25 C
Yangon

မြောင်တွင် ကင်းပုန်းဝပ်နေသော စစ်သားများကို လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ၅ ဦး သေဆုံး၊ မြင်းခြံမြို့ရှိ အမှတ် ၁ ရဲစခန်းနှင့် ခမရ ၁၅ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

မြောင်တွင် ကင်းပုန်းဝပ်နေသော စစ်သားများကို လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ၅ ဦး သေဆုံး၊ မြင်းခြံမြို့ရှိ အမှတ် ၁ ရဲစခန်းနှင့် ခမရ ၁၅ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကင်းပုန်းဝပ်ရန် ထွက်လာသော အကြမ်းဖက်စစ်သားများကို လက်နက် ကြီးများဖြင့် ၈ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Ah Nyar Myay Special Commando Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၁၆ ရက် မွန်းလွဲ ၂ နာရီခန့်က အင်အား ၅၀ ခန့်ဖြင့် မြောင်မြို့နယ်၊ အိုင်သာထိပ်မှ ကင်း ပုန်းဝပ်ရန် ထွက်လာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ၆၀ မမ၊ ၁၂၀ မမ လက်နက်ကြီးဖြင့် ၈ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကင်းပုန်းရှိရာသို့ တည့်တည့်ကျရောက်ပေါက်ကွဲ ပြီး အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“လက်နက်ကြီးနဲ့ ၈ ကြိမ်ကို အချက်တော်တော်များများ ပစ်ခဲ့တာဗျ၊ သူတို့ဘက်ကလည်း ၆၀ မမ တွေနဲ့ ပြန်ပစ်တယ်၊ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိဘူး၊ ကျနော်တို့ပစ်တဲ့လက်နက်ကြီးက စစ်ခွေး အုပ်စုထဲတည့်တည့်ကျသွားလို့ ၅ ကောင်သေတယ်၊ ဒဏ်ရာရတာတွေလည်းများတယ်လို့ သိရတယ်ဗျ၊ တချို့ကိုတော့ ချက်ချင်းမြေမြှုပ်ထားခဲ့ပြီးတော့ တစ်ချို့ကြတော့ လှည်းနဲ့သယ်သွားပြီး အရှေ့ဘက် ကမ်းကို ပြန်သယ်သွားတယ်ဗျ” ဟု Ah Nyar Myay Special Commando Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ညောင်ဦးခရိုင်အမှတ် ၁ တပ်ရင်း-Ah Nyar Myay Special Comando Defense Force ၊ မြစ်ငယ်အဖွဲ့၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းစစ်သည် မြောင်ပြောက်ကျားတပ်ဖွဲ့၊ BLACK HERO GUERRILLA FORCE-BHGF MGN တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Ah Nyar Myay Special Commando Defense Force အနေဖြင့် ထောက်ပံ့မှုမရှိသလောက်နည်းနေပြီး ယမ်းဖြည့်တင်းရန် ငွေကြေး အခက်အခဲရှိနေသဖြင့် မိဘပြည်သူများမှ တတ်နိုင်သမျှ ထောက်ပံ့ကူညီ ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

ထို့ပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၁ ရဲစခန်းနှင့် ခမရ ၁၅ တပ်ရင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ ညနေ ၆ နာရီ မိနစ် ၄၀ ခန့်တွင် မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်း – NRDF ၊ Myaung Special Drone Force – MSDF နှင့် မိတ္ထီလာခရိုင် အမှတ် ၃ တပ်ရင်း တို့ ပူးပေါင်းကာ မြင်းခြံမြို့ရှိ အမှတ် ၁ ရဲစခန်း နှင့် မြင်းခြံမြို့အမှတ် ၁၅ ခြေမြန်တပ်ရင်း တို့ကို Drone ၂ စင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း မြင်းခြံမြို့ အမှတ် ၁ ရဲစခန်း၏ ပျက်စီး ထိခိုက်မှု အခြေအနေကို စုံစမ်းနေပြီး အမှတ် ၁၅ ခြေမြန်တပ်ရင်းရှိ ကားဂိုထောင်ပေါ်ကို ဗုံးသီးကျရောက် ပေါက်ကွဲခဲ့ပြီး ပျက်စီးထိခိုက်မှုရှိသော်လည်း စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article