ဒီပဲယင်းမြို့နယ်အတွင်း ပြည်သူ ၁၅၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပြီး အရေးပေါ် စားနိပ်ရိက္ခာများ လိုအပ်နေ
ရန်ကုန်၊ အောက်တိုဘာ ၁
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း ပြည်သူ ၁၅၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပြီး အရေးပေါ် စားနိပ်ရိက္ခာများ လိုအပ်နေကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များ တာဝန်ခံ ကိုကြီးဖြိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂၇ ရက်နေ့က စတင်ကာ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေသောကြောင့် ပြည်သူ ၁၅၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိချိန် အထိ နေရပ်မပြန်နိုင်သေးဘဲ အရေးပေါ် စားနိပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရသည်။
လက်ရှိချိန်အထိ ဒီပဲယင်းမြို့နယ်အတွင်းရှိ ယင်းတွေ ၊ ပုဂံရွာ၊ လက်တီးရွာ၊ ခွန်းတောင်းရွာ ၊ ကံပြားရွာ ၊ အောင်ချမ်းသာရွာ ၊ ဝပါရွာ ၊ သပြေသာရွာ၊ မှန်သာရွာ ၊ ငြိမ်းချမ်းရွာသစ် ၊ အင်းတန်းရွာ ၊ တောကျောင်းရွာ ၊ မဲသည်ရွာ တို့အပြင် စစ်ကြောင်း ထိုးရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများလည်း ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
” စစ်ရှောင်တွေ ရိက္ခာအကူညီလိုအပ်နေပြီး ၂၇ ရက်နေ့ကနေ ဒီနေ့ အထိ ဆိုတော့ ချက်ပြုတ်ကျွေးမွေးတဲ့ ရွာတွေလည်း အခက်ကြုံနေရပါတယ်။ မနေ့က ကျေးရွာများအပြင် ယခု ကြည်ကျေးရွာ ဘုရားထွက်ကျေးရွာ များပါ တိမ်းရှောင်နေရတာမို့ စစ်ရှောင်အင်အား တိုးလာတယ်” ဟု ဒီပဲယင်းမြို့နယ် ညီနောင်များ တာဝန်ခံ ကိုကြီးဖြိုးကပြောဆိုသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်တီးကျေးရွာကို ဝင်ရောက် စီးနင်းစဥ် မှန်သာကျေးရွာသား ကိုနိုင်လင်း (လူလတ်ပိုင်း) ကို ဦးခေါင်း ၊ ခြေတောက် နှင့် လက် တို့ကို ဖြတ်တောက်ကာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း ၊ ထို့ပြင် ဦးငမြ နှင့် ကိုကျော်နိုင် တို့ ၂ ဦးကိုလည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဖမ်းဆီးသွားပြီး ကျေးရွာရှိ ထရမ်စဖော်မာ ပုံးကိုလည်း သေနတ်ဖြင့် ပစ်ဖောက် ဖျက်ဆီးသွားကြောင်း သိရသည်။
စစ်ဘေးရှောင် ပြည်သူများကို လှူဒါန်းလိုသော ပြည်သူများ အနေဖြင့် ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့၏ Facebook Page ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။
