၂၀၂၃ နှစ်ကုန်ပိုင်းရောက်လာသည်နှင့်အမျှ စစ်အာဏာရှင် တော်လှန်ရေး ဘက်ပေါင်းစုံမှ အရှိန်မြင့်နေပြီး လမ်းကြောင်း မယိမ်းမယိုင် စေရန်၊ စုစည်း ညီညွတ်စွာသွားကြရန် NUG သမ္မတနှင့် ဝန်ကြီးချုပ် သတိပေး
ရန်ကုန်၊ ဩဂုတ် ၂၉
၂၀၂၃ နှစ်ကုန်ပိုင်းရောက်လာသည်နှင့်အမျှ စစ်အာဏာရှင် တော်လှန်ရေး ဘက်ပေါင်းစုံမှ အရှိန်မြင့်နေပြီး လမ်းကြောင်း မယိမ်းမယိုင် မဖြစ်စေရန်၊ သတိကြီးကြီးဖြင့် စုပေါင်းသွားကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးပြောဆိုလိုက်သည်။
ယနေ့ ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ၂၉ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးတွင် ၎င်းတို့က အထက်ပါအတိုင်း ပြောဆိုလိုက် ခြင်း ဖြစ်သည်။
လက်ရှိ လက်နက်ကိုင်ထားသူအစုအဖွဲ့များအကြား ပြဿနာများကို အစိုးရ အနေဖြင့် မူဝါဒဖြင့် ဖြေရှင်းကြရမည်ဖြစ်ကြောင်း၊ လက်နက်ကိုင်ထား ခြင်း သည် စစ်အာဏာရှင် တော်လှန်ရေးအတွက် ဖြစ်ပြီး ပြည်သူလူထုကို နွေးထွေး လုံ ခြုံစေရန် ဖြစ်ကြောင်း၊ လက်နက်ရှိလာသည်နှင့် ပြည်သူအပေါ် အာဏာပြ ချင် သည့် လူပုဂ္ဂိုလ်မျိုးများ၊ အနိုင်အထက်ပြုကျင့်လိုသူများ ဆွမ်းဆန်ထဲက ကြွက်ချေးသဖွယ် ပုဂ္ဂိုလ်မျိုးများ ပါဝင်လာတတ်ကြောင်း၊ ၂၀၂၃ ခုနှစ် နှစ်ကုန် ပိုင်း ရောက်ရှိလာသည်နှင့် တော်လှန်ရေးသည် ဘက်ပေါင်းစုံမှ အရှိန်မြင့်လာ နေကြောင်း ၎င်းက သတိပေးသည်။
“၂၀၂၃ နှစ်ကုန်ပိုင်းကို ရောက်လာလေလေ တော်လှန်ရေးဟာ ဘက်ပေါင်းစုံ က အရှိန်မြင့်လာလေလေ ဖြစ်တာကြောင့် တော်လှန်ရေး အင်အားစု တွေသွား နေ တဲ့ လမ်းကြောင်း မယိမ်းမယိုင်ရအောင်၊ စုစုစည်းစည်းနဲ့ ဘုံရည်မှန်း ချက် ပန်းတိုင်ကို အရောက်လှမ်းနိုင်အောင် သတိကြီးကြီးထားပြီး သွားကြရမယ့် အချိန် ဖြစ် တယ်ဆိုတာ အားလုံးလည်း နားလည်သိရှိပြီးဖြစ်မယ် လို့ထင် ပါတယ်။ စိန် ခေါ်မှုတွေ ဘယ်လောက်များများ ဒါတွေကို ရင်ဆိုင်ကျော်လွှားပြီး စစ် အာဏာ ရှင်ကို အမြစ်ဖြတ်နိုင်ဖို့၊ ဖက်ဒရယ်နိုင်ငံတော်တည်ထောင်နိုင်ဖို့ ကျွန်တော်တို့မှာ ယုံကြည် ချက်ခိုင်ခိုင်မာမာ ရှိနေတာဟာ ဒီတော်လှန်ရေးကို မဖြစ်မနေ အောင်မြင်စေမယ့် အကြောင်းတရား တစ်ခုပဲ ဖြစ်ပါတယ်။ လွဲချော်ခဲ့မှုတွေ၊ အမှားတွေကနေလည်း သင်ခန်းစာယူပြီး ရှေ့ဆက်နေကြတာ မို့ အမှားကင်းကင်းနဲ့ စစ်ကောင်စီရဲ့ လှည့်ကွက်တွေကို ကျော်လွှားသွားဖို့ အသင့်ဖြစ်နေကြတဲ့ တော်လှန်ရေးလည်း ဖြစ်ပါတယ်။ ဒါကြောင့် စုစုစည်းစည်း ပေါင်းစပ် ညှိနှိုင်းကြရင်း ဆက်လက် အားထုတ်သွားကြဖို့ တိုက်တွန်းလိုပါတယ်။ သတိထားဖြေရှင်းရမယ့် ကိစ္စတွေကိုလည်း ပြဿနာတွေ မကြီးထွားခင် မြန်မြန်ဆန်ဆန် ဖြေရှင်းဆောင်ရွက်ကြမယ်ဆိုရင် အခက်အခဲနည်းမှာ ဖြစ်ပါ တယ်။ အထူးသဖြင့် လက်နက် ကိုင်ထားကြတဲ့ အစုအဖွဲ့တွေကြားက ပြဿနာ တွေ ဆိုရင် အစိုးရအနေနဲ့ ခိုင်ခိုင်မာမာ မူဝါဒတွေ ချမှတ်ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ လက်နက်ရှိလာတာနဲ့ ပြည်သူအပေါ် အာဏာပြချင်တဲ့ လူပုဂ္ဂိုလ် မျိုး တွေ၊ အနိုင်အထက်ပြုကျင့်လိုသူ ဆွမ်းဆန်ထဲက ကြွက်ချေးသဖွယ် ပုဂ္ဂိုလ်မျိုးတွေလည်း ပါဝင်လာတတ်ပါတယ်။ ဒါကြောင့် တာဝန်ရှိသူ ဝန်ကြီးဌာနတွေအနေနဲ့ အဆင့်ဆင့် အမိန့်ပေးစနစ်၊ စည်းကမ်းလိုက်နာမှု၊ ပူးပေါင်း ဆောင်ရွက်မှု၊ ကျစ်လစ်သောစုဖွဲ့မှုတွေ ရှိလာဖို့၊ ပြဿနာတွေ ရှိလာရင်လည်း လျင်မြန်စွာ ဖြေရှင်းဖို့ အင်မတန် အရေးကြီးမှာ ဖြစ်ပါတယ်။ တကယ်တော့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဆိုတာ ပြည်သူကို လုံခြုံနွေးထွေးအောင် ကာကွယ်ပေးရမယ့်တာဝန်ကို ယူထားကြသူများ ဖြစ်ပါတယ်။ ကာကွယ်ပေး ရမယ့် သူတွေက လမ်းကြောင်းတွေ လွဲလာကြ မယ်ဆိုရင် တော်လှန်ရေးအတွက်လည်း ထိခိုက်မှု ရှိလာမှာ ဖြစ်ပါတယ်။ ပြည်သူတွေဘက်က ငြိုငြင်စရာဖြစ်ရပ်တွေ များပြားလာရင် ပြည်သူလူထုရဲ့ အားပေး ထောက်ခံမှုလည်း တစ်စထက်တစ်စ ပျယ်လွင့်သွားနိုင်တာကို ကြီးစွာသတိထားရမှာ ဖြစ်ပါတယ်။ ” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးသည်။
ယာယီသမ္မတ ဒူဝါလရှီးလကလည်း တော်လှန်ရေးနှင့် အစိုးရ၏ အသက်သွေး ကြော သည် ပြည်သူလူထု၏ ထောက်ခံမှုဖြစ်ပြီး ပြည်သူလူထုနှင့်တစ်သား တည်း ရပ်တည်ရန် အရေးကြီးကြောင်း၊ ဘုံသဘောတူညီချက်ချင်း တူညီလျှင် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း သတိပေး ပြောဆိုသည်။
“အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှာ ကဏ္ဍအသီးသီးမှာ ပုခုံးထမ်းတာဝန် ဆောင် ရွက်နေကြတဲ့ ရဲဘော်ရဲဘက်များကို ကျွန်တော့်အနေနဲ့ တိုက်တွန်းလို တာက ကျွန်တော်တို့ တော်လှန်ရေးဟာ ပြည်သူနဲ့ ကင်းကွာတဲ့ တော်လှန်ရေး မဖြစ်ရေးဟာ တော်လှန်ရေးသစ္စာတခု ဖြစ်တယ်ဆိုတာ အမြဲဂရုပြု ထားကြဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေးရဲ့ လုပ်ငန်းဆောင်တာတွေ မည်မျှပင် များပြားသည်ဖြစ်ပါစေ ပြည်သူလူထုနဲ့ ချိတ်ဆက်မှု၊ တသားတည်း ဖြစ်မှုတွေကို အမြဲတမ်း ထိပ်ဆုံးမှာ ထားရမှာဖြစ်ပါတယ်။”ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။