ရေးမြို့နယ်တွင် ခမရ ၅၈၈ တပ်ရင်းမှ စစ်သားများကို ဝင်ရောက်တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦးသေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၂၄
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၈၈ တပ်ရင်းမှ စစ်သားများကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း ဒုစစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ရေးမြို့နယ်၊ မော့ကနင်ကျေးရွာနှင့် ကြိုးတံတားအကြားမှာရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၅၈၈ တပ်ရင်းမှ စစ်သားများကို KNLA တပ်ရင်း ၂၇၊ ခွဲ (၃)၊ ခွဲ (၅) နှင့် ရေးဒေသ အခြေပြု သိန်းငှက် ပူးပေါင်း စစ်ကြောင်းတို့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုကားလမ်းမတစ်လျှောက်ကို နယ်မြေဒေသစိုးမိုးရေးနှင့် ခရီးသွား ပြည်သူများ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေးအတွက် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များက လုံခြုံရေးရယူ စစ်ဆေးဆောင်ရွက်ခြင်းကို နေ့စဉ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းတွင် သွားလာနေသည့် မော်တော်ယာဥ်များ အနေဖြင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များကို စစ်ဆေးသည့်အခါ ကြည်ဖြူစွာ လက်ခံရန် စစ်ကောင်စီနှင့် ပတ်သက်သည့် လူများ ပစ္စည်းများ တင်ဆောင်ခြင်း မပြုလုပ်ရန် ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်ယာဉ်များနှင့် လိုက်ပါ စီးနင်းခြင်းမပြုလုပ်ရန် အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အသုံးပြုတဲ့ယာဉ်တွေကလည်း ကြည်ဖြူစွာအစစ်ဆေးခံရန် တော်လှန်ရေး တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။
ထို့ပြင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ တောင်ကြားအင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီ မှ ညနေ ၆ နာရီ အထိ ကော့ကရိတ်နှင့် ကျုံဒိုး အကြား တောင်ကြာအင်းကျေးရွာရှိ ဆင်နှစ်ကောင်ဘုန်းကြီးကျောင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ်နှင့် KNDO၊ ဂဠုန်စစ်ကြောင်း၊ ကျားဖြူ စစ်ကြောင်း ၊ PDF ပူးပေါင်း တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီးများနှင့် အဆက်မပြတ်ပစ်ခတ်မှုကြောင့် PDF ရဲဘော် ၂ ဦး လက်နက်ကြီးစထိမှန် ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၂၀ ဦးကျော် ထိခိုက် ဒဏ်ရာရရှိကာ ယင်းနေ့ ည ၁၀ နာရီခန့်တွင် စစ်သား အလောင်းများကို လာရောက် ကောက်ယူသွားကာ နှစ်ဘက်တပ်များ ဆုပ်ခွာမှု မရှိသေးသောကြောင့် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနိုင်ကြောင်း သိရှိရသည်။