35 C
Yangon

အကြမ်းဖက်စစ်အုပ်စုက တီမောသံရုံးယာယီတာဝန်ခံကို မြန်မာနိုင်ငံမှ နှင်ထုတ်မှု ဥပဒေမဲ့ ပြုကျင့်မှုဟု NUG က ကြေညာ၊ တီမောနိုင်ငံကဲ့သို့ နိုင်ငံတကာ အနေဖြင့် မြန်မာ ပြည်သူများ ဘက်မှ ရပ်တည်ကြရန် ပန်ကြား

Must read

အကြမ်းဖက်စစ်အုပ်စုက တီမောသံရုံးယာယီတာဝန်ခံကို မြန်မာနိုင်ငံမှ နှင်ထုတ်မှု ဥပဒေမဲ့ ပြုကျင့်မှုဟု NUG က ကြေညာ၊ တီမောနိုင်ငံကဲ့သို့ နိုင်ငံတကာ အနေဖြင့် မြန်မာ ပြည်သူများ ဘက်မှ ရပ်တည်ကြရန် ပန်ကြား

ရန်ကုန်၊ ဩဂုတ် ၂၈

အကြမ်းဖက်စစ်အုပ်စုက တီမောသံရုံးယာယီတာဝန်ခံကို မြန်မာနိုင်ငံမှ နှင် ထုတ်မှု မလျော်ကန်သည့် ဥပဒေမဲ့ပြုကျင့်မှုဖြစ်ကြောင်း အမျိုးသား ညီညွတ် ရေး အစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်သည်။

မြန်မာနိုင်ငံကို ကိုယ်စားမပြုသည့် တရားမဝင် အကြမ်းဖက် စစ်အုပ်စုသည် တီမောနိုင်ငံနှင့် ပြည်သူများအား ကိုယ်စားပြုလျက်ရှိသော တီမောသံရုံး ယာယီ တာဝန်ခံ ကို စက်တင်ဘာ ၁ ရက်နေ့ မတိုင်မီ မြန်မာနိုင်ငံမှ အပြီးထွက်ခွာ သွားရန် ဖိအားပေးခဲ့ကြောင်း၊ နိုင်ငံတော်၏ အာဏာကို ဥပဒေ ဘောင် ပြင်ပ မှ လက်နက်အားကိုးဖြင့် အဓမ္မ ရယူထားသော တရားမဝင် အဖွဲ့အစည်းအနေဖြင့် နိုင်ငံတော်၏ နိုင်ငံတကာ သံတမန်ဆက်ဆံရေးကိစ္စရပ်များအပေါ် ဆုံးဖြတ် ဆောင်ရွက်ခွင့် ရှိမည်မဟုတ်ကြောင်း NUG က ပြောဆိုသည်။

နိုင်ငံတော်၏ နိုင်ငံတကာနှင့် သံတမန်ဆက်ဆံရေး ကိစ္စရပ်များအပေါ် ဆုံးဖြတ် ဆောင်ရွက်နိုင်သော အခွင့်အာဏာသည် မြန်မာ ပြည်သူလူထုနှင့် ၎င်းတို့မှ ရွေးကောက် တင်မြှောက်ထားသည့် တရားဝင်အစိုးရ၌သာ တည်ရှိကြောင်း၊ မြန်မာနိုင်ငံရှိ တီမောလက်စတေးသံရုံးမှ သံရုံးယာယီတာဝန်ခံအား ယခုကဲ့သို့ မြန်မာနိုင်ငံမှ နှင်ထုတ်ခြင်းမှာ တရားမဝင် အကြမ်းဖက်စစ်ကောင်စီ၏ ပြုမူနေကျဖြစ်သော မလျော်ကန်သည့် ဥပဒေမဲ့ပြုကျင့်မှုသာ ဖြစ်ကြောင်း NUG ၏ ကြေညာချက်တွင် ဖော်ပြာထားသည်။

ဒီမိုကရေစီ အခြေခံမူဝါဒများနှင့် စံနှုန်းများ၊ တရားဥပဒေစိုးမိုးမှုနှင့် လူသား ဂုဏ်သိက္ခာ တို့ကို တန်ဖိုးထားသည့် တီမောလက်စတေးနိုင်ငံ၏ ရပ်တည်ချက် အား အထူးလေးစား ကျေးဇူးတင်ရှိ ပါကြောင်းနှင့် ၄င်းရပ်တည်ချက်သည် အများ စံနမူနာထားသင့်သည့် ရပ်တည်ချက်ဖြစ်‌ကြောင်း၊ တီမောနိုင်ငံ၏ မိတ်ဆွေကောင်းအဖြစ် ခိုင်မာမြဲမြံသည့် ရပ်တည်ချက်သည် အမျိုးသား ညီညွတ်ရေး အစိုးရနှင့် မြန်မာပြည်သူလူထု၏ နှလုံးသားထဲ၌ နက်ရှိုင်းစွာ အစဉ်အမြဲ အမှတ်ရနေမည်ဖြစ်ပြီး၊ ကျေးဇူးတင်ကဗ္ဗည်း မြဲမြံစွာ မှတ်တမ်းတင် ရေးထိုးထားမည်ဖြစ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုထား သည်။

ဒီမိုကရေစီအခြေခံမူများ၊ လူ့အခွင့်အရေးစံတန်ဘိုးများနှင့် လူသားချင်းစာနာ ထောက် ထားမှု များကို လေးစားတန်ဖိုးထားသည့် နိုင်ငံတကာအသိုင်းအဝိုင်းမှ အစိုးရအသီးသီးအနေဖြင့်လည်း တီမောနိုင်ငံကဲ့သို့ မြန်မာပြည်သူလူထုနှင့် အတူရပ်တည်ပေးလျက် မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်း ပြန်လည် ရောက်ရှိရေးအတွက် ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးကြပါရန် မေတ္တာရပ်ခံကြောင်း NUG က ပန်ကြားထားသည်။

ဓာတ်ပုံ- တီမောသမ္မတ၊ တီမောဝန်ကြီးချုပ်တို့နှင့်တွေ့ဆုံနေသည့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article