်း JFM ဆိုပါတယ်။

MPE ဟာ ဂျက်လေယာဥ်ဆီ ထောက်ပံ့ရေး ကွင်းဆက်ကို ထိန်းချုပ်ထားပြီး ဂျက်လေယာဥ်ဆီ ထုတ်လုပ်တဲ့ မန်းရေနံချက်စက်ရုံကို လည်ပတ်ကာ National Energy Puma Aviation Services (NEPAS) ကို Shoon နဲ့အတူ ပူးတွဲပိုင်ဆိုင်ထားတာပါ။

NEPAS ဟာ လေယာဉ်ဆီ တင်သွင်း၊ သိုလှောင်ဖြန့်ဖြူးခြင်း တွေကို ဆောင်ရွက်နေပြီး Shoon Energy Thilawa Terminal Company Limited (ယခင် Puma Energy Asia Sun) က အဓိက လောင်စာဆီ ဂိတ်နှင့် သိုလှောင်ကန်များကို လည်ပတ်ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။

MPE၊ NEPAS နဲ့ Shoon Energy Thilawa Terminal တို့ကို လတ်တလောမှာ မည်သည့်နိုင်ငံကမျှ ပိတ်ဆို့အရေးယူ ထားခြင်း မရှိသေးလို့ အမြန်ဆုံးပိတ်ဆို့ဖို့ လိုအပ်နေတယ်လို့လည်း JFM ကဆိုပါတယ်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က

“လေယာဉ်လောင်စာဆီ ကဏ္ဍအပေါ် အမေရိကန်က ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ရာမှာ အခုနောက်ဆုံး သိသာထင်ရှားတဲ့ ခြေလှမ်းတွေနဲ့ အကြမ်းဖက် မြန်မာစစ်အုပ်စုကို လေယာဉ်ဆီ ထောက်ပံ့ပေးတဲ့ အဓိကကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကို ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်လိုက်တာကို ကြိုဆိုပါတယ်”

“မြန်မာပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်အောင် ကူညီပေးဖို့ စစ်အုပ်စုရဲ့ လေယာဉ်ဆီ ထောက်ပံ့ရေးကွင်းဆက်မှာ ပါနေကြတဲ့ နိုင်ငံတကာစီးပွားရေးလုပ်ငန်းတွေကို ဒဏ်ခတ်ပိတ်ဆို့ခြင်းနဲ့ ဆုံးဖြတ်ချက် ကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အမေရိကန်ကို ကျမတို့က တိုက်တွန်းထားပါတယ်“ လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုက ဂျက်လေယာဥ်ဆီ ရရှိနေမှုမှာ အရေးပါတဲ့ သင်္ဘောလိုင်းတွေနဲ့ အာမခံလုပ်ငန်းတွေ အပါအဝင် စစ်အုပ်စုကို လေယာဉ်ဆီ ရရှိအောင် ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတွေကို ဆက်လက်ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ဖို့ အမေရိကန်ပြည်ထောင်စုရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆက်လက် အကောင်အထည်ဖော်ဖို့ တွေကို တိုက်တွန်းတောင်းဆိုကြောင်း Justice for Myanmar ထုတ်ပြန်ပြောဆိုထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article