မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာသူ ၂ သန်းနီးပါး အထိရှိလာဟု ကုလသမဂ္ဂ ထုတ်ပြန်
ရန်ကုန်| စက်တင်ဘာ၊ ၂၁
မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့အထိ နောက် ဆုံး စာရင်း အရ ပြည်တွင်းနေရပ်စွန့်ခွာသူ ၁ ဒသမ ၉ သန်း ကျော် ရှိလာပြီ ဖြစ်ကြောင်း စက်တင်ဘာ ၂၀ ရက်နေ့တွင် UNOCHA ကထုတ်ပြန်သည်။
နိုင်ငံအနောက်မြောက်ပိုင်းနှင့် အရှ့တောင်ပိုင်းတို့တွင် လက်နက်ကိုင်ပဋိပက္ခ များသည် ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး အရပ်သားသေဆုံးမှုများလည်း ဆက်တိုက်ရှိနေကာ လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေးများမှာလည်း တစ်ချို့နေရာများတွင် ကန့်သတ်ခံရမှုတိုးလာသည်များရှိသည်ဟု ဖော်ပြသည်။
လက်ရှိတွင်လည်း ရှိရင်းစွဲနေရပ်စွန့်ခွာမှုဒုက္ခအပြင် ရာသီဥတုဆိုးရွားမှုတို့ကိုပါ ပူးတွဲခံစားနေရသူများ နိုင်ငံအနှံ့တွင် ရှိနေသေးကြောင်း၊ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီ များပေးရေးတွင် အဓိကအနေဖြင့် ကချင်ပြည်နယ်နှင့် နိုင်ငံ အရှေ့တောင်ပိုင်းတို့တွင် ကန့်သတ်ခံရမှု ပိုတိုးလာ ကြောင်း သိရှိရသည်။
ထို့ပြင် ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုရုံး UNOCHA က ယခု ၂၀၂၃ ခုနှစ်တွင် လူဦးရေ ၅ သန်းအား လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ပေးရေးဆောင်ရွက်ထားပြီး လက်ရှိအချိန်အထိ လူဦးရေ ၁ ဒသမ ၈ သန်းကျော်ကို အကူညီများပေးအပ်ထားပြီးဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက ရခိုင်မှ မိုခါမုန်တိုင်းသင့်ပြည်သူများကို အကူအညီပေးရန် ကန့်သတ် မှု တို့ပြုလုပ်ခဲ့ပြီး ယင်းနောက် စက်တင်ဘာလ ၈ ရက်နေ့တွင် မိုခါ မုန် တိုင်းသင့်ပြည်သူ များကို အကူအညီများပေးရေးကို ခွင့်ပြု လိုက်ပြီ ဖြစ်ကြောင်း UNOCHA ကထုတ်ပြန်ခဲ့သည်။
သို့သော်လည်း ရခိုင်နှင့် ချင်းပြည်နယ်ပလက်ဝဒေသတို့တွင်လည်း နေရပ်စွန့် ခွာသူ များကို အကူအညီပေးရေးအတွက်မှာမူ စစ်ကောင်စီထံမှ ခွင့်ပြုချက် ယူ နေရဆဲ ဖြစ်ပြီး ထိုအခြေနေများကြားတွင် အကူအညီပေးရေးများ နှောင့်နှေးမှု မကြာခဏ ရှိနေကြောင်း NGO အသိုင်းဝန်းမှ ဝန်ထမ်းတစ်ဦးကပြောသည်။
“အကူညီသွားပေးမယ်ဆိုရင် ခွင့်ပြုတောင်းခံရပါတယ်။ စောင့်ရတယ်။ တစ်ခါ တစ်ခါဆို ပုံမှန်ထက်ပိုကြာ တတ်တာတွေရှိတယ်။ အဲ့ဒါတွေကြောင့် လိုအပ်တဲ့ အကူ အညီတွေ အချိန်မီမပေးနိုင်တာတွေ ရှိပါတယ်” ဟုပြောသည်။
ရခိုင်တွင်ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီ၏ နေရပ်ပြန်ရေး အစီ အစဉ်ဖြင့် မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ချင်းပြည်နယ်ပလက်ဝ စ သည် တို့မှ နေရပ်ပြန်သည့် စစ်ဘေးရှောင်အချို့ရှိခဲ့သည်။
ယင်းအပြင် မိုင်းအန္တရာယ်နှင့် ကျေးရွာအနီး တပ်စွဲနေထိုင်မှုတို့ရှိနေခြင်း စသည့်အခြေနေတို့ကြောင့် မိမိဒေသတွင်း လုပ်ကိုင်စားသောက်ရန် အဆင်မပြေသည့်အတွက် လက်ရှိအချိန်ထိ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေရဆဲ ဦးရေမှာ ၆ သောင်းခန့်အထိရှိသေးကြောင်း အရပ်ဖက် အဖွဲ့အစည်းများ၏ စာရင်းအချက်လက်များအရ သိရသည်။
ကျန်ရှိနေသည့် စစ်ဘေးရှောင်များ အထောက်အပံ့ ရရှိနေမှု အခြေ အနေနှင့် ပတ်သက်၍ မြောက်ဦး တိမ်ညို စစ်ဘေးရှောင်စခန်းမှ စစ်ဘေး ရှောင်တစ် ဦးက “ထောက်ပံ့တဲ့အဖွဲ့တွေက တစ်ခါတစ်ခါ ၂ လ၊ ၃ လအထိ ကြာသွားတာ တွေရှိ ပါတယ်။ ထောက်ပံ့မှုတွေ မရောက်ရင် ကျနော်တို့ဘာသာ တော်တော် ရုန်း ရတဲ့လတွေရှိတယ်။ ဆန်တစ်ဗူး၊ ဆီတစ်မုတ်ပဲဖြစ်ဖြစ် ကျနော်တို့အတွက် တော့ မဖူလုံနိုင်ပေမယ့် အထောက် အကူဖြစ်စေတယ် ” ဟုဆိုသည်။
ဓာတ်ပုံ- ယမန်နှစ်အတွင်း အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်နေသော စစ်ကိုင်းတိုင်းမှ ပြည်သူပိုင်နေအိမ်များ။
(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)