25.4 C
Yangon

“ စစ်အုပ်စု၏ အာဏာတည်မြဲရေး စစ်ပွဲနှင့် ဂုတ်သွေးစုပ်ခံ ပြည်သူများ“

Must read

“ စစ်အုပ်စု၏ အာဏာတည်မြဲရေး စစ်ပွဲနှင့် ဂုတ်သွေးစုပ်ခံ ပြည်သူများ“

By မောင်း

နှစ် ၂၀ကြာ ဈေးမတက်ခဲ့တဲ့ ရှူးရှဲလက်ဖက် မင်းအောင်လှိုင်လက်ထက်မှာ ဈေးတက်… သတဲ့။

သတင်းတပုဒ်တွေ့မိတယ်။

ဒီသတင်းကိုတွေ့တဲ့အခါ အရင်ဆုံး ခေါင်းထဲပေါ်လာတာကတော့ “မိတ်ဆွေနိုင်ငံ အနည်းငယ်နဲ့လည်း ရပ်တည်နိုင်ပါတယ်” ဆိုတဲ့ အာဏာသိမ်း ဒုခေါင်းဆောင် စိုးဝင်းရဲ့ စကားပါပဲ။

အခုရော ရပ်တည်နိုင်သေးလားလို့ စစ်ခေါင်းဆောင်တွေကို မေးဖို့တောင် မလိုတော့ပါဘူး။ စစ်အစိုးရကနေ အရပ်သားအစိုးရ ခေါ်နိုင်တဲ့ အစိုးရနှစ်ဆက်၊ နှစ်ပေါင်း ၂၂ နှစ်ကြာ ခေတ်၊ စနစ် အမျိုးမျိုးမှာ တထုပ် ၅၀တန် အသင့်စား လက်ဖက်အနေနဲ့ ရပ်တည်နိုင်ခဲ့တဲ့ ရှူးရှဲထုပ် ဈေးတက်တော့မယ် ဆိုတာကိုကြည့်ရင်ပဲ နိုင်ငံ့စီးပွားရေး အခြေအနေကို ရိပ်စားမိနိုင်ပါတယ်။

အာဏာမသိမ်းမီက ရှိခဲ့တဲ့ ဒေါ်လာဈေး၊ ရွှေဈေးတွေဟာ အခုနှစ်နှစ်ခွဲ အကြာမှာ သုံးဆလောက်အထိ ခုန်တက် သွားသလို ဆန်၊ ဆီအပါအဝင် စားသောက်ကုန်၊ အသုံးအဆောင်နဲ့ စက်သုံးဆီလို မရှိမဖြစ် အရေးပါတဲ့ အရာတွေကလည်း တရိပ်ရိပ်ပါပဲ။

ဆန်၊ ဆီဆိုရင် အမျိုးမျိုး မူဝါဒတွေချလိုက် ဈေးကျအောင် သက်သာတဲ့ဈေးနဲ့ ရောင်းပေးတယ်ဆိုပြီး ရောင်းပြလိုက်နဲ့ လုပ်နေပေမယ့် အခုဆိုရင် စားသုံးဆီ လိုသလောက် ဝယ်မရတဲ့အခြေပါ ဆိုက်နေတာပါ။

ဒါကြောင့်လည်း နိုင်ငံတွင်းက လူထုလူတန်းစား အလွှာမျိုးစုံနဲ့ ထိတွေ့ပတ်သက်နေတဲ့ ရှူးရှဲလို ဘာတွေဘယ်လို ပြောင်းပြောင်း သူကတော့ မပြောင်းဘူး ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထုတ်ကုန်ပါ အခုတော့ ဈေးနှုန်းမြှင့်တင် ပြောင်းလဲလာရတော့တာပါ။

အထက်ကဆိုခဲ့တဲ့ မိတ်ဆွေနိုင်ငံ နည်းနည်းနဲ့လည်း ရပ်တည်နိုင်တယ် ဆိုတဲ့စကားကို ဒုစစ်ခေါင်းဆောင် စိုးဝင်းက အာဏာသိမ်းအပြီး နှစ်လအကြာ မတ်လဆန်းမှာ ပြောခဲ့တာပါ။

ကုလလုံခြုံရေးကောင်စီနဲ့ ကုလအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံကို အရေးယူမှုတွေ လုပ်လာနိုင်တယ်လို့ ကုလအထူးကိုယ်စားလှယ်က သတိပေးခဲ့ပေမယ့် စစ်ဗိုလ်ချုပ်စိုးဝင်းက အဲ့ဒီလို ခပ်လွယ်လွယ် မှင်သေသေ တုံ့ပြန်ခဲ့ပါတယ်။

မြန်မာစစ်တပ်အနေနဲ့ ပိတ်ဆို့အရေးယူမှုတွေ ရှိလာနိုင်တယ်ဆိုတာ ကြိုတင်မျှော်လင့် သုံးသပ်ထားပြီး ဖြစ်တယ် ဆိုရင်တောင် အာဏာ လက်ထဲရအပြီး လပိုင်းအကြာ သွေးကြွနေချိန်မှာတော့ အဲ့ဒီလို ခပ်ပြတ်ပြတ် တုံ့ပြန်နိုင်ခဲ့တာပါ။

ဖြစ်လာနိုင်တဲ့ အဆုံးစွန်သော ဆိုးကျိုးတွေအားလုံးကို မျှော်လင့်တွက်ချက် မထားဘူး ၊ ဒါမှမဟုတ် ပိတ်ဆို့ကြလည်း ငါတို့မှ ဘဝမပျက်တာ ဆိုတဲ့ အတွေးကြောင့်လည်း ဖြစ်နိုင်ပါတယ်။

သူတို့အနေနဲ့ကတော့ နှစ်ပေါင်းများစွာ ပြည်သူတွေအပေါ် ဂုတ်သွေးစုပ်လာခဲ့သူတွေမို့ ဆွေစဉ်မျိုးဆက် သုံးမကုန် ဖြုန်းမကုန်အောင် စုဆောင်းမိခဲ့ကြပြီးပြီ မဟုတ်လား။ ဒါ့အပြင် လက်ရှိ နိုင်ငံကလည်း သူတို့လက်ထဲမှာဆိုတော့ လူထုရဲ့ ဒုက္ခကို တွေးဆချင့်ချိန်ဖို့ ဘယ်အချိန်ရပါ့မလဲ။

သူတို့အာဏာ တည်မြဲရေးကိုသာ အလေးထား လုပ်ကိုင်ဆောင်ရွက်ရင်း တားဆီးမှုတွေ သတိပေးဖျောင်းဖျမှုတွေ ရှိနေတဲ့ကြားက မိစ္ဆာလမ်းကို အဆုံးစွန် ဆက်လျှောက်ခဲ့ကြပါတယ်။

အခုတော့ ကုလအသာထားလို့ အာဆီယံမှာလည်း လူရာမဝင်ရ၊ အမေရိကန် ဦးဆောင်တဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် ငွေကြေးကဏ္ဍတွေပါ အထိနာလာချိန်မှာတော့ လူထုဟာ သမိုင်းတလျှောက် မကြုံစဖူးတဲ့ အကျပ်အ တည်းတွေနဲ့ ရင်ဆိုင်လာရပါတော့တယ်။

ဒီနေရာမှာ လူထုလို့ ဆိုရာဝယ် စစ်ကောင်စီ ထောက်ခံသူတွေလည်း ပါဝင်ပါတယ်။ သူတို့အနေနဲ့လည်း အများနည်းတူ အာဏာသိမ်းစစ်အုပ်စုရဲ့ တလွဲစီမံခန့်ခွဲမှုတွေကြား ကြာလေ အကျပ်ဆိုက်လေ ဖြစ်လာနေတာပါ။

လူမှုကွန်ရက်ပေါ်မှာ မကြာမကြာ တွေ့ရတတ်တဲ့ သရုပ်ဆောင်ပါကျဲ ဆိုတဲ့လူဆိုရင် ဥပမာကောင်းတခုပဲ။

၂၀၂၀ မတိုင်ခင် ကိုဗစ်ကာလမှာ ပြည်ခိုင်ဖြိုးက ပေးတဲ့အလှူငွေ မဖြစ်စလောက်ရနေတုန်းက ပြုံးပြုံးပျော်ပျော်နဲ့ ပြည်ခိုင်ဖြိုးကို မဲပေးဖို့ တဖက်လှည့်နဲ့ အင်တာဗျူးတွေဖြေခဲ့သူက အာဏာသိမ်းပြီးနောက်မှာတော့ ကျူးကျော် အိမ်လေးဖျက်ခံလိုက်ရလို့ အိမ်လခ ပိုကုန်လာတဲ့အကြောင်း၊ အလုပ်အကိုင် အဆင်မပြေတဲ့ အကြောင်းတွေ ပြောနေရတော့ လူထုကလည်း မြို့မေတ္တာ ဝိုင်းပေးကုန်ကြပါတော့တယ်။

စစ်အုပ်စု ထောက်ခံသူတွေကြားမှာလည်း လက်ရှိမင်းအောင်လှိုင်အုပ်စုရဲ့ စီမံခန့်ခွဲမှုတွေအပေါ် အပြစ်တင် ဝေဖန်သံတွေ ပိုမိုကျယ်လောင်လာတယ်။ သူတို့ကိုယ်တိုင်လည်း စစ်ဖိနပ်ရဲ့ ဆိုးကျိုးတွေကို ခံစားနေကြရပြီ မဟုတ်လား။

အခုဆိုရင် ဝင်ငွေရလမ်းက တနေ့တခြား ကျပ်တည်း အသုံးစရိတ် နည်းပါးလာလို့ ပြည်တွင်းမှာ ဒုက္ခမျိုးစုံ ရင်ဆိုင်နေရတဲ့ ပြည်သူတွေဆီက ရသမျှ အခွန်ကောက်ဖို့ စစ်အုပ်စုက မျက်စောင်းလှည့်ထိုးပါတယ်။

အွန်လိုင်း ဈေးရောင်းသူတွေ၊ ကျန်းမာရေး စောင့်ရှောက်သူတွေ အခွန်ဆောင်ရမယ်လို့ ညွှန်ကြားစာတွေ ထုတ်သလို ပြည်ပရောက် အလုပ်သမားတွေရဲ့ လစာ ၂၅ရာခိုင်နှုန်း မဖြစ်မနေ တရားဝင် လွှဲပို့ရမယ်ဆိုပြီး အကျပ်ကိုင် ဖိအားပေးတဲ့ အထိလုပ်နေရတာကို ကြည့်ရင် စစ်အုပ်စုရဲ့ အသုံးစရိတ် လိုအပ်ချက် ဘယ်လောက် ကြီးမားလာသလဲဆိုတာ မြင်သာပါတယ်။

အခွန်စနစ် ကောင်းမွန်အသက်ဝင်လာဖို့ဟာ ဘယ်အစိုးရတက်တက် လုပ်ရမယ့် ကိစ္စဆိုပေမယ့် လူထုကို ဘာဝန်ဆောင်မှုမှ ကောင်းကောင်းမပေးနိုင်၊ ခိုးဆိုးလုနှိုက်တွေရန်က ကိုယ့်ဘာသာ ကာကွယ်နေရတဲ့ လူထုဆီက ရသမျှ အခွန်ကောက်ဖို့ ကြံနေတာကကျတော့ တဆိတ်လွန်လွန်းတယ်မဟုတ်လား။

ဒါ့အပြင် အခုကာလထဲ ရတဲ့နေရာက ရသလို ကောက်ယူမယ့် အခွန်ငွေတွေ ဆိုတာကလည်း တိုင်းပြည်အတွက် သုံးဖို့ထက် စစ်အုပ်စု အာဏာ သက်ဆိုးရှည်စေဖို့ တိုက်ခိုက်သတ်ဖြတ်တဲ့ နေရာမှာ အသုံးချဖို့က ပိုပါတယ်။

ဒီလိုပြောတာကို လက်မခံနိုင်သူတွေ အနေနဲ့တော့ အာဏာသိမ်းပြီးနောက် စစ်အုပ်စုရဲ့ ဘတ်ဂျတ်ခွဲဝေမှုတွေကို လေ့လာကြည့်ပေါ့။ ကာကွယ်ရေး ခေါင်းစဥ်အောက်ကနေ စစ်အသုံးစရိတ်ကို ဘယ်လောက်အထိ သုံးစွဲနေ တယ်ဆိုတာ အဲ့ဒီမှာ တွေ့ကြရမှာပါ။

ပြီးခဲ့တဲ့ လွှတ်တော်တွေ ရှိစဉ်တုန်းကတော့ ပညာရေး၊ ကျန်းမာရေးစတဲ့ လူထုဝန်ဆောင်မှုကဏ္ဍက အသုံးစရိတ်တွေကို နှစ်စဉ်တိုးမြှင့် သုံးစွဲနိုင်ဖို့ ကြိုးပမ်းခဲ့သလို အထိုက်အလျောက်လည်း တိုးတက်မှုတွေ ရှိခဲ့ပါတယ်။

အခု စစ်ကောင်စီကတော့ ပညားရေး ဘတ်ဂျတ်လျှော့၊ ကျန်းမာရေး ဘတ်ဂျတ်လျှော့၊ လျှပ်စစ်ကဏ္ဍ အသုံးစရိတ် လျှော့နဲ့ လူထုဝန်ဆောင်မှုတွေကို ဥပေက္ခာပြုပြီး ကာကွယ်ရေး အသုံးစရိတ်ကိုသာ အများစုအသုံးပြုနေတာပါ။

အခုလက်ရှိ ဘတ်ဂျတ်နှစ်မှာဆိုရင် စုစုပေါင်းအသုံးစရိတ် ကျပ်ဘီလီယံ နှစ်သောင်းနီးပါးမှာ ကာကွယ်ရေး စရိတ်က ကျပ်ဘီလီယံ ၅,၆၀၀ ကျော်အထိ သုံးစွဲဖို့ လျာထားတာပါ။

ဒါဟာ မနှစ်ကထက် ပိုများတဲ့ အသုံးစရိတ်ဖြစ်သလို ဘတ်ဂျတ်တွေကို အများပြည်သူ သိခွင့်ရတဲ့ ဆယ်စုနှစ်တခု ကျော်အတွင်းမှာလည်း အများဆုံးအဖြစ် စံချိန်တင်ခဲ့တဲ့ ကာကွယ်ရေး အသုံးစရိတ် ဖြစ်ပါတယ်။

ဒီတော့ စစ်ကောင်စီက ရနိုင်သမျှနေရာတွေ အားလုံးကလည်း အခွန်ငွေပိုရဖို့၊ နိုင်ငံခြားငွေတွေရဖို့ အသည်းအသန် ကြိုးပမ်းနေတာဟာ ဘယ်အတွက်လဲ ဆိုတာ မြင်သာမယ် ထင်ပါတယ်။

အဲ့ဒီလို စစ်အသုံးစရိတ်ကို အစွမ်းကုန် တိုးမြှင့်သုံးစွဲနေချိန်မှာ နိုင်ငံ့ဘတ်ဂျတ် ရငွေနဲ့ သုံးငွေ နှိုင်းယှဉ်တဲ့အခါ ထွက်ပေါ်လာတဲ့ လိုငွေက ကျပ်ဘီလီယံ ၇,၀၀၀ နီးပါးအထိရှိပါတယ်။ ဒါဟာ လက်ရှိ ဘဏ္ဍာနှစ်အတွက် အချက်အလက်တွေ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ နိုင်ငံ့ စီးပွားရေး ဇောက်ထိုးဆင်းပြီး ပြည်သူတွေ ကျပ်တည်းလာနေကြတာဟာ အကြောင်းကြောင့် အကျိုးဖြစ်တယ် ဆိုသလို မဆင်မခြင် စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဖြစ်လာတဲ့ ဆိုးကျိုးတရား ကိစ္စတွေလို့သာ ဆိုရတော့မှာပါ။

မဖြစ်သင့်တာကတော့ မရောက်သင့်တဲ့နေရာမှာ ရှိမနေသင့်တဲ့သူတွေ ရောက်နေတဲ့ကိစ္စပါ။ စစ်အုပ်စုဟာ အဲ့ဒီလို ကိုယ်နဲ့မဆိုင်တဲ့ နေရာကို ဇွတ်အတင်း လက်နက်အားကိုး အနိုင်ကျင့် ရယူခဲ့ပြီး၊ ဖြစ်လာတဲ့ အကျိုးဆက်တွေကိုကျတော့လည်း ဝန်မခံ တာဝန်မယူခဲ့ပြန်ပါဘူး။

အခုလို ဖြစ်လာတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်အုပ်စုက အာဏာသိမ်းခဲ့တဲ့ သူတို့လုပ်ရပ်ကသာ မှန်ပြီး အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲ ဖိနှိပ်သတ်ဖြတ်မှုတွေကို ခေါင်းငုံ့မခံနိုင်တော့လို့ တော်လှန်ပုန်ကန်သူတွေကြောင့် ဖြစ်လာတာလို့ လွှဲချပါတော့တယ်။

စစ်ကောင်စီရဲ့ လက်ရှိအနေအထားကတော့ လူသတ်တတ်ရုံကလွဲလို့ … စီမံခန့်ခွဲမှု ညံ့ဖျင်း၊ စကားလုံးတွေနဲ့ အစည်းအဝေးတွေ အခမ်းအနားတွေမှာ ဖြီးဖျန်းနေပြီး၊ လက်တွေ့ စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ ဖြစ်လာတဲ့ အကျိုးဆက်တွေကိုလည်း တာဝန်မယူ၊ လုပ်ငန်းရှင်တွေကြောင့် … ပိတ်ဆို့မှုတွေကြောင့်…. ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်က သူတပါးကိုသာ ပြစ်တင်ဝေဖန်နေတတ်တော့တာပါ။

ဒီတော့ လက်ရှိအခြေအနေမှာ စစ်အုပ်စုကို မေးစရာက တခုပဲ ရှိပါတော့တယ်။ မိတ်ဆွေနိုင်ငံ အနည်းငယ်နဲ့ပဲ ရပ်တည်နိုင်တယ်၊ ရှေ့ဆက်နိုင်တယ် ဆိုပြီး ပြောခဲ့တာ မေ့သွားပြီလားလို့ပါ။

အခုတော့ စစ်ကောင်စီအဖို့ မိတ်ဆွေနိုင်ငံ ဆိုတာလည်း ရှားသထက်ရှားလာလို့ လူထုကိုသာ ဂုတ်သွေးစုပ်နိုင်သမျှ စုပ်ပြီး၊ သူတို့ရဲ့ အာဏာတည်မြဲရေးကိုသာ ကြိုးပမ်းနေတယ်လို့ ဆိုနိုင်ပေမယ့် သူတို့ကိုယ်တိုင် တနေ့တခြား ချောင်ပိတ်မိလာနေပြီ ဆိုတာကို လက်ရှိအခြေအနေဆိုးတွေက ထင်ထင်ရှားရှား ပြသနေလို့နေပြီပဲ ဖြစ်ပါတယ်။

ချောင်ပိတ်နေတဲ့ ခွေးက ပြန်ကိုက်တတ်တာမို့ ပြည်သူတွေ အဲ့ဒီဒဏ်ကို အနည်းနဲ့အများတော့ ခံစားရဖို့ ရှိနိုင်ပေမယ့် သန်းခေါင်ထက် ညဥ့်မနက်တော့တဲ့ တော်လှန်ပြည်သူတွေ အဖို့ကတော့ စစ်အုပ်စုကို ချောင်ပိတ်သထက် ပိတ်အောင် တွန်းပို့ရုံကလွဲလို့ ………… ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article