24.9 C
Yangon

ကော့သောင်းတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး၊ ပြည်သူ ၂၀၀ ကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ကော့သောင်းတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး၊ ပြည်သူ ၂၀၀ ကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ စက်တင်ဘာ ၂၁

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်ရှိ မလိဝမ်းကျေးရွာနှင့် ခမောက်ကြီးချောင်း၀တို့တွင် တိုက်ပွဲများ ၂ ရက်ဆက် ဖြစ်ပွားခဲ့ပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာတွင် စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီခန့် အချိန်တွင် ဆီအုန်းခြံထဲသို့ အကြမ်းဖက်စစ်သားများ ဝင်ရောက်လာစဉ် တော်လှန်ရေးအဖွဲ့များထောင်ထားသည့် မိုင်းဖောက်ခွဲခံရပြီးနောက် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း စစ်သား ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်စစ်တပ်သည် တိုက်ပွဲဖြစ်ပွားပြီးနောက် ပင်လယ်ကမ်းစပ်ရှိ ရွာများကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့၍ စက်တင်ဘာ ၂၀ ရက်နေ့တွင် ဒေသပြည်သူ ၃၀ ကျော် ၄၀ နီးပါး ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်၏ အင်အား ၃၀ ကျော်ပါ တပ်ဖွဲ့သည် စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် ခမောက်ကြီးမြို့ရှိ ခမောက်ကြီး ချောင်း၀ရွာ (ဒေသ အခေါ် ချောင်း၀) သို့ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ဒေသပြည်သူ အမျိုးသား တစ်ဦး သေဆုံးခဲ့ပြီးနောက် ထပ်မံ၍ စစ်ရှောင် ၁၇၀ ကျော် ထိုင်းဘက်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူများက ပြောကြားသည်။

စစ်တပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသွားသူမှာ အသက် ၆၀ကျော်အရွယ်ရှိ ချောင်း၀ရွာမှ ဦးခင်မြင့် ဖြစ်ပြီး အလောင်းကို မြေမြုပ်ခြင်း မလုပ်ခဲ့ရဘဲ ထားခဲ့ရကြောင်း ၊ ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာတွင် ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းတွင် နှစ်ဖက် တိုက်ပွဲကြောင့် ဒေသခံ ၁၀၀ ကျော် ထိုင်းဘက်ကို ထွက်ပြေးခဲ့ရသေးကြောင်း ထွက်ပြေးလာခဲ့ရသည့် စစ်ရှောင်ပြည်သူများ ထံမှ သိရှိရသည်။

(Western News-WNသည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article