ရဲတပ်ဖွဲ့တွင် ရဲမေနှင့်အရာရှိများ ရာထူးတက်ရေးအတွက် အထက်အရာရှိကြီးတချို့နှင့် လူမှုရေး ဖောက်ပြန်မှုများ ဆက်လက် မြင့်တက်
■ ၅၉ နှစ်မြောက်ရဲတပ်ဖွဲ့နေ့ ရာထူးတိုးမည့် ရဲ အရာရှိ ၉၂ ဦးတွင် ရဲအကြီးအကဲ တချို့နှင့် လူမှုရေး ဖောက်ပြန်နေသည့်အမျိုးသမီးရဲအရာရှိတချို့ ပါဝင်နေ
ရန်ကုန်၊ စက်တင်ဘာ ၂၇
မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် အမျိုးသမီးရဲမေနှင့်အရာရှိများမှာ ရာထူးတက်ရေးအတွက် ၎င်းတို့ အထက်အရာရှိကြီးတချို့နှင့် လူမှုရေးဖောက်ပြန် ပတ်သက်ရမှုများ ဆက်လက်တွင်ကျယ်နေ ဆဲဖြစ် ပြီး ၅၉ နှစ်မြောက်ရဲတပ်ဖွဲ့နေ့ ရာထူးတိုးမည့် ရဲ အရာရှိ ၉၂ ဦးတွင် ရဲအကြီးအကဲတချို့နှင့် လူမှုရေးဖောက်ပြန်ပတ်သက်နေသည့်အမျိုးသမီးရဲအရာရှိတချို့ ပါဝင်နေကြောင်း ပြည်ထဲရေး သတင်းရင်းမြစ်က ပြောသည်။
အောက်တိုဘာလ ၁ ရက်နေ့ကျရောက်မည့် ၅၉ နှစ်မြောက် ရဲတပ်ဖွဲ့နေ့အတွက် ပြည်ထဲရေး ဝန်ကြီးဌာနက ရဲမှူး ၂ ဦး၊ ဒုရဲမှူး ၅ ဦး၊ ရဲအုပ် ၂၆ ဦး၊ ဒုရဲအုပ် ၅၄ ဦး၊ ရဲအရာခံ ၄ ဦး၊ ဦးစီးအရာရှိ ၁ ဦးစုစုပေါင်း ၉၂ ဦးတို့ကို ရာထူးပေးရန် အတွက် ဌာနတွင်း စိစစ်နေကြောင်း၊ ထိုသို့ ရာထူးပေးမည့် သူ ၉၂ ဦးတွင် ရဲအရာရှိကြီးတချို့နှင့် လူမှုရေး ဖောက်ပြန်ပတ်သက်၍ တစ်စုံတစ်ရာ လုပ်ဆောင် ချက်မရှိဘဲ အထက်အရာရှိ၏ ထောက်ခံချက်ဖြင့် ရာထူးတက် မည့် အမျိုးသမီးရဲအရာရှိတချို့ ပါဝင်နေကြောင်း သိရှိရသည်။
“ရာထူးတိုးမယ့်သူတွေထဲမှာ ရာထူးတိုးပေးတဲ့ အကြောင်းအရာ ၂ ခုရှိတယ်။ အဲဒီမှာ လူကြီးရဲ့ PSO ဖြစ်တာ၊ အထက်အရာရှိရဲ့ ထောက်ခံချက် ရာထူးတိုးမယ့်သူတွေပါတယ်။ ဦး၊ ရေး ၊ ထောက်၊ မဥန ၊ ထူး ၊ ရလနနဲ့ ဒုရဲချုပ်ရုံးအဖွဲ့က ဆိုတာတွေ ပါတယ်။ အဲဒီလူတွေက လူကြီးဘောမတွေ။ တချို့ဆို လူကြီးတွေရဲ့ PSO တွေ၊ ရုံးအဖွဲ့၊ ယာဥ်မောင်းတွေပါပါတယ်။ ရာထူးတိုးပါနေတဲ့ တချို့ ရဲမေ အရာရှိလေးတွေကတော့ သိတဲ့အတိုင်း အထက်လူကြီးတွေရဲ့ စိတ်တိုင်းကျ ပြုမူ နေထိုင် ပေးတဲ့ အတွက် လူမှုရေး ပတ်သက်မှုတွေနဲ့ ဖောက်ပြန်မှုတွေကြောင့် ရာထူးတက်ကြမှာတွေ” ဟု ပြည်ထဲရေး သတင်းရင်းမြစ်က ဆိုသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ရုပ်ရည် အသင့်အတင့်ရှိသော အမျိုးသမီးရဲမေနှင့် အရာရှိငယ်များကို ထိပ်ပိုင်း ရဲအရာရှိကြီးများက ရုံးပိုင်းဆိုင်ရာ အနားခေါ်ယူ၍ ရာထူးတိုးရေး၊ လာဘ်ပေးလာဘ်ယူ အကြီးအကျယ် လုပ်နိုင်သည့် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး ဌာနကဲ့သို့ နေရာကောင်း ရရှိရေး အတွက် လူမှုရေးအရ ပတ်သက်ကာ အမျိုးသမီးရဲမေနှင့်အရာရှိငယ်များ လိုချင်သည့် ရာထူးတိုး၊ နေရာကောင်းပြောင်းရွှေ့ရေး အဆိုပါ အထက်ရဲအရာရှိက ထောက်ခံ ချက်ပေး လုပ်ဆောင်ပေးကြောင်း သိရှိရသည်။
“ရဲထဲမှာလည်း အမျိုးသမီးရဲမေတွေအပေါ် လိင်ပိုင်းဆိုင်ရာ အသုံးချတဲ့ အဲဒီလို ဖြစ်ရပ်မျိုးက အလေ့အထလိုဖြစ်နေပြီ။ ပုံစံနှစ်မျိုးရှိတယ်။ ပုံစံတစ်မျိုးက ကိုယ်ရာထူးတက်ရေး နေရာ ကောင်းရ ရေးအတွက် အထက်လူကြီးဆီမှာ သူပြုသမျှ သွားခံကြတာ ။ အဲဒါက တစ်မျိုး။ နောက်တစ်မျိုး ကတော့ အထက်ရဲအရာရှိတွေက ကြည့်ပျော်ရှုပျော် ရှိတဲ့အမျိုးသမီးရဲမေတွေနဲ့ အရာရှိငယ်တွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာ။ အဲဒီလို Case တွေမှာ လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ ရာထူးကြီး အထက်လူကြီးကို ပြန်မပြောရဲဘဲ ကြိတ်ပြီး ခံရတာမျိုးတွေရှိတယ်” ဟု ရန်ကုန်မြို့အခြေစိုက် တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောဆိုသည်။
၂၀၂၀ ခုနှစ်၊ ဇွန်လတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲရာထူးခန့်ချုပ် ရဲမှူးချုပ် ဇော်မိုးသန်းက အမျိုးသမီး ရဲမေ ၁၈ ဦး ဝန်းကျင်ကို လိင်ပိုင်းဆိုင်ရာ စော်ကား ထိပါးမှုများ လုပ်ဆောင်ခဲ့သဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရသော်လည်း စစ်ကောင်စီအာဏာသိမ်းပြီးချိန်တွင် အထက်အရာရှိ များက အမျိုးသမီးရဲမေနှင့် အရာရှိများအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်နှင့် စော်ကားမှုများ ဆက်လက် မြင့်တက်လာနေကြောင်း သိရှိရသည်။
ထောင်ဒဏ် ၃ နှစ်ချခံခဲ့ရသော ရဲမှူးချုပ် ဇော်မိုးသန်း၏ ရဲမေ ၁၈ ဦးအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု လုပ်ရပ်သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွင်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု တွင်ကျယ်နေကြောင်း ဖော်ထုတ်ပြသနိုင်ခဲ့သည့် စံပြ ဖြစ်စဉ် တစ်ခုအဖြစ် ပြည်သူများအကြား ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့သည်။
(၅၉ နှစ်မြောက် ရဲတပ်ဖွဲ့နေ့ ဖြစ်သော အောက်တိုဘာလ ၁ ရက်နေ့ ရာထူးတိုးမည့် ရဲအရာရှိ ၉၂ ဦး၏ စာရင်းကို ရန်ကုန်ခေတ်သစ်က ရရှိထားပြီး မကြာမီ အသေးစိတ်ထုတ်ပြန်မည်ဖြစ်ပါသည်။)