23 C
Yangon

ရန်ကုန်မြို့တွင် စခန်းရဲနှင့်ယာဉ်ထိန်းရဲ ပူးပေါင်း၍ ကုန်ကားနှင့် တက္ကစီကား တချို့ကို မူးယစ်ဆေး ပစ် အမှုဆင် ဖမ်းဆီး ငွေညှစ်မှုများ ဖြစ်ပွား

Must read

ရန်ကုန်မြို့တွင် စခန်းရဲနှင့်ယာဉ်ထိန်းရဲ ပူးပေါင်း၍ ကုန်ကားနှင့် တက္ကစီကား တချို့ကို မူးယစ်ဆေး ပစ် အမှုဆင် ဖမ်းဆီး ငွေညှစ်မှုများ ဖြစ်ပွား

ရန်ကုန်၊ စက်တင်ဘာ ၂၆

ရန်ကုန်မြို့တွင် စခန်းရဲနှင့်ယာဉ်ထိန်းရဲ ပူးပေါင်း၍ ကွန်တိန်နာကုန်ကားနှင့် တက္ကစီကားတချို့ကို မူးယစ်ဆေးပစ် အမှုဆင် ဖမ်းဆီး ငွေညှစ်မှု ဖြစ်ပွားနေ ကြောင်း ဖြစ်စဉ်ကို ကိုယ်တိုင်တွေ့ကြုံခဲ့ရသည့် ယာဉ်မောင်းတချို့က ပြောဆိုသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၅ နာရီအချိန် ရန်ကုန်မြို့လယ်ခေါင်၊ ပန်းဆိုး တန်းအနီးတွင် ရဲ ၃ ဦးက ကွန်တိန်နာ ကုန်တင်ယာဉ် ၁ စီးကို တားဆီး ကြောင်း၊ ယင်းနောက် ယာဉ်မောင်းကို အောက်သို့ ဆင်းခိုင်းပြီး စစ်ဆေးမည်ဟု ပြောဆိုသဖြင့် ယာဉ်မောင်းက ကားပေါ်မှ ဆင်းပေးရကြောင်း၊ ယင်းနောက် ရဲ များက ကားပေါ်တွင် မူးယစ်ဆေးဝါး ထုပ် တွေ့ရှိသည်ဆိုကာ ယာဉ်မောင်းကို လက်ထိပ်ခတ်ကြောင်း၊ မူးယစ်ဆေးဝါးမှုဖြင့် အမှုရင်ဆိုင်ရပါက ထောင်ဒဏ် နှစ်ရှည်ကျမည်ဖြစ်ကြောင်း၊ အကယ်၍ ငွေကျပ် ၆ သိန်းပေးမည်ဆိုလျှင် ပြန်လွှတ် ပေးမည်ဟု ငွေညှစ်လာကြောင်း သိရှိရသည်။

“မနေ့ မနက်၅နာရီလောက်က ပန်းဆိုးတန်းနားမှာ ယူနီဖောင်း ရဲ ၃ ယောက် ကျနော့်ကားကို တားပြီး ကျနော့်ကို အောက်ဆင်းခိုင်းပြီး ကားပေါ် တက်စစ် တယ်။ ပြီးတော့ မူးယစ်ဆေးအထုပ်တွေ့တယ်ဆိုပြီး ကျနော့်ကို လက်ထိပ် ခတ်ပြီး ဖမ်းသွားတယ်။ ကျနော့်ကိုထောင်ချလို့ရတယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ပိုက်ဆံခြောက်သိန်းတောင်းတယ်။ မပေးနိုင်ရင်တော့ဖမ်းမယ်ဆိုပြီး ပြောတယ်။ ကျနော်လည်း အုံနာဆီ ဖုန်းဆက်တော့ အုံနာက လာရွေးတယ်။ ပိုက်ဆံ၂ သိန်းခွဲ နဲ့ လာရွေးမှ ပြန်လွှတ်ပေးတယ်။ မူးယစ်ဆေးတွေ ကျနော့်ဟာလည်းမ ဟုတ်၊ ကျနော်လည်း မသုံးဘဲ ကားပေါ်မှာ တွေ့ပါတယ်ဆိုပြီး ပိုက်ဆံတောင်း တယ်” ဟု ငွေညှစ်ခံရပြီး ခြိမ်းခြောက်ခံရသည့် ယာဉ်မောင်းက ပြောဆိုသည်။

အလားတူ တောင်ဥက္ကလာပမြို့နယ်တွင် ယူနီဖောင်းဝတ် ရဲတချို့က တက္ကစီ ကား တချို့ကို တားဆီးကာ ကားပေါ်တွင် ဆေးပြားတွေ့ရှိသည်ဆိုကာ ငွေညှစ် တောင်းယူမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

“ကျနော်က စက်တင်ဘာလ ၂၃ ရက်နေ့ ညပိုင်း ၁၀ နာရီကျော်လောက်ရှိမယ်။ ဘေလီတံတားနား မရောက်ခင်မှာ ယူနီဖောင်းဝတ် ရဲ ၂ ဦးတားတယ်။ စစ်ဆေး စရာရှိတယ်ဆိုပြီးတားတာ။ ခရီးသည်ပါလာတာကို ခရီးသည်ပါ ဆင်းခိုင်းတယ်။ နောက်ပြီး ကားပေါ်မှာ ဆေးပြားအထုပ်တွေ့တယ်ဆိုပြီး ဖမ်းမယ်ဆိုပြီး လုပ်တာ။ ကျနော့်ဟာမဟုတ်ဘူးဆိုတာလည်းမရဘူး။ ခရီးသည်ကလည်း သူ့ဟာမဟုတ်ဘူးဆိုပြီး ငြင်းတယ်။ သူတို့က မဖမ်းစေချင်ရင် ပြဿနာ မရှုပ် စေချင်ရင် ဒီမှာ တစ်ခါတည်း ငွေ ၃ သိန်းနဲ့ရှင်းဆိုပြီးပြောလို့ ရှိတဲ့ ငွေ ၇ သောင်း ထုတ်ပေးလိုက်ရတယ်။ ခရီးသည်ကလည်း ငွေ ၅ သောင်း ထုတ် ပေး ရတယ်။ ရဲတွေကတော့ အစစ်တွေပဲ။ ယူနီဖောင်းအပြည့်အစုံ စကားပြော စက်တွေနဲ့ ဆိုင်ကယ်လည်းပါတယ်” ဟု ဖြစ်စဉ်ကို ကြုံတွေ့ခဲ့ရသူ တက္ကစီယာဉ်မောင်းက ရှင်းပြသည်။

ရန်ကုန်မြို့တွင် ယခုနောက်ပိုင်း စခန်းရဲများနှင့်ယာဉ်ထိန်းရဲများက နေရာ ပေါင်းစုံ တွင် ဂိတ်ချ၍ စစ်ဆေးခြင်း၊ ငွေတောင်းယူမှုများ အလွန်များပြား လာကြောင်း ခရီးသည်တင်လိုင်းကားနှင့် တက္ကစီယာဉ်မောင်းများက ပြောဆို ကြသည်။

ဓာတ်ပုံ- ကိုဗစ်ကာလ ယာဉ်များကို စစ်ဆေးနေသည့် အကြမ်းဖက် ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article