စစ်အုပ်စုဆီ ပေးတဲ့အခွန်ငွေဟာ ပြည်သူကို ပြန်သတ်တဲ့ ကျည်ဆန်ဖိုးသာ ဖြစ်လာပါလိမ့်မယ်
By လမ်းသစ်
နိုင်ငံခြားသုံးငွေ အသည်းအသန်လိုအပ်နေတဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဆိုင်းမဆင့်ဗုံမဆင့် ကြေညာချက်တခု ထုတ်ပြန်လာပါတယ်။
နိုင်ငံခြားသွား အလုပ်လုပ်နေကြသူတွေဆီက ဝင်ငွေခွန်ကောက်ဖို့အတွက် အခွန်အကောက်ဥပဒေကို ပြင်ဆင်လိုက်တာပါ။ ဒါဟာ စစ်အုပ်စုရဲ့ ဒေါ်လာငွေလိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် အသုံးပြုလာတဲ့ နောက်ထပ် နည်းလမ်းတခုလည်း ဖြစ်ပါတယ်။
ဒီ့မတိုင်ခင်ကလည်း စစ်အုပ်စုဟာ ပြည်ပရောက်လုပ်သားတွေ လစာဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုဆီ လွှဲပို့ငွေအဖြစ် တရားဝင် လမ်းကြောင်းတွေကနေ မဖြစ်မနေ လွှဲပို့ရမယ်လို့ ခြိမ်းခြောက်အကျပ်ကိုင်တဲ့ နည်းလမ်းတွေနဲ့ ဖိအားပေး ထားပါသေးတယ်။
အခုလကစလို့ ပြည်ပထွက်မယ့် အလုပ်သမားတွေကို စစ်ကောင်စီက လစာငွေ ၂၅ ရာခိုင်နှုန်း တရားဝင်လွှဲပို့ပါ့ မယ် ဆိုတဲ့ ခံဝန်ကတိထိုးစေပါတယ်။
အဲ့ဒီနောက် တရားဝင်လွှဲပို့မှု တကယ်မလုပ်ဘူးဆိုရင် ပဋိဉာဉ်ဥပဒေနဲ့ တရားစွဲ ဆိုမယ့်အပြင် နောက်တကြိမ် ပြည်ပထွက်ခွာခွင့် သုံးနှစ်အထိ ပိတ်ပင်မယ်လို့ပါ ခြိမ်းခြောက်ထားတာပါ။
အခု ဝင်ငွေခွန်ကိစ္စမှာလည်း စစ်ကောင်စီဟာ နိုင်ငံခြားငွေရရေးကိုပဲ အဓိက ဦးတည်လာတာ တွေ့ရပါတယ်။
အခွန်အကောက်ဥပဒေ ပြင်ဆင်ချက်မှာ အဓိကအနေနဲ့ အချက်နှစ်ချက် ပါဝင်ပါတယ်။ တခုက လစာနဲ့အလုပ်လုပ်ပြီး ရလာတဲ့ဝင်ငွေအပေါ် ဝင်ငွေခွန်ကောက်ဖို့ပါ။ နောက်တချက်ကတော့ လစာနဲ့ရတာ မဟုတ်တဲ့ တခြားလုပ်ငန်းတွေရဲ့ ဝင်ငွေတွေအပေါ် ကောက်မယ့်အခွန်ပါ။
ဒုတိယတခုကတော့ အရင်ကတည်းကလည်း ပြဌာန်းထားပြီးသား ဥပဒေပြဌာန်းချက် ဖြစ်ပါတယ်။ ပြည်ပမှာ လစာနဲ့ ရတဲ့ဝင်ငွေကလွဲလို့ ကျန်တဲ့ဝင်ငွေတွေကို တဆယ်ရာခိုင်နှုန်း ဝင်ငွေခွန် စည်းကြပ်မယ် ဆိုတာဟာ အာဏာမသိမ်းခင်ကရော အာဏာသိမ်းပြီးနောက်မှာပါ နှစ်စဉ်အခွန်အကောက် ဥပဒေတွေထဲ ဖော်ပြလေ့ရှိတဲ့ ပြဌာန်းချက်ပါ။
အခု ပြင်ဆင်ချက်အရ ထူးခြားသွားတာကတော့ နိုင်ငံခြားငွေနဲ့ပဲ အခွန်ဆောင်ရမယ် ဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီအနေနဲ့ နိုင်ငံခြားငွေ ပြတ်လပ်နေပြီး ပြန်ဖြည့်တင်းဖို့အတွက် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို အသုံးပြုဖို့ ကြိုးစားနေတယ်ဆိုတာ မြင်သာပါတယ်။
အခွန်အကောက် ဥပဒေပြင်ဆင်ချက် နောက်တခုကတော့ ပြည်ပမှာ လစာနဲ့ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေရဲ့ ဝင်ငွေကနေ နှစ်ရာခိုင်နှုန်း ဝင်ငွေခွန်အဖြစ် ပေးရမယ်လို့ သတ်မှတ်လိုက်တာပါ။
ဒီတခုကိုတော့ နည်းလမ်းနှစ်မျိုးနဲ့ အခွန်ဆောင်ခွင့် ပေးထားပါတယ်။ ဝင်ငွေခွန်ဥပဒေအရ အခွန်ဆောင်တဲ့အခါ ဝင်ငွေပမာအလိုက် သက်သာခွင့် ပေးထားတဲ့ အသုံးစရိတ်တွေ ရှိပါတယ်။
အခုစစ်ကောင်စီက အဲ့ဒီသက်သာခွင့်တွေနှုတ်ပြီး ကျသင့်တဲ့ ပမာဏအတိုင်း ဝင်ငွေခွန်ဆောင်မလား ဒါမှမဟုတ် သက်သာခွင့်တွေကို ထည့်မတွက်ဘဲ နှစ်ရာခိုင်နှုန်း အခွန်ဆောင်မလားဆိုပြီး ရွေးချယ်ခွင့် ပေးထားပါတယ်။
ဒါပေမယ့် ဘယ်နည်းလမ်းကိုပဲရွေးရွေး စစ်ကောင်စီ သတ်မှတ်လိုက်တဲ့ အခွန်တွေကို ဆောင်မယ်ဆိုရင်တော့ ရောက်ရှိနေထိုင် လုပ်ကိုင်ရာ နိုင်ငံကနေရတဲ့ နိုင်ငံခြား ငွေကြေးနဲ့ပဲ ပေးဆောင်ရမှာပါ။
အခုလိုပြင်ဆင် သတ်မှတ်ချက်တွေအရ ပြည်ပရောက် မြန်မာအလုပ်သမားတွေရဲ့ အခြေအနေဟာ ရောက်ရှိရာ နိုင်ငံအတွက်ရော၊ မြန်မာနိုင်ငံအတွက်ပါ အခွန်နှစ်ထပ်ကွမ်း ပေးဆောင်ရတဲ့ ၂၀၂၁ခုနှစ်မတိုင်ခင် နအဖ စစ်အစိုးရခေတ်နဲ့ ဦးသိန်းစိန်ခေတ် အစောပိုင်းကာလတွေဆီ ပြန်ရောက်သွားတဲ့ သဘောလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ဗြိတိန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်၊ လာအို။ စင်္ကာပူ၊ မလေးရှား စတဲ့နိုင်ငံတွေနဲ့ အခွန် နှစ်ထပ် မကျသင့်စေရေး စာချုပ် ချုပ်ဆိုထားပေမယ့်၊ စစ်ကောင်စီကတော့ ဒီစာချုပ်ကို မသိကျိုးကျွံ ပြုပြီး အခုလို ပြည်ပရောက် မြန်မာပြည်သူတွေအတွက် အခွန်နှစ်ခါ ပေးစေရမယ့် ဥပဒေကို ပြန်လည်ပြဌါန်းလိုက်တာလည်း ဖြစ်ပါတယ်။
ပြည်ပရောက် အလုပ်သမားတွေရဲ့ လစာဝင်ငွေကနေ အခွန် ၂ ရာခိုင်နှုန်း ကောက်ယူနေမှုကို ၂၀၁၂ ခုနှစ်မှာမှ စတင် ကင်းလွတ်ခွင့် ပေးခဲ့တာပါ။ ဆယ်စုနှစ်တခုကျော် ကြာပြီးချိန်မှာတော့ စစ်ကောင်စီက အဲ့ဒီ နည်းလမ်းဟောင်းကို ပြန်အသက်သွင်းလိုက်ပြီး နိုင်ငံခြားငွေ လိုအပ်ချက်ကို ရသမျှနည်းလမ်းနဲ့ ဖြည့်တင်းဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။
မကြာသေးခင်ကမှ အမေရိကန်ဒေါ်လာ သန်းဆယ်ချီ ကုန်ကျခံထားတဲ့ ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ရုပ်ပွားတော် ဆိုပြီး မာရဝီဇယဘုရားကို ရေစက်ချခဲ့တဲ့ စစ်ခေါင်းဆောင်ဟာ အခုတော့ သူတို့ရဲ့ စစ်အသုံးစရိတ် လိုအပ်ချက်အတွက် လူထုကို လည်ပင်းပြန်ညှစ်နေပါပြီ။
စစ်အုပ်စုရဲ့ နည်းမျိုးစုံ ဒုက္ခပေးမှုတွေကြောင့် ပြည်တွင်းမှာ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းဖို့ ရှိတာလေး ရောင်းချပေါင်းနှံ၊ တချို့ချေးငှားပြီး ပြည်ပမှာ အလုပ်သွားလုပ်ကြသူတွေကိုပါ စစ်အုပ်စုက လည်ပင်းလှမ်းညှစ်တာ ဖြစ်ပါတယ်။
ပြီးရင်တော့ အဲ့ဒီကရလာတဲ့ နိုင်ငံခြားငွေတွေနဲ့ စစ်လက်နက်ပစ္စည်း၊ နည်းပညာတွေ ဝယ်ယူပြီး ပြည်တွင်းနေ ပြည်သူတွေ၊ စစ်အာဏာသိမ်းမှုကို ခုခံတော်လှန်နေသူတွေကို တိုက်ခိုက်သတ်ဖြတ်ဖို့တွေမှာ စစ်ကောင်စီက ပြန်လည်အသုံးပြုမှာ ဖြစ်ပါတယ်။
အဲ့ဒီလို ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ဖို့ ကြိုးစားတယ်ဆိုတာ မှေးမှိန်သွားစေဖို့ အတွက် စစ်အုပ်စုဟာ အဲ့ဒီအခွန်ငွေတွေက နိုင်ငံအတွက် ဘယ်လိုအကျိုးပြုမယ် ဆိုတာမျိုးလည်း လိမ်လည်ဝါဒဖြန့်ပါလိမ့်မယ်။
အာဏာသိမ်းကာလအစောပိုင်းက “မိတ်ဆွေနိုင်ငံ အနည်းစုနဲ့လည်း ရပ်တည်နိုင်တယ်” လို့ စစ်ခေါင်းဆောင်တွေက ခပ်တင်းတင်းပြောနိုင်ခဲ့ပေမယ့် အခုတော့ အကျပ်ဆိုက်နေတာပါ။
နိုင်ငံတကာပိတ်ဆို့မှုတွေ ဆက်တိုက်ကြုံတွေ့ခဲ့ရသလို ငွေကြေးစီးဆင်းမှု တွေကလည်း တနေ့တခြား ပိတ်ဆို့ဖြတ်တောက်ခံရမှုတွေ ရှိလာပြီး နောက်ပိုင်းမှာတော့ ဒေါ်လာဂယက်ဟာ စစ်ဗိုလ်ချုပ်တွေကြား အချင်းချင်း ဖမ်းဆီးထိန်းသိမ်းမှုတွေ ဖြစ်လာရတဲ့အထိ ရိုက်ခတ်လာပါတော့တယ်။
ဒီလိုအကျပ်အတည်း တွေ့လာချိန်မှာ စစ်အုပ်စုဟာ သူတို့ ရန်သူလိုသဘောထားပြီး ဖမ်းဆီး၊ ညှင်းပန်းနှိပ်စက်၊ သတ်ဖြတ်နေတဲ့ လူထုဆီကပဲ နည်းအမျိုးမျိုးနဲ့ ခြိမ်းခြောက်လုယူဖို့ ကြိုးပမ်းလာတော့တာပါ။
စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ အချက်အလက်တွေအရ ၂၀၂၂ ခုနှစ်နှောင်းပိုင်းကနေ အခုနှစ်ဆန်းပိုင်းအထိ ခြောက်လအတွင်း ပြည်ပရောက် မြန်မာလုပ်သားတွေက ပြည်တွင်းကို တရားဝင် ပြန်လွှဲပို့ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံခွဲကျော် ရှိခဲ့ပါတယ်။
အဲ့ဒီပမာဏဟာ ထိုင်း၊ မလေးရှား၊ ဂျပန်နဲ့ စင်္ကာပူနိုင်ငံရောက် မြန်မာလုပ်သားတွေက ပြည်တွင်းက မိသားစုဆီ တရားဝင်လွှဲပို့တဲ့ ငွေကြေး ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်ကနေ ၂၀၂၂ခုနှစ် ဇူလိုင်လအထိ ခြောက်နှစ်အတွင်း မလေးရှား၊ ထိုင်း၊ စင်္ကာပူနဲ့ တခြားနိုင်ငံတွေကနေ မိသားစုဆီ တရားဝင် ပြန်လွှဲပို့ငွေ အမေရိကန်ဒေါ်လာ သန်း ၆,၁၀၀ကျော်(၆ ဘီလီယံကျော်) ရှိခဲ့တယ်လို့လည်း စစ်ကောင်စီက ဖော်ပြခဲ့ပါသေးတယ်။
အဲ့ဒီကာလတွေတုန်းက ၂၅ ရာခိုင်နှုန်းမဖြစ်မနေ ပြန်လွှဲပို့ပေးရမယ်ဆိုတဲ့ သတ်မှတ်ချက် မရှိသေးပါဘူး။ အခုအခါမှာတော့ လုပ်သားတွေရဲ့ လစာငွေ ၂၅ ရာခိုင်နှုန်း မဖြစ်မနေ လွှဲရမယ်ဆိုတဲ့ သတ်မှတ်ချက် ပါရှိလာတာကြောင့် အဲ့ဒီကဏ္ဍတခုတည်းကနေ နိုင်ငံခြားဝင်ငွေ ဘီလီယံ ရနိုင်မယ့် အလားအလာ ရှိနေပါတယ်။
ဒါ့အပြင် အခုတခါ နိုင်ငံခြားငွေနဲ့ပဲ ဝင်ငွေခွန်တွေ ထပ်ကောက်ဦးမယ် ဆိုတာကြောင့် ဒီကဏ္ဍကနေလည်း နောက်ထပ် ဒေါ်လာ ဘီလီယံချီ ထပ်ပြီးရှာဖွေနိုင်ဦးမယ့် အခြေအနေပါ။
ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် မှတ်တမ်းတွေအရ ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ငါးသန်း ရှိတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ သုံးသန်းလောက်က ထိုင်းနိုင်ငံမှာ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
ဒီလုပ်သားတွေအားလုံးကသာ စစ်ကောင်စီ အခုသတ်မှတ်လိုက်တဲ့အတိုင်း အခွန်ပေးဆောင်ကြမယ်ဆိုရင် ဒေါ်လာ ဘီလီယံချီ ဝင်ငွေတွေထပ်ရပြီး စစ်အုပ်စု လိုအပ်နေတဲ့ နိုင်ငံခြားငွေအသုံးစရိတ်ကို ဖြည့်တင်းပေးရာ ရောက်သွားပါလိမ့်မယ်။
ပြည်တွင်းနေလူထုဟာ စစ်အုပ်စုအတွက် ကျည်ဖိုးမဖြစ်စေဖို့ ဆိုပြီး ဖိအားပေး ခြိမ်းခြောက်မှုတွေကြားကနေ စစ်တပ်ထုတ်ကုန်တွေကို ဝယ်ယူသုံးစွဲတာမျိုး မလုပ်ဘဲ သပိတ်မှောက်ကြတာ၊ စစ်အုပ်စုနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို သပိတ်မှောက်တာမျိုးတွေ လုပ်ပြီးနိုင်သမျှ ဆန့်ကျင်နေကြပါတယ်။ မီတာခ မဆောင်ဘဲ မီတာပုံး အဖြုတ်ခံသူတွေလည်း ဒုနဲ့ဒေး ရှိနေပါတယ်။
အဲ့ဒီဆန့်ကျင်တော်လှန်မှုတွေဟာ ထိရောက်တဲ့ သက်ရောက်မှုတွေ ရှိနေတာကြောင့်ပဲ စစ်တပ်ထုတ်ကုန်တွေ တင်ရောင်းဖို့ သေနတ်ပြ ခြိမ်းခြောက် ဖိအားပေးတယ် ဆိုတဲ့သတင်းတွေ ထွက်လာတာပါ။
ပြည်ပရောက် ပြည်သူများအနေနဲ့လည်း စစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှု လုပ်ရပ်တွေကို အားပေးထောက်ခံရာ မရောက်စေဖို့အတွက် လစာငွေတွေ ပြန်လွှဲပို့တာ၊ အခွန်ပေးဆောင်တာတွေကို ရှောင်ကြဉ်ကြဖို့ လိုပါတယ်။
ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် အခွန်ယဉ်ကျေးမှု ပြုပြင်ပြောင်းလဲရေး တွေကြောင့် လူထုကြား အခွန်ဆိုင်ရာ အသိပညာတွေ ထိုက်သင့်သလောက် မြင့်တက်ခဲ့ပါတယ်။ ခီမောင်နှံလို စံပြအနေနဲ့ ရုပ်ရှင်ဇာတ်ကားအမြတ်ငွေကို အခွန်ပေးဆောင်ပြသူတွေလည်း ပေါ်ပေါက်ခဲ့သေးတယ်။
နိုင်ငံတိုးတက်ဖို့ စနစ်တွေ ပိုမိုကောင်းမွန်လာဖို့၊ အစိုးရရဲ့ လူထုဝန်ဆောင်မှု ကဏ္ဍတွေ ပိုပြီးအဆင်ပြေချောမွေ့လာဖို့ အတွက် အခွန်ယဉ်ကျေးမှု အားကောင်းဖို့ လိုပါတယ်။ ဒါပေမယ့် အဲ့ဒါဟာ လူထုကို အကျိုးပြုတဲ့ အစိုးရတွေနဲ့သာ ကိုက်ညီပါတယ်။
နိုင်ငံ့အာဏာကို မတရားရယူထားပြီး လူထုကိုနည်းမျိုးစုံနဲ့ ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေတဲ့ စစ်အုပ်စုအဖို့တော့ လူထုကပေးမယ့် အခွန်ငွေဟာ သူတို့ရဲ့ လူသတ်ပွဲတွေအတွက် အသုံးစရိတ်ပဲ ဖြစ်လာပါလိမ့်မယ်။