ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၇ လုံး ပျက်စီး
ရန်ကုန် | ဩဂုတ် ၂၈
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အရပ်သား ၄ ဦး ထိခိုက်ပြီး လူနေအိမ် ၇လုံးပျက်စီးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)က ထုတ်ပြန်ပါတယ်။
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ရက်နေ့ မနက် ၁၁နာရီအချိန်ခန့်က စစ်ကောင်စီတပ်က ၁၂၀မမ လက်နက်ကြီးကျည် ၈လုံးကို အရပ်သားနေထိုင်ရာ ကျေးရွာတွေဘက်ကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ လက်နက်ကြီးကျည်တွေဟာ မုန်းမြို့နယ် ထွနီကုန်း ရွာဘေးမှာ၂လုံး၊ ရွာမှကြီးကျေးရွာမှာ ၁လုံး၊ ငါးမြစ်ချင်းကျေးရွာအတွင်း ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး ငါးမြစ်ချင်းကျေးရွာက ဒေသခံတဦးရဲ့ နေအိမ် လက်နက်ကြီး ထိမှန် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ရွှေကျင်မြို့နယ်မှာလည်း ချုံအင်းကျေးရွာအတွင်းကို လက်နက်ကြီး ပစ်ခတ်ခဲ့လို့ နေအိမ် ၁လုံး အနည်းငယ် ထိခိုက်ပျက်စီးခဲ့ရပြီး ထပ်မံ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ဝမ်းချိုင်းကျေးရွာအတွင်း ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ဩဂုတ်လ ၂၆ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ်မှာ ဟင်္သာဝဲကျေးရွာအုပ်စု ကြိုးကြီးကျေးရွာ အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်လို့ ဒေသခံ အရပ်သားပြည်သူ၄ဦး လက်နက်ကြီး ကျည်စထိမှန် ဒါဏ်ရာရရှိခဲ့ပြီး နေအိမ်၅လုံး၊ ထင်းတဲ ၁ခုနဲ့ ကောက်ရိုးပုံ ၁ခု ထိခိုက်ပျက်စီး သွားတယ်လို့ ဆိုပါတယ်။
ဓါတ်ပုံ – စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒါဏ်ရာရသူနဲ့ ပျက်စီးမှုများ။

