မုံရွာမြို့နယ်၊ အက်တောကျေးရွာတွင် ဆက်ကြေးကောက်ရန် လာသည့် စစ်သားများကို တိုက်ခိုက်မှု ၃ ဦးသေဆုံး
ရန်ကုန်၊ သြဂုတ် ၂၆
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အက်တောကျေးရွာတွင် ဆက်ကြေးကောက်ရန် လာသည့် စစ်သားများကို တိုက်ခိုက်ရာ ၃ ဦးသေဆုံးခဲ့ကြောင်း ကျောင်းသား လက်ရုံးတပ်တော် (SAF) ထံမှ သိရသည်။
သြဂုတ်လ ၂၃ ရက်နေ့တွင် မုံရွာမြို့နယ်၊ အက်တောကျေးရွာရှိ ပြည်သူများထံမှ ဆက်ကြေး ကောက်ခံရန်လာသည့် အကြမ်းဖက် စစ်တပ်သားများကို ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ပစ်တိုင်းထောင် – local PDF တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
တိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့များက အကြမ်းဖက် စစ်သားများကို အနီးကပ် တိုက်ခိုက်ခဲ့ပြီး လက်နက်သိမ်းယူနိုင်ရန် တော်လှန်ရေး တပ်ဖွဲ့များက ရှေ့သို့တက်၍ ကြိုးပမ်းခဲ့သော်လည်း လက်နက်များ ချို့ယွင်းမှုကြောင့် မအောင်မြင်ခဲ့ဘဲ စစ်တပ်ဘက်မှ စစ်ကူများ ရောက်ရှိလာသောကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ၁ ဦး ယာလက်မောင်းကျည်ကွဲစမှန် ဒဏ်ရာရရှိခဲ့ပြီး စစ်တပ်ဘက်မှ စစ်သား ၃ ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း သိရှိရသည်။