ကရင်နီပြည်နယ်ရှိ စစ်သား၊ ရဲများ အချိန်မီ CDM ပြုလုပ်ရန် KNPP သတိပေး တိုက်တွန်း
ရန်ကုန်၊ စက်တင်ဘာ ၂
ကရင်နီပြည်နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသော စစ်သား၊ ရဲများအနေဖြင့် CDM ပြုလုပ်လိုပါက အမြန်ဆုံးဆက်သွယ်နိုင်ကြောင်း ကရင်နီအမျိုးသား တိုး တက်ရေးပါတီ (KNPP) ဗဟိုဌာနချုပ်မှ ခူးတော်ရယ်အက်စ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ကရင်နီပြည်နယ် တစ်ဝှမ်းရှိ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသော တပ်ဘက် ဆိုင်ရာ အရာရှိများနှင့် အခြားအဆင့်တပ်သားများ၊ ပြန်တမ်းဝင်ရဲအရာရှိများ၊ ရဲအုပ်၊ ဒုရဲအုပ်များနှင့် အခြားအဆင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ဘက်ပြောင်းခိုလှုံလိုပါက သို့မဟုတ် CDM ပြုလုပ်လိုပါက မိမိ တို့နှင့် နီးစပ်ရာ ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ မြို့နယ်အသီးသီးမှ မြို့ နယ်တပ်များ၊ ကရင်နီပြည်နယ်တစ်ဝှမ်း အခြေချလှုပ်ရှားနေသည့် ကရင်နီပြည် တပ်မတော်တပ်ရင်း၊ တပ်ခွဲ၊ တပ်စုများထံသို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းလမ်းဖြင့်ဖြစ်စေ အမြန်ဆုံးဆောင်ရွက်နိုင် ကြောင်း KNPP ပါတီကပြောဆိုထားသည်။
“မြေပြင်တိုက်ပွဲမှာ အကျအဆုံးများတဲ့ စကစ တပ်ဖွဲ့ဝင်တွေဟာ မတိုက်ချင်၊ မခိုက်ချင်သူတွေ ရှိ တယ်လို့ သိရတယ်၊ အဲဒါကြောင့် ဘက်ပြောင်းခိုလှုံလိုတဲ့ သူတွေအတွက် လုံခြုံမှုကို ပေးတဲ့ အစီအစဉ် ရှိကြောင်းနဲ့ လုံခြုံမှုပေးထားကြောင်း အသိပေးတာ ဖြစ်ပါတယ်” ဟု ဘက်ပြောင်းခိုလှုံသူများနှင့် CDM များ ကြီးကြပ်ရေးလုပ်ငန်းကော်မတီအဖွဲ့ခေါင်းဆောင် ခူးတော်ရယ်အက်စ် က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
CDM ဝင်ကြမည့် စစ်သားများနှင့်ရဲများအနေဖြင့် မိမိတို့နှင့်အတူ တစ်ပါတည်းပါလာသော လက်နက်ခဲယမ်းများကို သက်ဆိုင်ရာ ကရင်နီပြည်နယ်တပ်မ တော်နှင့် မြို့နယ်တပ်ရင်းများထံ တရားဝင်အပ်နှံပြီးပါက ဘက်ပြောင်းခိုလှုံသူများနှင့် CDM များ ကြီး ကြပ်ရေးလုပ်ငန်းကော်မတီ၏ အစီအမံအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိ ပေးထားသည်။
ဘက်ပြောင်းခိုလှုံသူများနှင့် CDM များကြီးကြပ်ရေး လုပ်ငန်းကော်မတီအနေဖြင့် နိုင်ငံတကာ တရားဝင် အစုအဖွဲ့များ၊ မြန်မာနိုင်ငံတဝှမ်းရှိ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင် အစုအဖွဲ့များ၊ အမျိုးသား ညီညွတ်ရေးအစိုးရတို့နှင့် တရားဝင် ကွန်ယက်ချိတ်ဆက်မှု လမ်းကြောင်းရှိကြောင်း၊ ကရင်နီပြည် အပြင် မြန်မာနိုင်ငံတဝှမ်းမှ စစ်ကောင်စီလက်အောက်၌ တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့သည့် ပုဂ္ဂိုလ်များ အနေဖြင့်ပေးထားသည့် စင်ဂနယ်နံပါတ် – +66 95880 7436 ကို တိုက်ရိုက်ချိတ်ဆက်သွယ်နိုင်ကြောင်း အသိ ပေးထားသည်။
ဘက်ပြောင်းခိုလှုံလာသူများနှင့် CDM များ ကြီးကြပ်ရေးလုပ်ငန်းကော်မတီသည် ကရင်နီအမျိုးသား တိုး တက်ရေးပါတီ ၊ ပါတီအလုပ်အမှုဆောင် ကော်မတီ၏ ဒုတိယ ၆ လပတ် အစည်းအဝေး၌ တရားဝင် အတည်ပြုဖွဲ့စည်းထားခဲ့သော ဗဟိုအဆင့်လုပ်ငန်းကော်မတီဖြစ်ပြီး ချမှတ်ထားသော လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်သူ့ရင်ခွင်ကော်မတီနှင့် သော်လည်းကောင်း၊ နိုင်ငံတကာ တရားဝင်အဖွဲ့အစည်းများနှင့်သော်လည်းကောင်း ချိတ်ဆက်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
