သွေးစွန်းခွန် သို့မဟုတ် စစ်ကောင်စီကို သက်ဆိုးရှည်စေမယ့် ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ ဝင်ငွေခွန်
By လမ်းသစ်
အာဏာသိမ်း စစ်ကောင်စီကို မုန်းတီးမနှစ်မြို့မှုတွေကြောင့် ပြည်တွင်းမှာ တော်လှန်ရေး ဆင်နွှဲနေကြသူတွေ ရှိသလို သူတို့လက်အောက်မှာ မနေဘူးဆိုပြီး ပြည်ပနိုင်ငံတွေကို ထွက်ခွာသွားသူတွေလည်း ရှိပါတယ်။
အကြမ်းဖက်စစ်တပ်ကတော့ အကြမ်းဖက် စစ်တပ်ဆိုတဲ့အတိုင်း ပြည်တွင်းက လူတွေရဲ့ အသက်အိုးအိမ်တွေကို သတ်ဖြတ်ဖျက်ဆီးနေသလို ပြည်ပထွက်ခွာသွားသူတွေကိုလည်း ဒုက္ခပေးဖို့ ကြံစည်နေပါတယ်။
ပြည်ပရောက်နေတယ်ဆိုပြီး မြန်မာ့နိုင်ငံရေးကို ကိုယ်နဲ့မဆိုင်ဘူးလို့ နေလို့မရလောက်အောင် စစ်ကောင်စီက လိုက်ပြီး ဖိနှိပ်နေပါပြီ။ အောက်တိုဘာ ၁ ရက်ကစပြီး ပြည်ပရောက် နိုင်ငံသားတွေရဲ့ လစာအပေါ် ဝင်ငွေခွန်ကောက်မယ်လို့ စစ်အုပ်စုက ကြေညာလိုက်ပါတယ်။
ဒီလို အခွန်ကောက်မယ်ဆိုရင် ပြည်ပရောက် နိုင်ငံသားတွေဟာ နှစ်ထပ်ကွမ်း အခွန်ဆောင်ရမှာ ဖြစ်ပါတယ်။
အရင်စစ်အစိုးရတွေတုန်းကလည်း နှစ်ထပ်ကွမ်း အခွန်ကောက်ခဲ့ပေမယ့် ပြုပြင်ပြောင်းလဲမှုတချို့ စတင်ခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဦးသိန်းစိန်အစိုးရ လက်ထက်မှာတော့ ပြည်ပရောက်နိုင်ငံသားတွေကို အခွန်ကင်းလွတ်ခွင့်ပေးပြီး ကျန်တဲ့ ဝင်ငွေအမျိုးအစားတွေကိုသာ ၁ဝ ရာခိုင်နှုန်း ကောက်ခံခဲ့တာပါ။
အခုတော့ မင်းအောင်လှိုင်တို့ စစ်အုပ်စုဟာ သူတို့ရဲ့ အာဏာရှင် ဘိုးအေကြီးတွေ လက်ထက်က အခြေအနေကို ပြန်ပြီး အသက်သွင်းနေပါတယ်။
ဒေါ်လာစစ်တလင်းမှာ စတင်ရှုံးနိမ့်လာနေတဲ့ စစ်အုပ်စုဟာ နိုင်ငံခြားငွေ အသည်းအသန် လိုအပ်နေတာပါ။ ဒါကြောင့်ပဲ အခွန်ကောက်တဲ့ နေရာမှာလည်း ပြည်ပရောက် မြန်မာအလုပ်သမားတွေအဖို့ ရောက်ရှိရာ နိုင်ငံအတွက်ရော၊ မြန်မာနိုင်ငံအတွက်ပါ အခွန်နှစ်ခါ ပေးဆောင်ရမယ် ဆိုတဲ့ အခွန်ဥပဒေကို ပြန်လည်ပြင်ဆင်ပြဌါန်းပြီး ပြည်ပရောက် ပြည်သူတွေရဲ့ လည်ပင်းကို ညစ်လိုက်တာလည်း ဖြစ်ပါတယ်။
တကယ်တော့ ရွှေ့ပြောင်း မြန်မာလုပ်သားတွေအတွက် အခွန်နှစ်ခါ မကျသင့်စေရေး စာချုပ်ကို မြန်မာနိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ နိုင်ငံ ၈ ခုထိ ရှိပါတယ်။ သူတို့က ဗြိတိန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ စင်ကာပူနဲ့ မလေးရှားတို့ ဖြစ်ပါတယ်။ အခု ပြောင်းလဲလိုက်တဲ့ အခွန်စနစ်အရ နှစ်ထပ်ကွမ်းဆောင်ရမယ့် ဝင်ငွေခွန်အတွက် စစ်ကောင်စီဟာ အဲဒီနိုင်ငံတွေနဲ့ ဘယ်လိုညှိနှိုင်းဆောင်ရွက်ထားလဲ ဆိုတာကိုတော့ ထုတ်မပြောသေးပါဘူး။
အခွန်ဆောင်တဲ့နေရာမှာ နည်းလမ်း ၂ မျိုးရှိတယ်လို့ သိရပါတယ်။ အခွန်ထမ်းဟာ သူနဲ့အတူနေ မိဘ၊ အိမ်ထောင်ဖက်၊ သားသမီးတွေအတွက် နုတ်ပယ်ပြီး ကျန်တဲ့ငွေပေါ်မှာ အခွန်ပေးဆောင်ရတာနဲ့ နောက်တစ်ခုကတော့ ဒီလိုသက်သာခွင့်တွေကို နုတ်ပယ်မပေးဘဲ ၂ % အခွန်ပေးဆောင်စေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဘယ်နည်းလမ်းကိုပဲရွေးရွေး စစ်ကောင်စီ သတ်မှတ်လိုက်တဲ့ အခွန်တွေကို ဆောင်မယ်ဆိုရင်တော့ ရောက်ရှိနေထိုင် လုပ်ကိုင်ရာနိုင်ငံကနေ ရတဲ့ နိုင်ငံခြားငွေကြေးနဲ့ပဲ ပေးဆောင်ရမှာပါ။ ဒါကြောင့် ဒီတစ်ကျော့ပြန် အခွန်ကောက်ခံမှုကို ပြည်ပရောက် မြန်မာတွေ မကျေနပ်ကြပါဘူး။ ဒီအတွက်လည်း ပြည်ပမှာ ဆန္ဒပြမှုတွေ ရှိနေပါတယ်။
ရှင်းရှင်းပြောရရင်တော့ အခွန်ကောက်သူဟာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ ဖြစ်နေတဲ့အတွက် ပြည်တွင်းပြည်ပ မြန်မာတွေဟာ အခွန် မဆောင်ချင်ကြတာပါ။ ဒါကြောင့်လည်း ဒီဥပဒေ ပြဌာန်းချက်အပေါ်မှာ စိတ်ပျက်ဒေါသထွက်နေကြတာပါ။
စစ်ကောင်စီဟာ သူတို့နဲ့ဆန့်ကျင်ဘက် တော်လှန်ရေးအင်အားစုတွေကို ဖိနှိပ်ဖို့ စစ်ရေးအသုံးစရိတ်တွေကို အမြင့်ဆုံး သုံးစွဲနေရတာပါ။ ဒီကြားထဲ နိုင်ငံတကာ အရေးယူပိတ်ဆို့မှုတွေလည်း ရှိနေတာကြောင့် ဘဏ္ဍာရေးလိုအပ်ချက်အတွက် ပြည်သူတွေကို သေနတ်နဲ့ထောက် လည်ပင်းညှစ်ပြီး ဓားပြတိုက်နေတာ ဖြစ်ပါတယ်။
လစဉ် ဝင်ငွေခွန် မပေးဆောင်ဘူးဆိုရင် ပြည်ပထွက်ခွာခွင့် ၃နှစ် ပိတ်မယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
မြန်မာနိုင်ငံသားတွေက အခု မပေးဆောင်ဘူး ဆိုရင်တောင် တချိန်ချိန် passport သက်တမ်းတိုးရတဲ့အခါမျိုးမှာ ဒီအခွန်တွေကို ပြန်လည်ပေးဆောင်ရမယ့် အခြေအနေ ဖြစ်နေပါတယ်။
စစ်ကောင်စီအနေနဲ့ ပြည်ပရောက်နေတဲ့ ကိုယ့်နိုင်ငံသားတွေအတွက် ဘယ်လိုအကာအကွယ်မျိုးမှ လုပ်ဆောင် မပေးပေမယ့်၊ နိုင်ငံသားတွေဆီက ဓားပြတိုက်ဖို့ဆိုရင်တော့ ထိပ်ဆုံးက ရှိနေပါတယ်။
အကောက်ခွန်ဥပဒေ မပြင်ဆင်ခင် စက်တင်ဘာလ အစကတည်းက ပြည်ပမှာ အလုပ်လုပ်မယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းက သူတို့သတ်မှတ်ထားတဲ့ ဘဏ်တွေဆီ လွှဲရမယ်လို့ စစ်အုပ်စုက ကြေညာခဲ့ပါသေးတယ်။
ပြည်ပမှာ အလုပ်လုပ်သူဟာ စစ်ကောင်စီက သတ်မှတ်ထားတဲ့ဘဏ်မှာ မိသားစုဝင်တစ်ယောက်ရဲ့ နာမည်နဲ့ ဘဏ်အကောင့်ဖွင့်ပြီး အဲ့ဒီကနေ လစာရဲ့ ၂၅ % ကို မဖြစ်မနေ လွှဲရမယ်လို့ ပြောထားတာပါ။ လစဉ် သို့မဟုတ် ၃လ တစ်ကြိမ် ပေါင်းလွှဲရမှာဖြစ်ပြီး မလိုက်နာရင် ပြည်ပထွက်ခွာခွင့် ၃ နှစ် ပိတ်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။
ပြည်တွင်းမှာ အဆင်မပြေလို့ ပြည်ပကို ခက်ခက်ခဲခဲ သွားရောက် လုပ်ကိုင်သူတွေအဖို့ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို သူတို့ သတ်မှတ်တဲ့ ငွေလဲနှုန်းနဲ့ ပြန်လွှဲရမယ့်အပြင် နှစ်ထပ်ကွမ်း အခွန်ကောက်ခံမှုကိုပါ ရင်ဆိုင်ရမယ်ဆိုတော့ ဘာကျန်တော့မှာပါလဲ။ ပြည်သူအများစုဟာ ပြည်ပကို အရဲစွန့်ထွက်ခွာပြီး ပင်ပင်ပန်းပန်း အလုပ်တွေ လုပ်ရပြီး ဒီဝင်ငွေခွန်တွေကိုသာ ဆောင်ရမယ် ဆိုရင်တော့ လုပ်မောကြီး ဖြစ်နေမှာ မဟုတ်ဘူးလား။
ပြည်ပရောက် မြန်မာနိုင်ငံသားအရေအတွက်ဟာ ၆ သန်းနီးပါး ရှိနေပါတယ်။ ဒီလူတွေရဲ့ ဝင်ငွေခွန်များစွာ စစ်ကောင်စီထံ ရောက်သွားမယ်ဆိုရင် ပြည်တွင်းမှာ ဖိနှိပ်သတ်ဖြတ်ခံရမှုတွေ ပိုများလာမှာပါ။ တချို့ကတော့ စစ်ကောင်စီ ကောက်ခံတဲ့အခွန်ကို သွေးစွန်းခွန် လို့ ခေါ်နေကြပါတယ်။
မြန်မာပြည်ကို အာဏာသိမ်းစစ်ကောင်စီ အုပ်ချုပ်နေသရွေ့တော့ မြန်မာနိုင်ငံသားမှန်ရင် ပြည်တွင်းမှာပဲနေနေ ပြည်ပကိုပဲရောက်ရောက် လွတ်မြောက်မှာ မဟုတ်ပါဘူး။ နိုင်ငံသားတိုင်း နိုင်ငံရေးက ငါနဲ့မဆိုင်ဘူးဆိုပြီး ဝင်္ဂဘာထဲမှာ ရှောင်ပြေးနေလို့ မရဘူးဆိုတာကို စစ်ကောင်စီက ယုတ်မာမှုတွေနဲ့ သက်သေပြနေတာပါ။
တကဘ်တော့ စစ်အာဏာရှင်တွေဟာ သူတို့ သက်ဆိုးရှည်ရေးအတွက် ဝင်ငွေလမ်းကြောင်း မှန်သမျှကို ရတဲ့နည်းနဲ့ လိုက်နှိုက်နေတာပါ။ ဒါကြောင့် ပြည်ပရောက် ပြည်သူများအနေနဲ့လည်း စစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်တဲ့ လုပ်ရပ်တွေကို အားပေးထောက်ခံရာ မရောက်စေဖို့အတွက် မိမိတို့ရဲ့ ချွေးနှဲစာ လစာငွေတွေ ပြန်လွှဲပို့တာ၊ အခွန်ပေးဆောင်တာတွေကို ရှောင်ကြဉ်ကြဖို့ လိုပါတယ်။
အချုပ်အားဖြင့် နိုင်ငံ့အာဏာကို မတရားရယူထားပြီး လူထုကိုနည်းမျိုးစုံနဲ့ ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေတဲ့ စစ်အုပ်စုကို ပေးမယ့်အခွန်ငွေဟာ ပြည်သူကို ပြန်သတ်တဲ့ လူသတ်ပွဲတွေမှာ အသုံးပြုမယ့် သွေးစွန်းအခွန် သာ ဖြစ်လာပါလိမ့်မယ်။