ဒရုန်း (သို့မဟုတ်) ဖက်ဆစ်တွေရဲ့ ကောင်းကင်ပေါ်က အကြောက်တရား
By လမ်းသစ်
“စစ်ကောင်စီတပ်တွေကို ဒရုန်းအုပ်စုလိုက်နဲ့ ဗုံးကြဲတိုက်ခိုက်သွားဖို့ ရှိတယ်။ အဲ့ကျရင် သူတို့ ဘယ်လိုသေလို့ သေမှန်းတောင် မသိလိုက်ဘူး ဖြစ်သွားလိမ့်မယ်”
အကြမ်းဖက်စစ်တပ်ကို တော်လှန်နေတဲ့ Federal Wings အဖွဲ့က အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်တုန်းက ပြောခဲ့ဖူးတာပါ။
“၉ ယောက်၊ ၁ဝ ယောက်လောက် ထိတယ် အဘ၊ ရဲတွေအကုန် သနားဖို့ကောင်းတယ် အဘရယ်၊ ၂၇၅ တပ်ရင်းမှူး လုံးဝ အခြေအနေ မကောင်းဘူး၊ အခု ကျနော် စစ်ဆေးရုံရောက်နေတယ် အဘ”
ဒါကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက မြဝတီမြို့မှာ ဒရုန်းတိုက်ခိုက်မှု ကြုံတွေ့အပြီး အာဏာသိမ်း စစ်ကောင်စီ အဖွဲ့ဝင်တစ်ယောက်က သူ့အထက်လူကြီးကို ဖုန်းဆက် အစီရင်ခံနေတဲ့ စကားသံပဲ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ် လိုက်ခဲ့ကြတဲ့ Generation Z လူငယ်တွေထဲမှာ နည်းပညာကျွမ်းကျင်သူတွေ ပါဝင်နေခဲ့ပါတယ်။ ဒီလူငယ်တွေဟာ သူတို့ရဲ့တတ်ကျွမ်းမှုကို တော်လှန်ရေးမှာ ဘယ်လိုအသုံးချနိုင်မလဲဆိုတာ အမျိုးမျိုး ကြံဆရင်း အခုလို ဖက်ဆစ်စစ်တပ်အတွက် ထိတ်လန့်စရာ ဒရုန်းစစ်ဆင်ရေးတွေ ပေါ်ပေါက်လာခဲ့တာပါ။
မြန်မာနိုင်ငံမှာတော့ ရိုက်ကူးရေးတွေမှာ မြင်ရလေ့ရှိတဲ့ အဝေးထိန်း ဒရုန်းတွေကို စစ်ကောင်စီ တပ်စခန်းတွေကို ထောက်လှမ်းရာမှာ အသုံးပြုရင်းကနေ နောက်ပိုင်း အဲ့ဒီဒရုန်းတွေမှာ ဗုံးတပ်ပြီး စစ်တပ်စခန်းချရာ နေရာတွေကို ဗုံးကြဲချခဲ့ကြတာပါ။
အာဏာသိမ်းစစ်တပ် စခန်းချတဲ့နေရာတွေ၊ စစ်ဆေးရေးဂိတ်တွေ၊ စစ်တပ် ရင်တန်းတွေ၊ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးရုံးတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ တနေ့တခြား များလာပါတယ်။
ဒီလိုအခြေအနေအထိ ရောက်လာဖို့အတွက် တော်လှန်ရေးလူငယ်တွေဟာ သုတေသနတွေ၊ စမ်းသပ်အသုံးချမှုတွေ၊ ထုတ်လုပ်ရေးလုပ်ငန်းတွေနဲ့ ပြန်လည်သင်တန်းပေးမှုတွေ များစွာ အားထုတ်ခဲ့ကြပါတယ်။
ဒရုန်းနဲ့တွဲဖက်အသုံးပြုနိုင်မယ့် ဗုံးသီးတွေကအစ ထုတ်လုပ်ကြသလို စစ်ဆင်ရေးအပေါ် မူတည်ပြီး ပြောင်းလဲအသုံးပြုနိုင်မယ့် ဗုံးတွေလည်း အမျိုးမျိုးရှိတယ်လို့ သိရပါတယ်။
၂ဝ၂၁ ခုနှစ် စက်တင်ဘာမှာ စစ်မြေပြင်ကို စတင်ဝင်ရောက်ခဲ့တဲ့ ဒရုန်းစစ်ဆင်ရေးဟာ အခုဆိုရင် တော်လှန်ရေးတပ်ဖွဲ့ တော်တော်များများနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေကြပါပြီ။ မြေပြင်မှာ တိုက်ပွဲဆင်နွှဲရတဲ့ ရဲဘော်တွေကလည်း ဒရုန်းတွေပါလာရင် သူတို့အတွက် ထိခိုက်မှုနည်းပြီး ပိုမိုခရီးတွင်တယ်လို့ ခံစားလာရပါတယ်။
စစ်ကောင်စီအတွက်တော့ လေပေါ်ပျံဝဲလာတဲ့ ဒရုန်းတွေဟာ သူတို့အတွက် အိပ်မက်ဆိုးပါပဲ။ စစ်ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အစည်းအဝေးတွေမှာ ဒရုန်းတိုက်ခိုက်မှုကို စိန်ခေါ်မှုတစ်ခုအနေနဲ့ ထည့်သွင်းပြောဆိုနေကြပါပြီ။
တော်လှန်ရေးအင်အားစုတွေကို လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ အနိုင်ကျင့် စစ်တိုက်လေ့ရှိတဲ့ မြန်မာစစ်တပ်အတွက် တော်လှန်ရေးဒရုန်းတွေဟာ စိုးရိမ်စရာ အခြေအနေတစ်ခုဆီ တွန်းပို့နေပါတယ်။ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ မပိုင်ဆိုင်နိုင်တဲ့ တော်လှန်ရေးသမားတွေအတွက်တော့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုဟာ ဝေဟင်အသာစီး ရယူနိုင်မှုတစ်ခုပဲ ဖြစ်ပါတယ်။
တော်လှန်ရေး ဒရုန်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်မှာဆိုရင် ဒရုန်းအသုံးပြု တိုက်ခိုက်မှုပေါင်း အကြိမ် ၆ဝဝ ကျော် ပြုလုပ်ခဲ့ပြီး ဒီနှစ်မှာဆိုရင် ပိုလို့တောင် အကြိမ်ရေများနေဦးမှာပါ။ ဒရုန်းတွေဟာ ရှေ့တန်းမှာသာမက စစ်ကောင်စီရဲ့ နောက်တန်းစစ်စခန်းတွေအထိ ခြိမ်းခြောက်လာနိုင်လိမ့်မယ်လို့ အားလုံးက ယုံကြည်လာကြပါပြီ။
တစ်ချိန်မှာ လမ်းပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတဲ့ ပြည်သူတွေကို ဝရုန်းသုန်းကားဖြစ်အောင် စစ်တပ်က ရိုက်နှက်ပစ်ခတ်ပြီး မောင်းထုတ်ခဲ့ကြပါတယ်။
အဲ့ဒီပြည်သူတွေဟာ အခုတော့ ဗုံးကြဲမှုကြောင့် အာဏာသိမ်းစစ်တပ်ရဲ့ အဖွဲ့သားတွေ အသက်လုပြီး ခွေးပြေးဝက်ပြေး ပြေးကြတဲ့ ဗီဒီယိုတွေကို လူမှုကွန်ရက်ပေါ်ကနေ မြိန်ရေရှက်ရေ ကြည့်နေကြပါတယ်။
မှတ်တမ်းရိုက်ကူးတဲ့ ဒရုန်းတွေကနေ တိုက်ခိုက်ရေးဒရုန်းတွေ ဖြစ်လာဖို့ဆိုတာ မလွယ်ပါဘူး။ လိုအပ်တဲ့ အစိတ်အပိုင်းတွေ ထပ်မံဖြည့်စွက်ရတဲ့ ကုန်ကျစရိတ်ဟာ ကြီးမားလှပါတယ်။ သိန်း ၂ဝဝ ဝန်းကျင်ရှိတဲ့ မောင်းပြန်ရိုင်ဖယ် သေနတ်ထက်တောင် ကုန်ကျစရိတ် ပိုကြီးတယ်လို့ ပြောပါတယ်။ ဒါကြောင့် ဒရုန်းနဲ့ ဝေဟင်တိုက်ခိုက်မှု အရှိန်မြှင့်တင်ရေး ကမ်ပိန်းတွေမှာ ပြည်သူတွေ ပူးပေါင်းပါဝင်သင့်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ တော်လှန်ရေးအဖွဲ့တွေဆီ တိုက်ခိုက်ရေးဒရုန်းတွေ အစီး ၄ဝဝ ကျော် ဖြန့်ကျက်ပေးထားနိုင်ပြီလို့ ပြီးခဲ့တဲ့ သြဂုတ်လက တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ ဒီဒရုန်းတွေက ရှေ့တန်းစစ်မြေပြင်မှာ တိုက်ခိုက်ရေး၊ ထောက်လှမ်းရေး တာဝန်တွေ ထမ်းဆောင်နေပြီလို့ ဆိုထားပါတယ်။
တော်လှန်ရေးဒရုန်းတွေဟာ လက်နက်အားကိုးနဲ့ မိုက်နေတဲ့ အကြမ်းဖက်စစ်တပ်ကိုသာ ဦးတည်တာဖြစ်ပါတယ်။
ဒါကြောင့် ဘေးထွက်ဆိုးကျိုးအနေနဲ့ ဗုံးထိမှန်မှုတွေကို ရှောင်ရှားနိုင်အောင် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေအနေနဲ့ သက်ဆိုင်ရာ လိုင်းခန်းတွေ၊ ရုံးတွေကနေ ဖယ်ရှားကြဖို့ ဒရုန်းတိုက်ခိုက်ရေးတပ်ဖွဲ့ Federal Wings က သတိပေးထားပါတယ်။
လက်ရှိ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအနေနဲ့ CDM/ Pre CDM လုပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနေကြပါတယ်။
အာဏာသိမ်း စစ်အုပ်စုရဲ့ တိုက်ခိုက်နိုင်စွမ်းရှိတဲ့ စစ်သား ၃သောင်းကျော်ကို ၂ နှစ်အတွင်း ချေမှုန်းနိုင်ခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ နယ်မြေထိန်းချုပ်နိုင်မှုဟာလည်း ၃၃ ရာခိုင်နှုန်းကျော်သာ ရှိတော့တယ်လို့ နိုင်ငံတကာစစ်တမ်းများက ဆိုနေပါတယ်။ ထွက်ပေါက်တစ်ခုအဖြစ် ကြွေးကြော်နေတဲ့ ရွေးကောက်ပွဲဟာလည်း ဒီလို စစ်ရေး စတင်ရှုံးနိမ့်လာနေမှု အခြေအနေနဲ့ ဖြစ်ဖို့ အမတန်ခဲယဥ်းတာမို့ ဖက်ဆစ်တွေဟာ ပြည်သူ့ တော်လှန်ရေးစစ်ပွဲနဲ့ ထိပ်တိုက်ရင်ဆိုင်ရဖို့သာ ရှိနေပါတယ်။
တော်လှန်ရေးအစိုးရဘက်ကတော့ ကျစ်ကျစ်လစ်လစ်နဲ့ ထုအင်အား တည်ဆောက်ပြီး ရန်သူရဲ့ ထိန်းချုပ်နယ်မြေထဲအထိ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်ဖို့ တာဆူနေပါပြီ။ ဒီလို နွေဦးတော်လှန်ရေးရဲ့ ထိုးစစ်ဆင်နွှဲရာမှာလည်း မဟာဗျူဟာမြောက် နေရာတွေအထိ ဒရုန်းစစ်ဆင်ရေးတွေ အုံလိုက်ကျင်းလိုက် ဝင်ရောက်လာဦးမှာ မြင်ယောင်နေမိပါတယ်။
လက်ရှိအခြေအနေမှာတော့ အကြမ်းဖက်စစ်တပ်ဟာ ဒရုန်းဗုံးထိမှန် သေဆုံးသူတွေရဲ့ နာရေးကို ဒရုန်းနဲ့ ဗုံးထပ်ကြဲမှာစိုးလို့ လူနည်းနည်းနဲ့ တက်သုတ်ရိုက်ပြီး အသုဘ ချလိုက်ရတဲ့အဖြစ်ကို မရှုမလှရောက်ရှိနေပါတယ်။ သူတို့တွေရဲ့ စိတ်ထဲက အကြောက်တရားတွေကို လှမ်းမြင်လိုက်ရသလိုပါပဲ။
တစ်ချိန်တုန်းက မိုးပေါ်ထောင်မပစ်ဘူး၊ ခေါင်းကို တည့်တည့်မှန်အောင်ပစ်တာ ဆိုတဲ့ တိုင်းပြည်ရဲ့ ဘုံရန်သူ စစ်တပ်ဟာ အခုတော့ သူတို့ခေါင်းကို ဘယ်အချိန် မိုးပေါ်ကနေ ဗုံးကျလာမလဲလို့ ကြောက်လန့်တကြား မော့မော့ကြည့်နေရပါပြီ။
