စစ်ကိုင်း- ရွှေဘို လမ်းပိုင်းတွင် စစ်တပ် စစ်ကြောင်းနှင့် ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၁၀
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-ရွှေဘိုလမ်း အုန်းတောကျေးရွာနှင့် ရွာသစ်ကျေးရွာကြားတွင် အကြမ်းဖက်စစ်ကြောင်းနှင့် ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အနည်းဆုံး ၂ ဦး သေဆုံးခဲ့ကြောင်း Fight For Federal တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
စက်တင်ဘာလ ၉ ရက် နံနက် ၉ နာရီကျော်က အင်အား ၁၀၀ ကျော်ဖြင့် စစ်ကိုင်းမြို့နယ်၊ အနောက် ခြမ်းရှိ ဆားတောင်တိုက်နယ်ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးပြီး ပြန်လာသည့် အကြမ်းဖက်စစ် တပ်စစ်ကြောင်းကို စစ်ကိုင်း -ရွှေ ဘိုလမ်းကားလမ်းမပေါ် အုန်းတောကျေးရွာနှင့် ရွာသစ်ရွာအကြား နန်းမဟာ စားသောက်ဆိုင်အနီး အရောက် မိုင်းပွိုင့် ၂ ပွိုင့်ဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၂ စီးကို တည့်တည့်ထိမှန်ခဲ့ပြီး အကြမ်းဖက်စစ်သားအနည်းဆုံး ၂ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြား ကြောင်း သိရသည်။
“စစ်ကြောင်းက မနေ့က တပ်မ ၃၃ ထဲကို ပြန်ဝင်သွားပါပြီ၊ ဖမ်းသွားတဲ့ ဓားစာခံတွေလည်း ပြန်လွတ် ပါပြီ၊ စစ်ကြောင်းထိုးတဲ့ ကာလတစ်လျှောက် ကျားမင်းကြီးကျေးရွာက ပြည်သူတစ်ယောက်ကို ဓားနဲ့ ထိုးသတ်သွားတယ်၊ အဲဒီစစ်ကြောင်းမှာက ရဲတွေလည်းပါတယ်၊ အောင်လံတောင်တွင်းကြီးဘက်က သင်တန်းဆင်းလူငယ်လေးတွေလို့ သိရတယ်၊ အဲဒီလူငယ်တွေလည်း အကြောင်းအမျိုးမျိုး ကြောင့်ချော ဆွဲခံရတာ အများဆုံးလို့ သိရပါတယ်၊” ဟု Fight For Federal တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို Fight for Federal ၊ Phoenix SGG ၊ Unicorn ပြောက်ကျားတပ်ဖွဲ့၊ စစ်ကိုင်းမြို့ နယ်ပကဖ၊ အညာသားလေးSGG တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နယ်မြေအနေအထားအရ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု မသိရသေးကြောင်း Fight for Federal တပ်ဖွဲ့မှ ထုတ် ပြန်ထားသည်။
ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် စက်တင်ဘာလ ၃ ရက်နေ့မှ စ၍ ဆားတောင်တိုက်နယ်အ တွင်းရှိ ကျေးရွာများအတွင်းသို့ ဝင်ရောက်ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်၀င် ရောက် စီးနင်းခြင်း၊ ပြည်သူလူထုအား ဖမ်းဆီးရိုက်နှက် သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင် ခြင်း၊ နေအိမ်မီးရှို့ခြင်း၊ ကျေးရွာနေအိမ်များမှ စားနပ်ရိက္ခာ၊ အဖိုးတန်ပစွည်းများအား ခိုးယူခြင်း စသည့် စစ်ရာဇ၀တ်မှုမျိုးစုံကို ကျူးလွန်ခဲ့သော စစ်ကြောင်းဖြစ်ပြီး ကျားမင်းကြီးကျေးရွာမှ အသက် ၅၀ အရွယ် ကိုဖိုးမွှေးကို ဓားနဲ့ထိုးသတ်ကာ လူသားဒိုင်းများဖမ်းဆီးပြီးလှည့်လည်ခြင်းဖြစ်ကြောင်း သိရသည်။