စစ်ကိုင်း၊ သလွန်ဖြူကျေးရွာတွင် ဒုရဲအုပ် သန်းမင်းစိုး လင်မယား အသတ်ခံ ရပြီးနောက် စစ်တပ်က ကလေး ၁ ဦး အပါအဝင် ပြည်သူ ၈ ဦးကို ပစ်ခတ် သတ်ဖြတ်၊ လူ ၄၀ ကျော်ကို စစ်သားများက ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်နေ
ရန်ကုန်၊ စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူကျေးရွာတွင် ဒုရဲအုပ် သန်းမင်းစိုး နှင့် ဇနီး အသတ်ခံရပြီးနောက် စစ်တပ်က အဆိုပါကျေးရွာကို စစ်ကြောင်း ထိုးကာ ကလေးငယ် ၁ ဦး အပါအဝင် အရပ်သား ပြည်သူ ၈ ဦးကို သတ်ဖြတ် လိုက်ကြောင်း၊ ပြည်သူ ၄၀ ကျော်ကို ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်နေ ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
စက်တင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် လေကြောင်းရဲတပ်ဖွဲ့၊ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တာဝန်ကျ ဒုရဲအုပ် သန်းမင်းစိုးသည် ဇနီးဖြစ်သူ ဒေါ်သူဇာထွန်းနှင့်အတူ မိဘရှိရာ သလွန်ဖြူကျေးရွာသို့ သွားရောက်ခဲ့ကြောင်း၊ အဆိုပါရွာတွင် ဇနီးဖြစ်သူ ဒေါ်သူဇာထွန်း၏ မိခင် နေထိုင်၍ လာရောက်ကန်တော့ခြင်းဖြစ်ကြောင်း၊ အပြန်ခရီးတွင် ဒုရဲအုပ် သန်းမင်းစိုးနှင့် ဇနီးတို့ အသတ်ခံခဲ့ရ ကြောင်း သိရှိရသည်။
ထိုသို့ ဒုရဲအုပ် လင်မယား အသတ်ခံရပြီးနောက် စက်တင်ဘာလ ၁၆ ရက်နေ့ ၊ နံနက် ၃ နာရီ ၅၀ မိနစ်အချိန် စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူကျေးရွာကို စစ်တပ် က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ အမျိုးသား ၇ ဦးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၄၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီး ထားကာ ညှဉ်းပန်းနှိပ်စက်နေကြောင်း သိရှိရသည်။
“စစ်ကိုင်းမြို့နယ် ငါးထပ်ကြီးအနောက်ဘက်ကို စစ်ကြောင်းထိုးတယ်။ သလွန် ဖြူ ရွှေဘုံသားကျောင်းမှာတပ်စွဲထားတယ်။ ညနေ ၆ နာရီမှာ အပြစ်မဲ့ ပြည်သူ ၇ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့တယ်။ အလောင်းများကို ရွာအပြင်တွင် စွန့် ပစ်ပြီး အလောင်းလာကောက်သူများကို စစ်တပ်က သေနတ်နဲ့ ပစ်ခတ်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် စစ်ကိုင်းမြို့နယ် သလွန်ဖြူ ကျေးရွာအတွင်းသို့ စစ်တပ်စစ်ကြောင်းက ထပ်မံ ဝင်ရောက်လာပြီး အသက် ၁၄ နှစ်အရွယ် ကလေး ငယ်တစ်ဦးကိုလည်း ထပ်မံ ပစ်ခတ် သတ်ဖြတ် သွားကြောင်း သိရှိရသည်။

