26 C
Yangon

မြန်မာစစ်အုပ်စုက ဦးဆောင်ကျင်းပမယ့် အာဆီယံလေတပ် ညီလာခံကို ဖျက်သိမ်းပေးဖို့ အာဆီယံကို အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

Must read

မြန်မာစစ်အုပ်စုက ဦးဆောင်ကျင်းပမယ့် အာဆီယံလေတပ် ညီလာခံကို ဖျက်သိမ်းပေးဖို့ အာဆီယံကို အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

ရန်ကုန်၊ စက်တင်ဘာ ၅

မြန်မာစစ်အုပ်စုက မကြာမှီ အိမ်ရှင်အဖြစ် နေပြည်တော်မှာ ကျင်းပမယ့် အာဆီယံနိုင်ငံများရဲ့ လေတပ်အကြီးအကဲများ ညီလာခံကို မြန်မာ့အရေး တက်ကြွလှုပ်ရှားတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

တစ်နိုင်ငံလုံးအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုကို အခုလို နိုင်ငံတကာက ပါဝင် တက်ရောက်မယ့် ညီလာခံတွေ ကျင်းပခွင့် ပေးနေခြင်းအတွက် အာဆီယံအပေါ်မှာလည်း မေးခွန်းထုတ်စရာတွေ ဖြစ်လို့လာပါတယ်။

ဒါ့ကြောင့် မကြာခင် ကျင်းပမယ့် အာဆီယံလေတပ် အကြီးအကဲများ ညီလာခံ ကို အမြန်ဆုံး ဖျက်သိမ်း ရပ်ဆိုင်းပေးဖို့ Justice for Myanmar (JFM) အပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေက အာဆီယံကို အရေးတကြီး တောင်းဆိုထားပါတယ်။

အာဆီယံလေတပ် အကြီးအကဲများ ညီလာခံ (AACC) မှာ စစ်အုပ်စုရဲ့ လေတပ်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်က သဘာပတိအဖြစ် ဆောင်ရွက်လျက် ရှိနေတာ ဖြစ်ပါတယ်။

ထွန်းအောင်ဟာ လေတပ်ကာကွယ်ရေး ဦးစီးချုပ်အဖြစ် စတင်ခန့်အပ်ခံရတဲ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလနောက်ပိုင်းက စတင်ပြီး မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပြစ်မဲ့ အရပ်သား ပြည်သူတွေအပေါ် လေကြောင်းမှ တိုက်ခိုက်ခဲ့မှုတွေမှာ အဓိက အမိန့်ပေးညွှန်ကြားခဲ့သူ ဖြစ်ပါတယ်။

လူရာချီ အစုအလိုက်အပြုံလိုက် သေဆုံးစေခဲ့တဲ့ ပဇီကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်မှု၊ ဖားကန့်ဒေသက တေးဂီတဖျော်ဖြေပွဲကို လေကြောင်းတိုက်ခိုက်မှု ၊ လက်ယက်ကုန်းရွာ စာသင်ကျောင်းကို ဗုံးကျဲမှုတို့မှာ လေတပ် ဦးစီးချုပ်ဟာ အဓိက တာဝန်ရှိသူ အမိန့်ပေး ဦးဆောင်ခဲ့သူဆိုရင်လည်း မမှားပါဘူး။

လေတပ်ဦးစီးချုပ် တာဝန်ကို ရယူခဲ့ပြီး ကာလတွေ ဖြစ်တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့အတွင်း လေကြောင်း တိုက်ခိုက်မှုပေါင်း ၉၃၀ ကျော်ကို အမိန့်ပေးကွပ်ကဲခဲ့ပြီး၊ လူပေါင်း ၁,၀၀၀ နီးပါးကို သေဆုံးစေခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် လူသားမျိုးနွယ်ကို စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီရဲ့ လေတပ်ဦးစီးချုပ်ကို နေရာပေး အသိအမှတ်ပြုပြီး အာဆီယံ လေတပ်ဦးစီးချုပ်ညီလာခံ ကျင်းပခွင့်ပေးတာကြောင့် အာဆီယံရဲ့ လုပ်ရပ်တွေဟာ မြန်မာအကြမ်းဖက်စစ်အုပ်စုကို အသိအမှတ်ပြု ထောက်ခံနေပြီလားလို့တောင် ဆိုရမလို ဖြစ်နေပါတယ်။

လက်ရှိမှာ စစ်ကောင်စီရဲ့ လေတပ်ဦးစီးချုပ်ကို အမေရိကန်ပြုထောင်စု၊ ယူကေ၊ အီးယူနဲ့ ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ထားပါတယ်။

အာဆီယံက မြန်မာကို ဦးဆောင်ကျင်းပခွင့် ပေးထားတဲ့ လေတပ်အကြီးအကဲများ ညီလာခံဟာ တရားမဝင်စစ်အုပ်စုနဲ့ ဆောင်ရွက်နေတဲ့ အာဆီယံရဲ့ ကျယ်ပြန့်တဲ့ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

အာဆီယံဟာ စစ်အုပ်စုကို ကြည်း၊ ရေ၊ လေ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးနဲ့ ရဲလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး တွေမှာလည်း ဦးဆောင်ဖို့ အသိအမှတ်ပြု လုပ်ကိုင်ခွင့်တွေကိုလည်း ပေးအပ်ထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး စစ်ရေး စားပွဲတင်လေ့ကျင့်မှု တစ်ရပ်ကို နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။

ဒါ့အပြင် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ လက်တွေ့ မြေပြင်စစ်ရေး လေ့ကျင့်မှုတစ်ရပ်ကိုလည်း လာမယ့် စက်တင်ဘာလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ ရုရှားနိုင်ငံမှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

အဲ့ဒီ့လေ့ကျင့်မှု နှစ်ရပ်လုံးကို စစ်အုပ်စုက ပူးတွဲဥက္ကဌအဖြစ် ဆောင်ရွက်သွားမှာဖြစ်တဲ့အပြင်၊ အာဆီယံ ရေတပ်အကြီးအကဲများ ညီလာခံတစ်ရပ်ကို စစ်ကောင်စီက မကြာမှီ လက်ခံကျင်းပသွားဖို့လည်း ရှိနေပါတယ်။

အာဆီယံအနေနဲ့ မြန်မာစစ်အုပ်စု ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်လင်းထွန်းကို အာဆီယံ ရဲတပ်ဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာအဖြစ် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မေလအတွင်းက ခန့်အပ်ခဲ့ပါသေးတယ်။

ဒီလို အာဆီယံအနေနဲ့ စစ်အုပ်စုနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေမှုအပေါ် မြန်မာနဲ့ နိုင်ငံတကာ အရပ်ဖက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ရှုတ်ချဝေဖန်ခဲ့ပေမယ့် အာဆီယံကတော့ ဆက်လက်ခွင့်ပြုထားဆဲပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ရှင်းလင်းတင်ပြရာမှာ “ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှု ကို ကျုးလွန်သူတွေဟာ အာဆီယံရဲ့ ဦးစီးဦးဆောင်တာဝန်တွေမှာ ထမ်းဆောင်ဖို့ မသင့်ပါဘူး၊ သူတို့ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေ အတွက် ပြစ်ဒဏ်ကျခံဖို့သာ သင့်ပါတယ်” လို အာဆီယံကို တိုက်ရိုက်ရည်ညွှန်းပြီး ပြောဆိုတင်ပြခဲ့ပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အာဆီယံနဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ ဒီလေတပ်အကြီးအကဲများ ညီလာခံကို ကျင်းပဖို့ လုပ်ဆောင်နေတာနဲ့ စစ်အုပ်စုနဲ့ စစ်ဘက် ရဲဘက် ထိတွေ့ ဆက်ဆံနေတာတွေက မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်အပေါ် စာနာစိတ် ကင်းမဲ့တဲ့ လျစ်လျူရှု မှုကို ပြသနေတာ ဖြစ်ပါတယ်။ မြန်မာ့အကျပ်အတည်းကို ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ဖြေရှင်းမယ်ဆိုတဲ့ အာဆီယံရဲ့ ကိုယ်ပိုင်ကတိကဝတ်တွေကို သူတို့ကိုယ်တိုင် ဖောက်ဖျက်နေကြတာ ဖြစ်ပါတယ် “ လို့ဆိုပါတယ်။

အာဆီယံ လေတပ်အကြီးအကဲများ ညီလာခံကို ဆက်လက်ကျင်းပမယ် ဆိုရင် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ အဆိုပါ ညီလာခံကို သပိတ်မှောက်သင့်ပြီး၊ တရားမဝင် စစ်အုပ်စု ပါဝင်နေတဲ့ ADMM လှုပ်ရှားမှုအားလုံးမှာလည်း တက်ရောက်ဖို့ ငြင်းဆန်သင့်တယ်လို့ သူမက ဆက်လက်ပြောခဲ့ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article